🚉Chapter (38)🚉

1.5K 150 53
                                    

*Zawgyi*

တိုးညင်းစွာတိုက်ခတ်လာသော လေတိုးသံများ၊ခြံထဲက ပုရစ်၊ပိုးဖလံများ အပါအဝင် အခြားအကောင်ပလောင်ပေါင်းစုံ၏အသံများမှလွဲ၍ ညကားတိတ်ဆိတ်လျက်ရှိနေသည်။လပြည့်ခါနီးလဆန်းရက်နှောင်းပိုင်းဖြစ်နေတာမို့ လမင်းကြီးက ဝိုင်းစက်လုနီးပါးပြည့်တင်းစွာထွက်ပေါ်နေပြီး ကြယ်ရောင်စုံများဟာ သူ့အနားမှာဝိုင်းဝိုင်းလည်လျက်လမင်းကြီး၏အလှကို ကူညီသည့်သဘောပါရမီဖြည့်ပေးနေသည်။ဤကဲ့သို့သော သာယာလှပမှုအပေါင်းခညောင်းနေသည့် ည၏အလှတရားများကို ဖြူလွှလွှကုတင်ကြီးပေါ်မှနေ၍ ပြတင်းပေါက်မှတစ်ဆင့်ငေးကြည့်နေသော ကောင်လေးတစ်ယောက်။အမှန်တိုင်းပြောရလျှင် သူဒီညအိပ်မပျော်ပါ။ မေမေဆုံးပြီးသကာလ လွန်ခဲ့သောသုံးရက်ခန့်တည်းက တစ်ယောက်တည်းအိပ်လာခဲ့ရတယ်ဆိုပေမယ့် ဒီနေ့ညမှ ပိုတမူထူးပြီး ပိုလို့အိပ်မပျော်ပါ။အေးချမ်းသာယာနေသောည၏အလယ် တိုးဝင်စရာ ရင်ခွင်တစ်စုံလည်းမရှိတော့သလို မိမိ၏လက်များ တင်းတင်းကျပ်ကျပ်ဖက်တွယ်လေ့ရှိသော ခါးသိမ်သိမ်လေးတစ်ခုလည်း ဘေးနားမှာရှိမနေတော့ပါ။ထိုအရာများကို သူကိုယ်တိုင်ပဲမောင်းထုတ် နှင်ထုတ်ခဲ့သည်မဟုတ်ပါလား။

တစ်ယောက်တည်းနေကြည့်၊အိပ်ကြည့်မယ်ဆိုပြီး ကြိုးစားထားသော်လည်း တကယ်တမ်းနေကြည့်သောအခါ ဟိုနားမတ်တပ်ရပ်၊ဒီနားမတ်တပ်ရပ်နှင့် ယောင်တောင်တောင်ဖြစ်နေခဲ့သလို အိပ်ကြည့်တော့လည်း ကျယ်ပြောလှသောအိပ်ရာကြီးပေါ်မှာ ဟိုလူးလိမ့်ဒီလူးလိမ့်နဲ့ပင်။သို့သော် မနေတတ်သော်လည်းနေရမည်၊အိပ်ရမည်။သူ့အပေါ်ရက်စက်ရမည်။ သူ့ရှေ့မှာ ရာသက်ပန်နဲ့ချစ်ကြည်နူးကာ ဟန်ဆောင်ပန်ဆောင်တွဲပြရမည်။ ဒါမှ သူ့အပြစ်တွေသူသိပြီး သူ့ပြစ်ဒဏ်တွေအတွက်ပေးဆပ်ရာကျမှာ။

...

တစ်ဖက်က ဟင်္သာမောင်နဲ့အတူအိပ်ရသောကောင်လေးမှာလည်း ဒီတစ်ညတာကို အိပ်မပျော်ခြင်းဆိုသည့်အရာနှင့်ဖြတ်သန်းနေရသည်မှာ အလွန်ပင်ခက်ခဲနေသည်။ရောင်ဝါက သူနဲ့အတူတောင်လုံးဝပေးမအိပ်တော့သဖြင့် အိပ်စရာအခန်းမရှိသည့်အဆုံး ဟင်္သာနှင့်သာအတူလာပေါင်းအိပ်ရသည်။ဟင်္သာက နံရံထောင့်က ချစ်စဖွယ်ကလေးကုတင်လေးမှာ နှစ်ခြိုက်စွာအိပ်မောကျနေသော်လည်း ကြမ်းပြင်ပေါ်တွင် ဂွမ်းစောင်တစ်ထပ်ခင်းကာ လူးလိမ့်အိပ်နေရသော တည်ကြည်ခန့်ညားအဖို့လုံးဝအိပ်မပျော်နိုင်။ဖက်ထားစရာ သေးသေးသွယ်သွယ်ကိုယ်လုံးလေးတစ်ခုလည်းမရှိသလို နှာခေါင်းဝထက်လာလာကျီစယ်လေ့ရှိသော ခေါင်းလုံးလုံးလေး၏ဆံနွယ်စမွှေးမွှေးလေးများလည်းရှိမနေခဲ့ပါ။မင်္ဂလာသက်တမ်း တစ်လကျော်ရှိခဲ့သည့်အနက် တစ်ရက်တောင်မပြတ်ဘဲ ထိုအနေအထားနှင့်သာအိပ်ပျော်ခဲ့ရသောသူနှစ်ယောက်အဖို့ ဒီနေ့လိုညမျိုးဟာ ဖြတ်သန်းခဲ့သည့်ဘဝတစ်လျှောက်လုံးတွင် အိပ်ပျော်ရန် အခက်ခဲဆုံးညဟု တင်စားရပေလိမ့်မည်။

ဝဒေနာရထား{Completed}Donde viven las historias. Descúbrelo ahora