[ Zawgyi ]
ပင်းဝမ်တစ်ယောက် သွေးစွန်းနေတဲ့ဇာမဏီနက်ကို ကြည့်ရင်း သေသပ်လှသည့် မျက်ခုံးတို့ကို တွန့်ချိုးလိုက်သည်။ ရှဲလီကလည်း တည်ငြိမ်လှသည့်မျက်နှာထားဖြင့် အသိတရားကင်းမဲ့နေသည့်သူလို ကောချင်းကို စိုက်ကြည့်နေသည်။
ထို့နောက် ကောချင်းအရှေ့သို့ တစ်လှမ်းချင်းစီ ရှဲလီလျှောက်လှမ်းလာလေ၏။
"" သ…သခင်လေး။ ကျွန်ုပ်ကို ကယ်ပါဦး။""
ကောချင်း ကြောက်ကြောက်လန့်လန့်ဖြင့် ပင်းဝမ်ရဲ့ခြေထောက်ကို ပြေးဖက်လိုက်သည်။ သို့ပေတည်း ရှဲလီမှာ ရပ်တန့်သွားခြင်းမရှိပဲ အနားကိုဆက်လျှောက်လာတော့ ပင်းဝမ်ကနေ လက်ဟန်ပြပြီး ဟန့်တားလိုက်သည်။
"" ကျွန်ုပ် သူ့ကို ခွင့်မလွှတ်နိုင်ဘူး…""
လေးနက်ပြတ်သားလှသည့်အသံဖြင့် ရှဲလီ ပြောလိုက်သည်။ သို့သော် နီရဲနေတဲ့ သူ့ရဲ့မျက်ဝန်းတွေကတော့ ပင်းဝမ်ရဲ့မျက်လုံးနက်နက်တွေကို ရှောင်ဖယ်နေဆဲပင်။
ဝဲကျနေတဲ့ဆံနွယ်ရှည်တို့မှာလည်း လေတစ်ချက်တိုက်လိုက်တိုင်း ဖြူလျော့နေတဲ့မျက်နှာအသားအရေကို ဖုံးကွယ်ပေးထားဟန်ရှိ၏။
"" ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာ သင့်အပိုင်း။ ဒါပေမယ့် သင့်မှာ အပြစ်ပေးပိုင်ခွင့်မရှိဘူး ""
ပင်းဝမ်က ကောချင်းကို ထူမပေးလိုက်တော့ ရှဲလီအနေနဲ့ အတန်ငယ်အံ့အားသင့်မိသည်။ သို့ပေမယ့် ဘာတစ်ခွန်းမှတော့ သူမပြောခဲ့ပေ။
ထို့နောက် ပင်းဝမ်သည် ရှဲလီကို လှည့်မကြည့်တော့ပဲ ထွက်သွားဖို့ပြင်သည်။ ဒါပေမယ့် တံခါးနားကိုရောက်တော့ ပင်းဝမ်ရဲ့ ခြေလှမ်းများမှာ ခေတ္တရပ်တန့်သွားသည်။
"" သင့်ရဲ့လက်တွေက လူတွေကို ကယ်တင်ဖို့အတွက်ပဲဆိုတာ ခေါင်းထဲထည့်ထားပါ ""
ထိုစကားကို ကြားတော့ ရှဲလီရဲ့စိတ်ထဲတွင် အလင်းတန်းဖြတ်ပြေးသွားသလို အသိတရားပြန်ဝင်လာခဲ့သည်။ သေချာပြန်စဉ်စားကြည့်တော့ အချိန်တော်တော်ကြာ တည်ဆောက်ထားခဲ့သည့် သန့်စင်တဲ့ကိုယ်ကျင့်တရားကို ဒေါသဆိုတဲ့အရာကြောင့် တစ်ခဏလေးအတွင်း သူဖျက်ဆီးမိတော့မလို့ပင်။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!