အစ်ကို့ဆီကနေ နှစ်သိမ့်မှုကို ယူမယ်ဆိုပြီး အားတင်းလာသမျှ လေထုက အေးစိမ့်စိမ့်မို့ ရင်ထဲက အစိုင်အခဲအလုံးကြီးက ပိုကြီးလာသယောင်။
ကြည်နေတာ မဟုတ်တဲ့ စိတ်တွေက ပိုမကြည်လာတာမို့ ကွန်ဒိုကို ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ရန်း အပင်တွေကို နေရာချနေရင်းက ဘာအသံမှ ထွက်မလာလို့ ကြည့်လိုက်တော့ ကျေးဇူးရှင်က ပြန်ဖို့ရာ ကြံစည်နေသည်။ ခရီးပန်းပြီး မျက်နှာလေး နွမ်းနေလို့ ပြောလိုက်တာကို တကယ်အိမ်ပြန်နားမလို့ လုပ်နေတာလား။

" အပေါ်တက်နှင့် တံခါးပိတ်ပြီး လာခဲ့မယ် "

တံခါးဖွင့်ဖို့ လက်ရွယ်လိုက်စဥ် ထွက်လာတဲ့ အစ်ကို့အသံကြောင့် အစ်ကို့ကို လှည့်ကြည့်လိုက်တော့ လူကိုကျောပေးပြီး သူ့အပင်တွေကိုသာ ဟိုရွှေ့ဒီရွှေ့ လုပ်နေသည်။

" ပြန်တော့မယ် မနက်မှ လာတော့မယ် "

" တံခါးပိတ်ပြီး အပေါ်တက်ခဲ့ ငါ့ကိုယ်က ချွေးတွေနဲ့မို့ ရေချိုးလိုက်ဦးမယ် "

သူပြောချင်ရာ ပြောပြီး အပေါ်ထပ်ကို တက်သွားတဲ့ အစ်ကို ကြောင့် ဝန်း သက်ပြင်းဖွဖွချပြီး တံခါးတွေ သေချာပိတ်ကာ အပေါ်တက်လာခဲ့သည်။

အစ်ကို့ရဲ့ အိမ်က အပင်တွေနဲ့တင် ပြည့်နေသည်။ ဘယ်နေရာကြည့်ကြည့် အပင်တွေ ရှိနေတတ်သည်။ အစ်ကို့ အခန်းထဲ ဝင်လိုက်တော့ အစ်ကိုမရှိ။ ရေချိုးခန်းထဲက ရေကျတွေကြောင့် ရေချိုးနေမှန်း သိလိုက်သည်။

အစ်ကို့ကုတင်မှာ ထိုင်လိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံဘောင်လေးကို ကြည့်ပြီး ပြုံးမိသွားသည်။ အစ်ကို နဲ့ ဝန်း နဲ့ တောင်ကြီး မီးပုံပျံပွဲမှာ လူ​တွေတိုး​​နေတဲ့ကြားထဲက ရိုက်ထားတဲ့ ပုံလေး။ အ​နောက်မှာ မီးရှူးမီးပန်းတွေ မီးပုံပျံတွေနဲ့ ။ အဲ့တုန်းက ချစ်သူတွေ မဖြစ်သေးဘူး။

မီးခိုရောင် ညအိပ်ဝမ်းဆက်လေး ဝတ်ကာ ရေချိုးခန်းထဲနေ ထွက်လာတဲ့ အစ်ကိုက ရေချိုးပြီးစမို့ မျက်နှာလေးက ကြည်ကြည်ဥဥ။ ဆံပင်တွေကိုပါ တစ်ခါထဲ အခြောက်ခံလာတယ် ထင် ပွယောင်းယောင်းလေးနဲ့ ချစ်စရာကောင်းသည်။ ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ် ရေချိုးရင် ခေါင်းပါလျှော်လိုက်ရမှ ကျေနပ်တဲ့ အစ်ကို။

When You Find Lost Love AgainWhere stories live. Discover now