' မင်းဦးလေး ငါ့ကိုဘာပြောသေးလဲ '
ကျောင်းရောက်ရောက်ချင်းမှာ လွယ်အိတ်တောင်မချနိုင်။
မနေ့ကအဖြစ်အပျက်ကြောင့် အားနာစိတ်တစ်ဝက်၊ ရှက်စိတ်တစ်ဝက်ဖြင့် Jiwon ကိုမေးလိုက်သည်။
' ဘာပြောရမှာလဲ၊ လေးလေးက တစ်နေကုန်နေလို့ စကားတစ်ခွန်းပြောတဲ့သူမှ မဟုတ်တာ '
Jiwon ကပေါ့ပေါ့ပါးပါးပြောနိုင်ပေမဲ့ Baekhyun ရင်ထဲကလေးလံမှုတွေက ပပျောက်မသွား။
' အများကြီးမတွေးနဲ့၊ ငါ့လေးလေးက ဘယ်သူ့အကြောင်းမှ ခေါင်းလေးခံပြီး တရေးတယူထည့်မနေဘူး၊ အလုပ်ကိစ္စကလွဲရင်၊ အေးဆေးပေါ့ '
အချိုရည်ပိုက်ကို အသံမြည်တဲ့အထိ တပြွတ်ပြွတ်စုပ်ကာ သောက်နေတဲ့ Jiwon မျက်နှာက လိမ်ပြောနေသည့်ပုံမပေါ်။
' ညနေကျရင် ငါ စာကြည့်တိုက်မှာ သန့်ရှင်းရေးသွားလုပ်ရမယ်သိလား၊ English ဆရာ ငါ့ကိုအသေခိုင်းနေတာကွာ၊ သူသင်တဲ့ဘာသာရပ်ကို Assignment တစ်ခုလေးလွတ်ရုံလေးကို ဘယ်ဘဝကအငြိုးတွေနဲ့များ စွတ်ခိုင်းနေလဲမသိဘူး '
ခဏနေတော့ အတန်းပိုင်ဆရာ ဝင်လာတာကြောင့် သူတို့စကားစပြတ်သွားတော့သည်။
...
ကားအနက်ရောင်တစ်စီးကိုမှီကာ ဟန်ကျပန်ကျရပ်နေသည့် အမျိုးသားတစ်ယောက်ကို Baekhyun မြင်ဖူးတယ်ဆိုပြီး ကြည့်နေရင်းမှ Jiwon ရဲ့ဦးလေးမှန်း သတိရသွားတော့သည်။
အပြာရောင်အစင်းကြောင်းတွေပါတဲ့ရှပ်ကို လက်ခေါက်ကာဝတ်ထားတာကြောင့် မသိရင်ဆယ်ကျော်သက်လေးအတိုင်း ။
' Jiwon ဆိုတဲ့ကောင်က ရုပ်ကြမ်းသလောက် သူ့ဦးလေးကတော့ ခန့်ချောနေသလိုပဲ '
သူငယ်ချင်းဖြစ်သူကို အပီအပြင်ဖဲ့ပြီး သကာလမှာဆိုရင်ဖြင့် Baekhyunက ပွယောင်းနေသည့် ဆံပင်တွေကို အမြန်သပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ မျက်နှာပေါ်မှာ မှင်တွေ၊ မုန့်တွေများ ကပ်နေသလားလို့လည်း ကြည့်လိုက်သည်။ ဘာမှမရှိတာသေချာတော့မှ လက်ပိုက်ကာရပ်နေသည့် ထိုလူကြီးရဲ့အနားကို တရွေ့ရွေ့သွားလိုက်တော့သည်။