အပိုင်း ၁၀

53 8 0
                                    

"ဒါလေးတောင်မှရအောင်မလုပ်နိုင်ဘူးလား။ ဦးငြိမ်းမောင်ရဲ့သမီးလို့မပြောနဲ့ ငါရှက်တယ်"

ကျောင်းတွေပြန်ဖွင့်နေပြီဖြစ်တာကြောင့် ကျောင်းကအပြန်အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ လက်ပိုက်မတ်တပ်ရပ်နေသည့်ငြိမ်းငြိမ်းနှင့် ဒေါသထွက်ကာဆူပူနေသည့်ဖေဖေ့ကိုတွေ့ရပြန်တယ်။

အခြေအနေက ရာသီဥတုမကောင်းတာ
ကြောင့် ခါတိုင်းထက်ခြေသံဖွဖွနင်းကာ မီးဖိုချောင်ထဲဝင် ရေတစ်ခွက်ခပ်သောက်ရင်း အသာနားစွင့်နေမိပါသည်။

"သော်တာကအဆင့်ဘယ်လောက်လဲ"

"အဆင့် ၁ပါဖေဖေ"

"အဆင့်၃ဆိုတာဖြစ်သင့်သလားပြော။တူတူသင်တာမဟုတ်ဘူးလား ဆရာမကသော်တာဒါလေးပိုကျက်၊ လင်္ကာငြိမ်းကတော့ဒါမကျက်နဲ့လို့ပြောလား"

ငြိမ်းငြိမ်းကခေါင်းလေးငုံ့ပြီးသာ ခေါင်းခါတယ်။

"အေး သော်တာရဲ့ချီးကျွေးမယ်။ မနက်ခင်းသော်တာအိမ်သာတက်ရင် နင့်လိုငါအဆင့် ၁ ရချင်လို့ဆိုပြီးသွားတောင်းစား"

ဖေဖေ့ရဲ့စကားလုံးကြမ်းကြမ်းတွေအောက်မှာ ငြိမ်းငြိမ်းနှုတ်ဆိတ်ပြီးရပ်မြဲတိုင်းသာရပ်နေသလို ဘာအသံမှထွက်မလာချေ။

ငြိမ်းငြိမ်းဒီလိုဆူခံနေရပုံပေါက်ရင် မေမေအိမ်မှာရှိမနေဘူးထင်သည်။

"သွား စာသွားကျက်"

ဖေဖေ့ဆီကသွားလို့ရပြီဆိုတဲ့အသံကြားတာနဲ့ ငြိမ်းငြိမ်းက စားပွဲပေါ်ကရီပို့ကဒ်လေးယူကာ အိမ်ပေါ်ပြေးတက်သွားသလို ဖေဖေကလဲ အိမ်အပြင်ထွက်သွားချေပြီ။

၇တန်းဆိုတဲ့အရွယ်က နုနုနယ်နယ်လေးမဟုတ်ပါလား။ဆုံးမစကားပေမယ့် ဒီလိုကြမ်းကြမ်းတမ်းတမ်းမျိုးတော့ ဘယ်သူမှမလိုချင်ရိုးအမှန်ပါ။

ပိတ်ထားတဲ့ငြိမ်းငြိမ်းအခန်းတံခါးကိုအသာဟကာကြည့်တော့ ကုတင်ဘေးကကြမ်းပြင်ပေါ်ငုတ်တုပ်လေးထိုင်ပြီး အသံမထွက်အောင်ငိုနေသည်။

"ငြိမ်းငြိမ်း"

အသံတိုးတိုးနဲ့ခေါ်လိုက်သော်ငြား ဆက်ခနဲတုန်သွားတဲ့ခန္ဓာကိုယ်လေးဟာ တစ်ခုခုကိုစိုးထိတ်နေတယ်ဆိုတာအထင်းသား။

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now