"ကဲ ဆင်းကြည့်ရအောင်ကွာ"

ငစိုင်းကိုပွေ့လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ကားပေါ်ကဆင်းရင်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တော့ ကတ္တရာလမ်းမထက်မှာ ဘေးဘက်ဆီက ဓာတ်မီးတိုင်တွေကြောင့် ပိန်းပိတ်အောင်မှောင်နေတာမျိုးမဟုတ်တာမို့ ကံကောင်းသည်ဆိုရမည်။ မီးရောင်အားကိုးနှင့် တည်းခိုခန်းလား၊ စားသောက်ဆိုင်လားမသိသည့် ခပ်လှမ်းလှမ်းက အဆောက်အဉီးတစ်ခုကိုတော့ လှမ်းမြင်နေရသည်။

‌စားသောက်ဆိုင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူရှိရင် အကူအညီတောင်းလို့ရနိုင်သည်။ တည်းခိုခန်းဆိုရင်လည်း ညအိပ်လိုက်ရုံပေါ့။ မနက်မှ မ, ကို လှမ်းခေါ်လို့ ရနေသည်ပဲ။ သူငယ်ချင်းမရှိခြင်း၏ အကျိုးဆက်များက ဒီလိုအချိန်မျိုးမှာ ထင်ရှားသည်။ သို့ပေမဲ့ ရတု မတွေးချင်။ သူငယ်ချင်းမထားခဲ့ခြင်းအတွက် နောင်တလည်းမရ။အပေါ်ယံဟန်ဆောင်ပေါင်းတဲ့သူတွေနဲ့ နေရမှာထက် ရတု တစ်ယောက်တည်းနေရသည်က ပိုကောင်းပါသည်။ဩ..အခုတော့ တစ်ယောက်တည်းမဟုတ်။ ငစိုင်းလည်းရှိသည်ပဲ။

"ချီးပဲ!"

ကားထဲမှာ ကျန်ခဲ့သည့် ပိုက်ဆံအိတ်ကို ယူဖို့ ကားတံခါးကို ဖွင့်လိုက်စဉ် lock ကျနေသော တံခါးကြောင့် ထပ်မံဆဲရေးမိပြန်သည်။ အထဲကို လှမ်းကြည့်လိုက်တော့ ကားသော့က တန်းလန်း။ အဆိုးဆုံးတစ်ခုက ဖုန်းကို အိတ်ကပ်ထဲထည့်မထားဘဲ Dashboard ပေါ်မှာ တင်ထားမိခြင်းဖြစ်သည်။ ဒီနေ့ဟာ ရတုလွှမ်းခအတွက် ပြဿဒါးနေ့ထင်သည်။ တစ်ခုမှကို အဆင်ပြေတာမရှိသေး။

ပိုက်ဆံမပါဘူးဆိုတာကမှ ကားထဲဝင်အိပ်နေလို့ရသေးသည်။ ယခုက ကတ္တရာလမ်းပေါ်အိပ်ရုံကလွဲပြီး ကြံစရာမရှိ။ လမ်းမပေါ်မှာ သောင်းကျန်းတတ်သည့် သရဲ၊တစ္ဆေတွေအကြောင်း ကြားဖူးတာမို့ ဤအကြံကိုတော့ ပယ်သည်။ မတတ်နိုင်။ မြင်နေရတဲ့ ထိုမီးဝင်းဝင်းအဆောက်အအုံဆီ သွားအကူအညီတောင်းရုံသာရှိတော့သည်။

"ငစိုင်းရေ၊ အောက်ဆင်းလျှောက်တော့၊ ငါ့ခြေထောက်ငါတောင် မနိုင်တော့ဘူး"

ခါးကိုမတ်ရင်း ပွေ့ထားသည့် ငစိုင်းကို အောက်ချပေးလိုက်သည်။ ဒါတောင် ဒီကောင်က တအီအီအော်ချင်နေသေး၏။ ထို့နောက်တော့ ဓာတ်မီးတိုင်အောက် ကတ္တရာစေးလမ်းမထက်ဝယ် သားတစ်ယောက်နှင့်အတူ..... ။

High Boss's Husband (Completed)Where stories live. Discover now