တကယ်ကို ဉာဏ်နီဉာဏ်နက်များကာ ပလီပလာပြောတတ်သော ယောက်ျား...။

အခုတော့ လူကိုတောင်လက်ထပ်ရတော့မည်မို့ ဒီပုံလောက်က ပြောမနေချင်တော့။အကောင့်ထဲမှပြန်ထွက်ကာ ဟိုကြည့်ဒီကြည့် ကြည့်နေစဉ် Telegram မှ message ဝင်လာပြန်သောကြောင့် ဖွင့်ကြည့်လိုက်တော့ ထိုလူ့ဆီကပင်ဖြစ်နေသည်။

G Mail -************
password-**********

Facebook
G Mail-***********
password-**********

သူမက ပို့ထားသည်များကို မျက်ခုံးတွေတွန့်ပြီး နားမလည်နိုင်စွာဖြင့် ကြည့်နေမိစဉ်မှာပင် သူ့ဆီမှ ph ဝင်လာသောကြောင့် ချက်ချင်းပဲကောက်ကိုင်လိုက်ကာ ဟယ်လိုတွေဘာတွေတောင်ပြောမနေတော့ဘဲ

"ဒီမယ် ရှင် ဘာလို့ ကျွန်မကို ဒါတွေလာပို့နေတာလဲ..."

"ကိုယ့်ရဲ့အကောင့်တွေလေ...။ဝင်ချင်တဲ့အချိန်ဝင်လို့ရအောင် ပေးထားတာ။ Telegram လဲ လိုချင်ရင်ပို့ပေးထားမယ်...။ဒါပေမဲ့ သူက လုပ်ငန်းနဲ့ဆိုင်တာတွေပဲရှိတာဆိုတော့ သဲစိတ်ရှုပ်နေမှာစိုးလို့ မပေးတော့တာ..."

"မလိုချင်ပါဘူး ဘယ်ဟာမှမလိုချင်ဘူး...။စိတ်လဲမဝင်စားဘူး..."

"ခုစိတ်မဝင်စားသေးဘူးဆိုလဲ ထားထားလိုက်ပါ...။နောက် စိတ်ဝင်စားလာတဲ့အချိန် ဝင်ကြည့်ပေါ့..."

"နောက်လဲစိတ်မဝင်စားဘူး ဘယ်တော့မှစိတ်မဝင်စားဘူး..."

"အဟွန်း စိတ်လျှော့ပါဦး.....။ကိုယ်က တခြားအကြောင်းပြောချင်လို့ ဆက်လိုက်တာ...။မနက်ဖြန် ကိုယ်နဲ့ ကလောသွားရအောင်နော်..."

"ဘာရယ်...ကလောကို ရှင်နဲ့ ဘာသွားလုပ်ရမှာလဲ..."

"ဘာသွားလုပ်ချင်လဲပြော...သဲ လုပ်ချင်တာ အကုန်လုပ်ပေးမယ်..."

"ဘာလုပ်ရမှာလဲ...။ဟာသတွေလာပြောမနေနဲ့ ဘာမှမလုပ်ချင်ဘူး..."

ခုချိန်မှာ အရာရာကို ကျေနပ်အားရကာ အကောင်းမြင်နေပုံရသောသူက သူမ၏ ရန်စွယ်ငေါငေါစကားတွေကိုတောင် သဘောကျနေသလို တဟင်းဟင်းရယ်မောနေရင်း လေပြေလေးနှင့်ပြန်ပြောလာသည်။

"ခုနှစ်နာရီလောက်လာခေါ်မယ်နော် အဆင်သင့်လုပ်ထား...။အဝတ်အစားနည်းနည်းတော့ အပိုထည့်ခဲ့ပါ...။အနွေးထည်လဲထည့်ခဲ့ ကလောကအေးတယ်..."

You are the only Exception!Donde viven las historias. Descúbrelo ahora