[ Zawgyi ]
လမိုက်ညတွင် ကောင်းကင်ယံတစ်ခုလုံး မှောင်မဲလျက် မှိတ်တုပ်မှိတ်တုပ် ကြယ်ရောင်များမှာလည်း ပျောက်ကွယ်နေသည်။ သို့ပေတည်း အရာအားလုံးကို အမှောင်ထုချည်းပဲ ကြီစိုးနေတာမဟုတ်…၊ အခန်းလေးတစ်ခန်းမှာတော့ မီးရောင်များဖြင့် ထိန်ထိန်လင်းနေသည်။
ထိုအခန်းလေးမှာလည်း အလင်းရောင်များဖြင့် လင်းထိန်နေပေမယ့် အပြင်ဘက်ရှိ သစ်တောအုပ်လို ဆိတ်ငြိမ်လွန်းနေသည်။ စာအုပ်ဖတ်နေသည့် အမျိုးသားနှင့် အိပ်ရာပေါ်လှဲလျောင်းနေသည့် အမျိုးသားတို့ နှစ်ဦးကြားရှိ လေထုမှာ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တန်းတွေတမျှ အေးစိမ့်နေလွန်းသည်။
ဒီလိုနှင့် အချိန်ကြာလာတော့ စာအုပ်ဖတ်နေသည့် ရှဲလီကနေ စာအုပ်ကို ပိတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ရှဲလီ လာအိပ်မယ်အထင်နဲ့ ပင်းဝမ်က ဘေးကို နည်းနည်းတိုးပေးလိုက်သည်။ သို့ပေမယ့် ရှဲလီမှာ သူထင်သလို သူ့ဘေးမှာ လာအိပ်ဖို့ လျှောက်လာတာမဟုတ်ပဲ ခြေရင်းတွင်ရှိသည့် ဂွမ်းကပ်စောင်ကို လာယူခြင်းပင်။
ဂွမ်းကပ်စောင်ကိုပိုက်ပြီး ရှဲလီ ပြန်လှည့်ထွက်သွားဖို့လုပ်တော့ ပင်းဝမ်က ရှဲလီရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး လှဲနေရာကနေ ထထိုင်လိုက်သည်။ ရှဲလီက ဘာတစ်ခွန်းမျှမပြောပဲ ပင်းဝမ်ကို အေးစက်စက်မျက်ဝန်းဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
ရေပူစမ်းကကိစ္စကြောင့် ရှဲလီအနေနဲ့ သူ့ကို စိတ်ဆိုးနေသေးမှန်း ပင်းဝမ်သိသည်။ သူပြောလိုက်တာ လွန်သွားမှန်းသိပေမယ့် တဏှာရူးရဲ့အကြည့်တွေကနေ ကာကွယ်ဖို့အတွက် အရှက်ရစေမယ့်စကားလုံးတို့ကို သူ မတတ်သာစွာဖြင့် ရွေးချယ်လိုက်ရခြင်းပင်။
"" ဘာလဲ ""
ရှဲလီက စိတ်မရှည်စွာဖြင့် မျက်လုံးဝေ့ရင်း မေးလိုက်သည်။
'သင် ဒီမှာပဲအိပ်ပါ။ ကျွန်ုပ်ဖယ်ပေးမယ်။ ´လို့စိတ်ထဲတွင် ပြောဖို့ ကြံရွယ်ထားပေမယ့် ပင်းဝမ် တကယ်တမ်းပြောလိုက်သည်မှာ-
"" ဒီစောင်ကို သင် ယူသွားရင် ကျွန်ုပ်က ဘာနဲ့ခြုံအိပ်ရမှာလဲ။ ""
![](https://img.wattpad.com/cover/224235824-288-k33903.jpg)
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!