Chapter 6

790 79 1
                                    

Unicode

"အစ်ကိုက အခုတော့ ညီမကို ပစ်ထားပြီပေါ့လေ"

ကောင်ဆိုးလေးက သူပျင်းပြီဆို ကလေးတစ်ယောက်လို ကျွန်တော့်ဘေးရောက်လာတတ်သည်။ အဲ့သလိုအချိန်တိုင်း သူမ သာ ကျွန်တော့် ညီမအရင်းလေးဆို ကောင်းမှာဘဲ ဆိုတဲ့ အတွေးဝင်ရသည်။

"ဟောဗျာ မပစ်ထားပါဘူးဗျာ"

အတန်းတစ်ချိန်ပြီးတိုင်း ကြားထဲမှာ breaktime လေးတွေရှိတာမလို့ အားတိုင်း ခုံတန်းမှာ ကျွန်တော်တို့နှစ်ယောက်အတူတူထိုင်ပြီး စကားပြောတတ်သည်။ တစ်ခါတစ်လေ စကားအပြောလွန်ပြီး နောက်အချိန်အတန်း နောက်ကျလို့အဆူခံရပေါင်းလည်းမနည်း။

"သွားပါ..စကားလာမပြောဘဲ ပစ်တုန်းက ပစ်ထားပြီး"

"ကယ်အခုမပစ်ထားတော့ဘူး ဘာလုပ်ချင်လဲပြော"

"မသိဘူး ပျင်းတယ်..တစ်ခုခုပြောပြ"

"ဘာပြောပြရမလဲ..ဒါမှမဟုတ်ဘာသိချင်တာရှိလဲ"

"အဲ့လို‌ကြီး သူများအကြောင်းမေးရမှာအားနာလို့"

"ဘာမှမဖြစ်ပါဘူး အကုန်ပြောပြလို့ရပါတယ်"

"အဲ့တာဆို ဘာတွေကြိုက်တတ်လဲ"

"ကြိုက်တာကလား..umm"
ကျွန်တော် တစ်ချက်မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်သည်။
"ကောင်းကင်ကြီးကိုကြိုက်တယ်"

"ဘာဖြစ်လို့လဲ"

"ပြီးတော့အိပ်ရတာကြိုက်တယ်"

"အိပ်ရတာကတော့လူတိုင်းကြိုက်တာပဲကို"

"အစ်ကိုကသူများတွေထက်ပိုကြိုက်တယ် ဘာလို့လဲဆိုတော့"
"အစ်ကို့ အိပ်မက်တွေကအမြဲထူးဆန်းပြီး အိပ်မက်ထဲမှာ ကောင်းကင်ကြီးက အရမ်းလှလို့"

"ဘယ်လိုလှတာလဲ"

"နေ့ဘက်ကောင်းကင်ဆိုရင်ကွာ တိမ်တွေကလည်းအရမ်းလှပြီး တစ်ခါတစ်လေ နဂါးတွေအများကြီးပျံနေတတ်တယ်..တစ်ခေါက်ကဆို တိမ်စိုင်တွေနဲ့လုပ်ထားတဲ့ နဂါးအကြီးကြီးက အစ်ကို့ကိုစကားတောင်လာပြောတယ်"

ကျွန်တော် ပြောသမျှကို သူမက စိတ်ဝင်တစားနဲ့ နားထောင်ပေးသည်။

Fly Me to the Star( Completed )Where stories live. Discover now