ထိုနှစ်ယောက်ကို ခဏလွှတ်ထားပြီး မှာထားတဲ့အသားပန်းကန်တွေကို အသီးသီးချပေးလိုက်ရင်း လွန်း စားမယ့်အသားကို ဇာမ် လှီးနေစဉ်မှာ ကြားလိုက်ရသည့်စကား။ ခေါင်းထောင်ပြီးစပ်စုမိစဉ် ဆက်လုပ်လေဟု မေးငေါ့ပြလာသူကြောင့် အသားတုံးကိုသာ အာရုံပြန်စိုက်လိုက်ရသည်။
ချက်ချင်းလက်ငင်းကို အိုပါးတွေ အိုးပါးတွေ တပ်ခေါ်ပစ်တဲ့အထိ ညီမတော် နှုတ်သွက်ချက်က လက်ဖျားခါသည်။ လွန်းကလည်း ရေပက်မဝင်ဖောင်ဖွဲ့နေတာ ကီးကိုကိုက်နေ၏။ သူတို့နှစ်ယောက်စကားဝိုင်းမှာ နားမလည်တဲ့ ဇာမ်ကပဲ အလိုက်တသိရှောင်ပေးရတော့သည်။
ဘာသာစကားတူပေမဲ့ သူတို့ ဘာပြောနေမှန်းမသိတဲ့ ဂြိုဟ်သားအခိုက်အတန့်တွေလည်း ရှိတယ် အဟုတ်!
"ဒါဆို oppa က ဆရာဝန်ပေါ့"
"အင်း..အစ်ကို ဘွဲ့ရတာ နှစ်တွေတောင်ကြာလှပြီ၊ ဒါပေမဲ့ အခုထိ အလုပ်မလုပ်ရသေးပါဘူးလေ"
မကျေနပ်သံပါတဲ့ လွန်းအသံနဲ့အတူ တိမ်လွှာ့ပါးစပ်က ထပ်ထွက်လာမည့် မေးခွန်းကို သိလိုက်တာကြောင့် ဇာမ် မျက်ရိပ်မျက်ကဲပြနေသော်ငြားလည်း
"ဟယ် ဘာဖြစ်လို့လဲ Oppa! တိမ်လွှာ့ oppa ကို ဘယ်ဆေးရုံက အလုပ်မခန့်တာလဲ! ပြော တိမ်လွှာ့ကိုပြော!"
"အဟမ်း!"
စားပွဲကို တဖြန်းဖြန်းမရိုက်ရုံတမယ်ပြောလာသည်က သားကိုထိလို့ ဆတ်ဆတ်ခါနေတဲ့ သားသည်အမေလိုမျိုး။ မိမိဘက်လှည့်လာမှာစိုးရသည့် မြှားဉီးကြောင့် ချောင်းတစ်ချက်ဟန့်ကာ လှီးပြီးသား အသားတွေကို ထပ်ခါထပ်ခါဖဲ့ရွဲ့နေမိလျှင်
"တော်တော့! ကြေမွနေပြီ! စားချင်စရာကို မကောင်းတော့ဘူး!"
ဓားနဲ့ ရွယ်ခံနေရရှာတဲ့ ပန်းကန်ပြားလေးကို မျက်စိရှေ့ကနေ လှစ်ခနဲဆွဲယူသွားပြီး အနေတော်လှီးထားသည့် အသားတုံးကို ခက်ရင်းနဲ့ ထိုးကာ ပါးစပ်ထဲထည့်သည်။ နှုတ်ခမ်းလှုပ်ရုံ တလှုပ်လှုပ်ဝါးနေသည့်တိုင် ဇာမ့်အဖို့တော့ ထိုအသံက မကြာခင်စလာတော့မယ့် စစ်ပွဲခေါ်သံအကြို အံကြိတ်နေခြင်းဟု ထင်မှတ်ရသည်။
Chapter 7
Start from the beginning