ဝန်း တို့မှာထားတဲ့ အစားအစာတွေသာ မက ခေါပုပ်ကြော် ၊ ငါးထမင်းနယ် ၊ ဟင်းထုပ် ၊ ထမင်းဝါ ၊ ဝက်သားချဥ် ၊ အမဲချဥ် စသည့် ဒေသအစားအစာတွေကိုပါ တည်ခင်းပေးသည်။ ထိုအစားအစာတွေရဲ့ တွဲဖက် ဆီချက်မွှေးမွှေးလေးရယ် ၊ ဂျူးမြစ် ရယ် ၊ ဝက်ခေါက်ရယ်၊  ရှမ်းမုန့်ညှင်းချဥ် တွေက မပါမဖြစ်ပေါ့။ အကုန်လုံးကို ကုန်အောင် မစားနိုင်ပေမယ့် အမျိုးစုံအောင်တော့ ဟိုနည်းနည်း ဒီနည်းနည်း ယူစားမိသည်။ ဗိုက်ပြည့်နေသော်လည်း စားချင်စိတ်က တဖွဖွ ။ ရှမ်းအစားအစာတွေရဲ့ အရသာက ပြောမပြတတ်အောင်ပင်။ အစ်ကို လုပ်ကျွေးတဲ့ ရှမ်းစာလေးတွေက စားလို့ အကောင်းဆုံးနဲ့ အရသာအရှိဆုံးပေါ့လေ ။ အစ်ကိုရော အစ်ကို့ဇာတိလေးကို လွမ်းနေမှာပဲနော်။

တစ်လုတ်ပြီးတစ်လုတ် ခေါင်းမဖော်တမ်း မြိန်မြိန်မြိုင်မြိုင် စားနေတဲ့ လွှားကို ကြည့်မိတော့ ဝန်း ပြုံးမိသည်။

"  စားရတာ အဆင်ပြေလား လွှား "

လွှား ပါးစပ်​သေး​သေး​လေးက အစားကိုသာ ဦးစားပေးထားတာမို့ နှုတ်ခမ်းဖျားက စကားပြောဖို့ရာ မလွယ်ကူတော့ ခေါင်း တဆတ်ဆတ်ငြိမ့်ပြကာ လက်မလေး ထောင်ပြသည်။လောဘတကြီး စားနေတာကြောင့် ပါးမို့မို့လေးက ဖောင်းတက်နေသည်မှာ ချစ်စရာ ။

"ဖြေးဖြေးစား ရေနွေကြမ်းလေး သောက်ဦး လွှား စားပြီးမှ သွားမှာ "

လက်ဖက်ခြောက်အနံ့လေး သင်းနေတဲ့ ရေနွေးကြမ်း တစ်ခွက် ငှဲ့ကာ ပေးတော့ ဟီး ခနဲ ရယ်ပြကာ တဖူးဖူး မှုတ်သောက်သည်။

အမှန်တော့ ဒေသစျေးထဲက ရှမ်းအစားအစာ ဆိုင်လေးတွေမှာ ထိုင်ပြီး စားရင် ပိုပြီး အရသာရှိသည်။ အစ်ကို နဲ့သာဆိုရင် နှစ်ဦးသား စျေးပတ်ပြီး လျှောက်စားကြမှာ မလွဲပေ။

ကလော ကနေ အောင်ပန်း ကို ကူးတဲ့ ခရီးတိုလေးဟာ အချိန်ခဏတာလေး ဆိုပေမယ့် လမ်းတလျှောက် မြင်ကွင်းတွေက ရှုမဝမို့ ​ဘေးက လွှားပေါက် တစ်ယောက်က တငေးငေးမောမော နဲ့ လိုက်ပါလာသည်။ သိပ်ကိုလှလွန်းတဲ့ပန်းရောင်ဖွင့်ဖတ်လေးတွေနဲ့ ဝေဆာနေတဲ့ ချယ်ရီပင်တန်းကြီးကို မြင်တော့ ဖုန်းကင်မရာကို ဖွင့်ပြီး မရမက မှတ်တမ်းယူသေးတာ။

When You Find Lost Love AgainWhere stories live. Discover now