အပိုင်း - ၁

38.4K 374 0
                                    

.

' အားမငယ်နဲ့ အနွယ်
ငါ နဲ့ ချစ်မင်း ရှိပါတယ် '
သူငယ်ချင်းကိုသာ အားပေးနေရပေမယ့် ဒေါ်စိမ်းလဲ့ကြည် ကိုယ်တိုင်လည်း မျက်ရည် တစမ်းစမ်းသာ..

' ငါ ဘယ်လိုဖြေရမလဲ အ​ကြည်ရယ် ကိုမောင်က ငါ့ကိုအပြီးထားသွားပြီ ငါ ဘယ်သူ့အားကိုးနဲ့ လောကကြီးမှာ ရပ်တည်ရပါ့မလဲ '

' ငါ ရှိပါတယ် အနွယ်ရယ် ငါရှိပါသေးတယ် '
.
.
.
.
.

ဒေါ်စိမ်းလဲ့ကြည် ၊ ဒေါ်နွယ်နွယ်အေး နှင့် ဦးချစ်မင်း တို့မှာ ငယ်ပေါင်းကြီးဖော်များဖြစ်ကြသည်။ အကြည် နှင့် ချစ်မင်း တို့က ချမ်းသာသည့်မိသားစုများမှ ဖြစ်ပြီး
နွယ့်မိဘများကတော့ ပြေလည်သည်ဆိုရုံမျှသာ။ ငယ်ငယ်တည်းကပေါင်းသည့် သူငယ်ချင်းအရင်းများဖြစ်ကြသော်လည်း အကြည်က ဆယ်တန်းတဖုန်းဖုန်းကျ နွယ်က ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်ကာ တက္ကသိုလ်ရောက်ခဲ့လေသည်။

ချစ်မင်းကား ဆယ်တန်းအောင်လျှက်ပင် အကြည်နှင့်မှ တက္ကသိုလ်အတူတူတက်မည်ဟုဆိုကာ ရွာမှာ လယ်လုပ်ရင်းစောင့်သည်။ စောင့်ရင်းပင် အကြည်က ဆယ်တန်းမအောင်ဘဲ ချစ်မင်းနှင့်မေတ္တာမျှကာ လိုက်ပြေးလေတော့သည်။ (၁၉) နှစ်နှင့် အိမ်ထောင်ကျခဲ့ကြသော်လည်း ချမ်းသာသည့်မိဘများက ထောက်ပံ့သည့်အလျောက် သားသမီးများကို ငယ်စဥ်ကတည်းက လုပ်သားကိုင်သားတတ်အောင် သင်ပေးထားခဲ့ကြသည့်အလျောက် ချစ်မင်း နှင့် အကြည် တို့မှာ ရပ်တည်နေထိုင်ရလွယ်ကူခဲ့ကြသည်။ အသက် ၂၀ ပြည့်ပြီး မကြာမီမှာပင် သားဦးလေးကို မွေးဖွားခဲ့လေသည်။ သားကို ကိုယ်ဝန်စရှိချိန်က ခန့်ညားလွန်းလှသည့် ဆင်ဖြူတော်ကြီးကို အိပ်မက်မက်သောကြောင့် မင်းခန့်ညား ဟု အမည်ပေးလေ၏။

နွယ့်မှာသာ တက္ကသိုလ်အတွက် ခက်ခက်ခဲခဲငွေရှာကာ စာပေးစာယူဖြင့် ဘွဲ့ယူခဲ့ရပြီး စိုက်ဘဏ်မှာ အငယ်တန်းစာရေးရာထူးရခဲ့လေသည်။ အသားဖြူဖြူ အရပ်လေးပုပုနှင့် အပြုံးချိုသော နွယ် သည် ယောက်ျားလေးများကြားတွင် ရေပန်းစားလေ၏။ 'ရှုလေတိုင်း ရင်မှာအေး လိမ္မာ ယဥ်ကျေး မနွယ်လေး ' ဟုပင် တင်စားကြသည်။ နွယ် နေထိုင်သည့် အဆောင်ရှေ့တွင် ညနေမစောင်းတစောင်းအချိန်မှ စ၍ လူပျိုလှည့်ကြသည်မှာ မပြတ်တမ်း......
ထိုမျှအထိ ပုရိသတို့ချစ်ခြင်းကို ရရှိသော
မနွယ်နွယ်အေးလေးဖြစ်သည်။ ဤသို့ပုရိသပေါင်းသောင်းခြောက်ထောင်ထဲတွင်မှ ကိုမောင် သည် နွယ်ကလေး၏ နှလုံးသားကို အပိုင်သိမ်းနိုင်သူဖြစ်လာတော့သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now