Part-10(Zawgi)

951 49 9
                                    

တိမ်ညိုတွေဖြင့်တန်ဆာဆင်ထားသည့် ကောင်းကင်ကြီးကိုမော့ကြည့်ကာ သူ့ရင်ထဲ၌ ဘာကိုဝမ်းနည်းလို့ ဝမ်းနည်းမှန်းမသိသည့် ခံစားချက်ကြီးသည် ရင်ဘတ်ပြင်တစ်ခုလုံးအား လွှမ်းမိုးထားသည်။

အစိမ်းရောင်ဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားသည့် ဝူကျွမ့်ယွမ်ခေါ် သူ၏ကိုယ်ရံတော်သည် သူ၏နောက်မှထပ်ကြပ်မကွာလိုက်၍နေသည်။

နဂါးပုံပါ အနီရောင်ဝတ်ရုံတော်ကိုဝတ်ဆင်ထားသူ ဝမ်အရှင်သည် အနောက်သို့လှည့်ကြည့် လှည့်ကြည့်နှင့်တစ်စုံတစ်ခုအား ရှာဖွေနေသည်။

ညီလာခံသို့သွားသည့်လမ်းတစ်လျှောက်၌ ဂဏာမငြိမ်သည့် အရှင်ကြောင့် ဝူကျွမ့်ယွမ်သည် မျက်မှောင်တစ်ချက်ကျုံ့ရင်း

"ဘာကိုရှာနေတာလဲ အရှင်.."

"ဟွာလွန်ရော..ညကတည်းက သူ့ကိုမတွေ့ဘူး"

"ကျွန်တော်လည်းမသိဘူးအရှင်..။ လမ်းလျှောက်ထွက်မယ်ဆိုပြီးထွက်သွားတာ။ အခုထိပြန်မလာသေးဘူး"

ဝမ်အရှင်သည် ဝူကျွမ့်ယွမ်၏လျှောက်တင်ချက်အား ဆတ်ခနဲခေါင်းကိုညိတ်လျက် အသိအမှတ်ပြုလိုက်သည်။

ထို့နောက် ညီလာခံကျင်းပမည့်အချိန်နောက်ကျနေပြီဖြစ်တာကြောင့် ဝတ်ရုံကိုမာန်ပါပါခါရင်း ခန်းမအတွင်းသို့ ခန့်ညားစွာဝင်ရောက်လာခဲ့သည်။

မိမိဝင်သည်ဆိုသည်နှင့်  ခေါင်းငုံ့ကာ ဦးညွှတ်ကြသည့်အမတ်တွေထဲ၌ အစိမ်းရောင်တူညီဝတ်စုံဖြင့် လွိသံအမတ်များကို မသိမသာခေါင်းယမ်းရင်းရှာဖွေမိသေးသည်။ သို့သော် သည်နေ့မှ သံတမန်များသည် ထူးဆန်းစွာဖြင့် ပျောက်လို့နေ‌လေရဲ့..။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."

ဝမ်အရှင်သည် ပုလ္လင်ရှေ့၌ ရပ်လိုက်သည့်အချိန်မှာပင် ညီလာခံခန်းမတစ်ခုလုံးဟိန်းကာထွက်လာသည့် အမတ်များ၏အသံကြောင့် ကျေနပ်စွာပြုံးရင်းဝတ်ရုံလက်ရှည်နှစ်ဖက်ကို ခါယမ်းကာ ပုလ္လင်ပေါ်၌ အိနြေ္ဒရှိစွာထိုင်လိုက်သည်။

"အကုန်လုံးပဲ ဦးမော့ကြပါ.."

ဝမ်အရှင်သည် ခပ်ပြုံးပြုံးပင်ဆိုသည်။ သို့သော် ပြန်လည်ဦးမော့လာသော အမတ်များသည် မျက်နှာအသီးသီးပျက်ယွင်းလျက်..။

Regret (Complete)Where stories live. Discover now