သို့သော် အံ့သြစရာအကောင်းဆုံးအပိုင်းမှာ ၎င်းမဟုတ်သေးပေ၊ ယူရှောင်မို၏ ရွှေရောင်စွမ်းအင်လုံးလေးသည် ၎င်း၏စွမ်းအားတစ်ဝက်ကိုသာ အသုံးပြုလိုက်ပုံရပြီး အလုံးစုံပျောက်ကွယ်မသွားပါဘဲ အနည်းငယ်ပိုသေးသောအရွယ်အစားသို့သာ ပြောင်းလဲဖွဲ့စည်းလိုက်ကာ တစ်ဖက်လူငယ်ရှိရာဆီသို့ ဆက်လက်ပျံထွက်သွားလေသည် ။

သို့သော် ကံကောင်းထောက်မစွာပင် ဘေး၌စောင့်ကြပ်ပေးနေသော အကြီးအကဲထန်းမှ  ပြေးဝင်လာကာ တစ်ဖက်လူငယ်အား ဘေးလွတ်ရာသို့ အလျင်အမြန် ဆွဲချလိုက်လေ၏ ။

ရွှေရောင်စွမ်းအင်လုံးလေးသည်လည်း မြေပြင်သို့ထိခတ်သွားပြီး ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေကာ ချိုင့်တွင်းနက်ကြီးတစ်ခုအား ဖန်တီးလိုက်လေ၏၊ ကျောက်ဖျာစင်မြင့်၏ တစ်ဝက်ခန့်သည်လည်း သုံးမရအောင် စုတ်ပြတ်သတ်သွားလေသည် ။

ချိုင့်တွင်းနက်နှင့် ခပ်လှမ်းလှမ်းတွင်တော့ တစ်ဖက်လူငယ်ခမျာ မြေပြင်ပေါ် ထိုင်လျက်သားလဲကျနေပြီး မျက်နှာတစ်ပြင်လုံးလည်း ဖြူစုပ်ကာ တုန်လှုပ်ခြောက်ခြားလျက်ရှိသည်၊ အကြီးအကဲထန်းကြောင့်သာမဟုတ်ပါက သူထိုနေရာတွင် ဘဝကူးသွားနိုင်လောက်သည်လေ ။

ယူရှောင်မိုလည်း အနည်းငယ်အံ့အားသင့်ကာ မြေပြင်ပေါ်ရှိ ချိုင့်တွင်းနက်အား တိတ်တဆိတ် အကဲခတ်နေမိသည်၊ လွန်ခဲ့သည့်နှစ်ရက် အရည်အချင်းစစ်ပွဲကျင်းပစဉ်ကပင် ချိုင်ကျန်းအပေါ် ဤတိုက်ကွက်သုံး၍ တိုက်ခိုက်ခဲ့ဖူးပါသော်လည်း ဤသို့မဖြစ်ပွားခဲ့ကြောင်း သေသေချာချာပင် မှတ်မိနေသည် ။

ဖြစ်နိုင်သည်မှာ တစ်ဖက်လူငယ်သည် ချိုင်ကျန်းထက်အဆင့်ပိုမြင့်သည် မှန်သော်လည်း   မိသားစုနောက်ခံကောင်းမရှိသဖြင့်  ၎င်းကဲ့သို့ တိုက်ခိုက်ရေးနည်းစနစ်ကောင်းများအား လေ့လာခဲ့ရဟန်မတူပေ ။



အကြီးအကဲချန်သည် ချိုင့်တွင်းနက်ကြီးကိုတစ်လှည့် ယူရှောင်မိုကိုတစ်လှည့် ကြည့်နေမိသည်၊ ထို့အပြင် ၎င်းကျောင်းသားသစ်သည် ပြိုင်ဖက်အား တိုက်ကွက်နှစ်ကွက်နှင့်ပင် အနိုင်ယူနိုင်ခဲ့၏၊ ယခုနှစ် ကျောင်းသားသစ်များသည် အံ့အားသင့်စရာကောင်းလောက်အောင် ထူးချွန်ထက်မြက်ကြပေသည် ။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now