မော်ဒယ်လ်ခပ်မြင့်မြင့်ကား နက်ပြာရောင်လေးတစ်စီးသည် စိုင်းမော်ရှန်းတို့အိမ်၏ မျက်စောင်းထိုးလေးတွင် မှောင်ရိပ်ခိုကာရပ်ထားလေသည်။ ထိုကားလေးထဲမှ ကုန်းကုန်းကွကွနှင့်ချောင်းနေသူကတော့ရှင်းလျှန်။ စိုင်းမော်ရှန်းနှင့်ပြသနာတက်ကြပြီးတဲ့နေ့မှစ၍ ယနေ့တိုင် သူထိုသို့လာလာချောင်းနေခဲ့သည်မှာ ၈ရက်တိတိရှိခဲ့လေပြီ။ ရိပ်မိမှာစိုး၍ ကားကိုပါလဲလာကာ အမှောင်ကွယ်ပြီး ထောင့်ကျသော နေရာလေးကနေ အမြဲလိုလို ထိုလူသားကိုလာချောင်းကြည့်နေမိသည်။ ဘာကြောင့်လာချောင်းကြည့်နေမိလဲ သူ့ကိုယ်သူအဖြေထုတ်မိတိုင်း သူ့မှာထိုမေးခွန်းအတွက်အဖြေမရှိ။ လက်မခံနိုင်တာဆိုပိုမှန်မလားလေ။ တကယ်ဆို ထိုမေးခွန်းဟာ အဖြေထွက်ပြီးသာပုစ္ဆာတစ်ပုဒ်လိုပင် လွယ်ကူသော်လည်း ထိုအဖြေကိုလည်းသူလက်မခံနိုင်။
ကားထဲကနေမီးမှောင်နေသောအိမ်လေးကို စောင့်ကြည့်နေရင်း အတွေးတွေကလည်းဖြန့်ကျက်လျက်။
ခဏနေတော့ ထိုအိမ်ရှေ့သို့ ကားလေးတစ်စီးဆိုက်ရောက်လာလေသည်။ ထိုကားလေးသည် သူတစ်ခါမြင်ဖူးခဲ့သောကားလေး။ မှတ်ဥာဏ်တွေကိုပြန်ခေါ်ရင်း သေချာစဥ်းစားကြည့်တော့ ထိုကားလေးသည် ဒေါက်တာဆိုသောလူ၏ကားလေးပင်။
ကားရပ်သွားတော့ ကားပေါ်ကဆင်းလာတာက သူမျှော်နေရသူ။ သို့သော် ထိုလူသားတစ်ယောက်တည်းမဟုတ် သူ၏သမီးဖြစ်သူပါပါသေးသည်။ ဒေါက်တာဆိုသောလူနှင့်လည်း အတော်ရင်းနှီးနေကြသည်ထင်။ ကားကိုလမ်းဘေးချရပ်ပြီးစက်သတ်ပြီးသည်နှင့် သုံးယောက်တူတူဆင်းသွားကာ စိုင်းမော်ရှန်းက သူ့လက်ထဲမှာအိပ်ပျော်နေသော သမီးလေးကို ဒေါက်တာ့လက်ထဲသို့ထည့်ပေးပြီး သူကတော့အိမ်တံခါးကိုဖွင့်နေလေသည်။ အိမ်တံခါးပွင့်သွားတော့ ထိုဒေါက်တာဆိုသောလူမှာ ဝင်သွားတာများတန်းကနဲပင်။ အိမ်ထဲသို့ဝင်ထွက်နေကျလူတစ်ယောက်လို။
ထိုသုံးယောက်အိမ်ထဲရောက်သွားသည့်တိုင် ရှင်းလျှန်ငြိမ်သက်စွာကြည့်နေမိသည်။ တော်တော်ကြာသည်အထိပြန်ထွက်မလာသော ထိုဒေါက်တာကြောင့် သူခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)