EP - 1

3.9K 160 3
                                    

Unicode

ရွာထဲရောက်လေလေဖြေးဖြေးချင်းထိတွေ့လာရတဲ့ကျေးလက်တောရွာသဘာဝတစ်ချို့။ ငှက်သံတစ်ချို့ကိုရွာဦးစေတီအနီးနားရောက်သည်နှင့်ပိုကျယ်ကျယ်ပင်ကြားရသည်။ အုံ့ဆိုင်းနေပေမယ့်သဘောကျစရာကောင်းနေသည့်သစ်ပင်ရိပ်တွေကြားရွာဦးစေတီကတကယ်ပဲသပ္ပာယ်လွန်းပါ၏။ ဗုဒ္ဓဘာသာပီပီလက်အုပ်ချီမိုး၍ဦးတင်လိုက်ပြီးခပ်ရွေ့ရွေ့ရှေ့ဆက်နေသည့်မြင်ကွင်းဆီအကြည့်ပြန်ပို့လိုက်တော့ခြေတံရှည်အိမ်အကြီးအငယ်ပုံစံမျိုးစုံကိုစတင်မြင်တွေ့နေရပြီပင်။

" ရွာလူကြီးကိုတော့ဦးကြီးတို့ပဲပြောထားလိုက်ပါ့မယ်ကွယ်...ဆရာကညနေလောက်မှပဲတစ်ချက်လောက်သွားတွေ့လိုက်အုံးပေါ့......"

ရုတ်တရက်စကားသံကြောင့်ဟိုငေးဒီငေးဖြစ်နေသည့်ကျွန်တော့်အကြည့်တွေကိုမျက်နှာချင်းဆိုင်မှာထိုင်နေသည့်ဦးကြီးဆီအကြည့်ပို့ကာ‌အပြုံးတစ်ပွင့်ဖြင့်ခေါင်းညိတ်ပြလိုက်ရသည်။ ထို့နောက်အိမ်တစ်ချို့ကျဲလာပြီးခြံဝန်းကျယ်ကြီးလိုနေရာတစ်ခုဆီသို့လှည်းကကွေ့ဝင်သွားတဲ့အတွက်စူးစမ်းသလိုကြည့်မိတော့
' အနာဂတ်ရောင်စဉ် ' ဟူသည့်ဆိုင်းဘုတ်ကြီးကအထင်းသား။
ဒီတစ်ခါတော့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ကိုယ့်သူငယ်ချင်းကိုချီးကျူးမိသည်။
တကယ်ပဲလှလိုက်တဲ့နာမည်လေးရယ်...ဒီကောင်တွေးထားတာဖြစ်ကြောင်းကြိုသာမပြောထားရင်သူရိန့်မှာဘယ်ကဗျာဆရာများလာနာမည်ပေးသွားသလဲထင်မိမှာ......။

" ဆရာသူရိန်ရေ ရောက်ပြီဗျို့......"

လှည်းအရှေ့ပိုင်းကနေပင်ခုန်ဆင်းကာသွက်သွက်လက်လက်နှင့်အထုတ်အပိုးတွေချပေးနေသောဧက‌အသံကြားမှသာသူရိန်လည်းအသိစိတ်ပြန်ကပ်၍လှည်းပေါ်မှဆင်းလိုက်ရသည်။ တစ်လမ်းလုံးမသိသာပေမယ့်လို့အခုမှအနည်းငယ်ခါးတွေကျောတွေနာချင်နေသယောင်။ ထို့ကြောင့်ပခုံးကိုလက်တစ်ဖက်ဖြင့်ကိုင်ရင်းခါးကြောလျှော့မိစဉ်ရုတ်တရက်နောက်ကျောကိုရိုက်ချခံလိုက်ရသည့်ရိုက်ချက်တစ်ချက်။

" ငါ့သူငယ်ချင်းကြီးရောက်လာပြီပဲကွ ဟားဟား......"

ဝမ်းသာအားရပြောကာစပ်ဖြီးဖြီးမျက်နှာထားဖြင့်ပြောလာသူကြောင့်နာသွားသည့်ကျောပြက်ဟာဒီသကောင့်သားလက်ချက်ကြောင့်ဆိုတာမပြောဘဲလည်းကြိုသိလိုက်ချေပြီ။ မျက်လုံးအသာပြူးပြရင်းမလျှော့သောအားဖြင့်ခြေထောက်ကိုတက်နင်းပစ်လိုက်တော့တအားအားအော်ကာခြေတစ်ပေါင်ကျိုးဖြင့်ခုန်ဆွခုန်ဆွဖြစ်နေပုံမှာသိပ်ကိုကျေနပ်စရာ။

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now