"မသိဘူး...ကိုယ့်ဘာသာစားချင်တာစား"

"ကိုယ် ရှမ်းစားချင်တယ် တိုဟူးနွေးနဲ့။ဘယ်ဆိုင်မှာစားရမလဲပြောပေး..."

"တိုဟူးနွေးနဲ့ဆို ဒီနားမှာ ကောင်းတဲ့ဆိုင်ရှိတယ်...အဲ့ဆိုင်ကပဲစားလိုက်တော့"

အစားအသောက်ဆိုတာနှင့် မဆိုင်းမတွပြန်ဖြေသည်မို့ သူက ထိုမျက်နှာလေးကို ချစ်ခင်စွာကြည့်လိုက်မိရင်း

"ကိုယ်က ဆိုင်လိပ်စာမသိဘူးလေ..."

"ကျွန်မ ပြောပြတဲ့အတိုင်းမောင်း..."

သူမပြောသည့်အတိုင်းသွားပြီး ဆိုင်ကိုရောက်လျှင် ဟင်းရည်နှင့်အချဉ်ပန်းကန်တို့ကို လာချပေးသောအန်တီကြီးက သူမကိုရင်းနှီးစွာပြောလာသည်။

"သမီးလေး ထုံးစံအတိုင်းပဲမို့လား...။စားနေကျအတိုင်း ပြင်ပြီးပြီနော်...။နောက်တစ်ပွဲကရော ဘယ်လိုစားမလဲ..."

သူမက တားမလို့လုပ်ပေမဲ့ မမီတော့ပြီမို့

"နောက်တစ်ပွဲကလဲ အတူတူပဲအန်တီ။သမီးဟာက ပြင်ပြီးသွားပြီပေါ့ ..."

"ဟုတ်တယ် သမီး...။အခုပဲလာချပေးမယ်နော်..."

မတတ်နိုင်တော့။စားရတော့မည်မို့ တူကိုဖောက်နေလျှင် သူက

"စားနိုင်သေးရဲ့လား..."

"ကျွန်မက မနက်စာကို ခါတိုင်းလဲအများကြီးစားတယ်..."

"အဟွန်း...ကောင်းတာပေါ့။ကိုယ်က အတူတူစားချင်နေတာ အခုတော့စားရပြီပဲ..."

မုန့်ပွဲတွေရောက်လာသောအခါမှာတော့ သူမက ထုံးစံအတိုင်း အပိုစကားမပြောတော့ဘဲ အစားကိုသာအာရုံစိုက်စားနေစဉ်

"အီကြာကွေးက ဘာလို့ချပေးတာလဲဟင်..."

"အတူတူထည့်စားရတာ စားကြည့်..."

သူက သူမပြောသည့်အတိုင်းထည့်စားကာ အကြိုက်တွေ့သွားသောပုံစံဖြင့် ကောင်းကောင်းစားနေသည်။စားသောက်ပြီးပြန်ထွက်လာလျှင် ကားပေါ်ရောက်တော့ သူက ဘူးတစ်ဘူးကိုလှမ်းပေးလာရင်း

"ကိုယ် ဟိုနေ့ကဝယ်တဲ့ဆိုင်ကနေ ကော်ဖီဝယ်လာခဲ့တယ်..."

ကြည့်လိုက်လျှင် ဆိုင်ကဘူးနှင့်မဟုတ်ဘဲ အပူခံဓာတ်ဘူးထဲမှာ ကျကျနနထည့်လာခြင်းဖြစ်ပြီး သောက်ကြည့်လိုက်တော့ Cappuccino အပူ။

You are the only Exception!Where stories live. Discover now