ဘုရားကနေ အိမ်ပြန်ရောက်ကတည်းက ထူးအောင်တစ်ယောက်ထွက်သွားလိုက်တာ အခုထိပေါ်မလာ။ ဘယ်တွေသွားနေလဲမသိ။ ညနေတောင်စောင်းနေပြီကို။ ကျွန်တော်က စိတ်ဆိုးချင်ယောင်ဆောင်နေလို့သာ လိုက်မသွားတာ။ စိတ်ကတော့ နည်းနည်းလေးမှမချ။
အစကတော့ တကယ်စိတ်မကောင်းဖြစ်သွားတယ်။ နမ်းတာကိုတွန်းထုတ်ပစ်တော့ ရှက်လည်းရှက်မိတယ်။ နောက် ပြန်စဉ်းစားလိုက်မှ ထူးအောင်အလွန်မဟုတ်။ ကျွန်တော်ကသာ လွန်သွားခဲ့တာ။ တကယ်ဆို ထူးအောင်က ကျွန်တော့်ကို ချစ်တာမဟုတ်ဘူး။ သူထောင်ကျမှာကြောက်လို့သာ ကျွန်တော်နဲ့လက်ထပ်လိုက်ရတာ။ ရုတ်တရက်ကြီး သွားနမ်းတော့ လန့်ပြီးတွန်းထုတ်မိမှာပေါ့လေ။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ အဲ့တုန်းက ထူးအောင်ကိုတအားအူယားသွားပြီး အသားယူမိသွားတာ။တကယ်ဆို တစ်ဆင့်ချင်းသွားရမှာ။ ကျွန်တော့်အဆင့်က အပွေ့အဖက်အဆင့်ပဲ ရှိသေးတာ။ နမ်းတဲ့အဆင့်ထိမရောက်သေး။ ဒါကိုသွားနမ်းတော့ ခံရပြီပေါ့။
အငြင်းခံရတော့ ရှက်ပြီး မျက်နှာတွေပူလာတယ်။ ကျွန်တော့်ကိုများ စိတ်ဆိုးသွားပြီလားဆိုပြီး ထူးအောင်ကိုလည်း မကြည့်ရဲ့ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ထင်သလိုမဟုတ်။ ထူးအောင်က ကျွန်တော့်ကိုစိတ်မဆိုးတဲ့အပြင် ကျွန်တော်စိတ်ဆိုးနေတယ်ထင်ပြီး ကျွန်တော့်ကိုတကြည့်ကြည့်နဲ့။ ခါတိုင်းစကားနည်းတဲ့သူက စကားတွေလည်းပြောတယ်။
ဆိုင်ကယ်စီးတော့လည်း ဘက်မှန်တစ်ဖက်ကို ကျွန်တော့်မျက်နှာကိုချိန်ပြီး တစ်လမ်းလုံးကြည့်လာတယ်။ မှန်ထဲကနေ သူကျွန်တော့်ကိုမြင်ရရင် ကျွန်တော်ကလည်းသူ့ပြန်မြင်ရမယ်ဆိုတာ မသိတာလား၊ မေ့နေတာလားတော့ မပြောတတ်ဘူး။ ကျွန်တော့်ကိုကြည့်လိုက် မျက်မှောင်ကုတ်လိုက်နဲ့ ဘာတွေစဉ်းစားနေလည်း မသိဘူး။ သူလုပ်နေပုံက ရေခဲတုံးကို အပူပေးနေသလိုပဲ ဒီမှာအရည်ပျော်ကျချင်နေပြီ။ စိတ်ရှိလက်ရှိသာဆို အနောက်ကနေ သူ့ကုတ်ပိုးကို သွားရာအကွင်းလိုက်ထင်အောင် ကိုက်ပစ်လိုက်ချင်တယ် တကယ်။
-------------------------------------------------------
(6)နာရီလောက်ကျတော့ ထူးအောင်ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း အပေါ်ထပ်ကို ကုတ်ကုတ်,ကုတ်ကုတ်နဲ့ တက်သွားတယ်။ ပြီးတော့ပြန်ဆင်းလာတယ်။ ရေချိုးတယ်။ (6)နာရီခွဲလောက်ကျတော့ ထမင်းစားကြတယ်။ ထမင်းဝိုင်းရောက်တော့ ဧည့်သည်တွေပစ်ပြီး ဘယ်တွေလျှောက်သွားနေတာလဲတဲ့ ထူးအောင်အမေက သူ့သားကိုမေးနေတယ်။ ထူးအောင်ကပြန်မဖြေဘူး။ တော်တော်မလိမ္မာတဲ့သား။
ကိုယ့်အိမ်လို့သဘောထားပြီး စားချင်တာထည့်စားကြတဲ့ ထူးအောင်အမေက ပြောတယ်။ ချက်ထားတာတွေကတော့ စုံလို့။ ကုလားပဲအရည်သောက်ကိုမှ ခွေးတောက်အဖူးလေးတွေ ထည့်ချက်ထားတယ်။ သောက်ရတာ ခါးသပ်သပ်လေးနဲ့ တအားကောင်းပဲ။ နောက်တစ်ခွက်က ပုဇွန်ချက်။ မြစ်ထဲကပုဇွန်မို့ထင်ပါတယ် အတော်လေးစားကောင်းတယ်။ ပြီးတော့ ငံပြာရည်ဖျော်၊ ကျောက်ကွဲရွက်သုပ်နဲ့ ငါးကြော်လည်းပါသေးတယ်။
ထူးအောင်က ငါးကြော်တွေအရိုးနွှင်ပြီး ကျွန်တော့်ပန်းကန်ထဲထည့်ပေးတယ်။ ကျောက်ကွဲရွက်သုပ်ကိုလည်း မစားဖူးဘူးမလား စာကြည့်ကောင်းတယ်ဆိုပြီး ကျွန်တော့်ဘက်ကို တိုးပေးပြန်တယ်။ ကျောက်ကွဲရွက်သုပ်ကိုတော့ ထူးအောင်စိတ်ကျေနပ်အောင် တစ်ဇွန်းစားပေးလိုက်တယ်။ ကျွန်တော်က အရွက်တွေကိုအစိမ်းသုပ်ရင် မကြိုက်ဘူး။ စိမ်းစော်နံရင် စားမဝင်ဘူး ပါးစပ်က။ ပြုတ်ပြီးသုပ်ရင်တော့ ကြိုက်တယ်။ ကျောက်ကွဲရွက်ကို ကျွန်တော်ထပ်ထည့်မစားတော့ မကြိုက်ဘူးလားတဲ့ ထူးအောင်ကမေးတယ်။ ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ နောက်တစ်ခါကျောက်ကွဲရွက်မသုပ်နဲ့တော့တဲ့ သူ့အမေတို့ဘက်ကို လှည့်ပြောနေတယ်။ ကျွန်တော်အားနာပြီး မျက်နှာတွေပူလွန်းလို့ ဘယ်လိုနေရမှန်းကို မသိတော့ဘူး။
အခုမှသေချာကြည့်မိတယ်။ ထူးအောင်အမေနဲ့အမက ခုထိထမင်းတစ်စေ့မှ မစားရသေး။ နှစ်ယောက်သား မျက်လုံးအပြူးသားနဲ့ ကျွန်တော်တို့ကိုကြည့်နေကြတာ။ ပြီးတော့ ကောက်ခါငင်ကာနဲ့ သားမှာ အမတို့ညီမတို့ရှိလားတဲ့ ကျွန်တော့်ကို မေးတယ်။ ညီလေးတစ်ယောက်ပဲ ရှိတယ်လို့ ကျွန်တော်ပြန်ဖြေတော့ ကိုယ့်အမေကိုတောင် တစ်ခါမှဦးချပြီး မစားဖူးတဲ့အကောင်က ထူးထူးဆန်းဆန်းတဲ့ သူဘာသာသူရေရွတ်နေတယ်။
စားသောက်ပြီး မကြာဘူး ထူးအောင်ဦးလေးတို့လင်မယားဆိုတာ ရောက်လာကြတယ်။ ဧည့်သည်တွေပါလာတယ်ဆိုလို့ စကားလေးဘာလေး လာပြောတာတဲ့။ ထူးအောင်အမေက လက်ဖက်သုပ်၊ ငါးခြောက်ဖုတ်နဲ့ ရေနွေးကြမ်းပြင်တယ်။ အပြင်ဘက်က ကွပ်ပျစ်မှာ ထိုင်ပြီးစကားပြောဖြစ်ကြတယ်။
သူတို့ရွာက တစ်ရွာလုံးလိုလို မြန်မာမှု ပန်းတော့လုပ်ငန်းကို လုပ်ကိုင်ကြတာတဲ့။ အင်္ဂတေနဲ့လုပ်ရတဲ့ ဘုရား၊ စေတီ၊ ပလ္လင်တကဲ၊ ပြဿဒ်၊ မုဒ်ဦး၊ ဘုရားတန်ဆောင်း၊ ပုံတူရုပ်ထု စတာတွေ။ ဝင်ငွေလည်း အရမ်းကောင်းတယ်။ ဘုန်းကြီးကျောင်းပေါက်ဝ မုဒ်ဦးတစ်လုံးကို သိန်းဆယ်ချီပြီးရတယ်။ မြန်မာမှုက များသောအားဖြစ် ပေနဲ့တွက်ပြီး တစ်လုံးစာအပြီးအစီးတောင်းရတာမို့ ကြီးရင်ကြီးသလို သေးရင်သေးသလို ငွေကကွာတယ်။ လုပ်ရတာလက်ဝင်တာမို့ ငွေကလည်းအရမ်းရတယ်။
အဲ့လိုလုပ်တတ်ဖို့ကလည်း မလွယ်ခဲ့။ နှစ်ချီပြီးသင်ရတယ်။ ဒါကြောင့် ရွာကကောင်လေးတွေက ကျောင်းဖွင့်ရင်ကျောင်းတက်ပြီး နွေကျောင်းပိတ်တိုင်း မြန်မာမှုလိုက်လုပ်ပြီး ပညာသင်ကြရတယ်။ အစပိုင်းတော့ နောက်လိုက်အနေနဲ့မို့ အတော်လေးပင်ပန်းတယ်။ ညဘက်တွေဆို ပန်းပုံတွေ အဆွဲကျင့်ရတယ်။ အဲ့လိုမျိုး တစ်ခါကျောင်းပိတ်လိုက် လိုက်သင်လိုက်နဲ့ဆိုတော့ ဘွဲ့ရတဲ့အချိန်ဆို အတော်လေးတတ်နေပြီ။
စစ်ကိုင်းက နယ်မြို့လေးဖြစ်တာမို့ အလုပ်အကိုင်အခွင့်အလမ်းက မပေါ။ အဲ့ဒါကြောင့် ထူးအောင်တို့ရွာက များသောအားဖြင့် ဘွဲ့ရပြီးလည်း မြန်မာမှုပဲလုပ်ကိုင်ကြတယ်။ ထူးအောင်တောင် လိုက်လုပ်ဖူးလောက်မယ်ထင်တယ်။
ထူးအောင်တို့ရွာက ထရံကာအိမ်ရယ်လို့သိပ်မရှိ။ တိုက်အိမ်တွေချည်းပဲ။ ဒါလည်းမထူးဆန်းပါဘူး။ ပန်းရန်နဲ့ ပန်းတော့က အခြေခံတွေတူတာမို့ ကိုယ့်ဘာသာကိုယ်ဆောက်ထားကြတာ။ ခြံတွေကလည်းကျယ်တယ်။ လူတွေကလည်းများတယ်။ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးလူလူပဲနေတတ်ကြတယ်။
ထူးအောင်တို့ကကျတော့ တအားမဆင်းရဲပေမယ့် မချမ်းသာ။ စားနိုင်သောက်နိုင်ရုံ။ အဖေက မရှိတော့။ အမေနဲ့အမက လယ်အလုပ်လုပ်တယ်။ လယ်ကလည်း အပိုင်မဟုတ်။ နှစ်တိုင်းနှစ်တိုင်း ရွာကချပေးတဲ့လယ်။ သူတို့ရွာက တစ်နှစ်တစ်ခါ အိမ်ထောင်စုဆယ်စုကို လယ်တစ်ကွက်အငှါးချပေးတယ်။ ပိုက်ဆံပေးစရာမလို။ လယ်လုပ်ချင်တဲ့လူက လယ်မလုပ်တဲ့လူတွေထဲကနေ အိမ်ထောင်စုဇယားဆယ်ခုပြည့်အောင်လိုက်တောင်းရတယ်။ ဆယ်ခုပြည့်တာနဲ့ ရွာလူကြီးဆီမှာသွားပြီး စာရင်းတင်။ အဲ့လိုမျိုးလုပ်ရတာ။ ထူးအောင်နှမြောတာမဆန်းတော့။ သူတို့အိမ်အကြောင်း သူသိတာမို့။
(9)နာရီကျော်လောက်ကျတော့ ထူးအောင်ဦးလေးတို့ ပြန်သွားကြတယ်။ ကျွန်တော်တို့လည်း အိပ်ဖို့ပြင်တယ်။ ထူးအောင်က ချက်ချင်းမအိပ်။ ခြင်ထောင်ထဲကို စာအုပ်ယူလာပြီးဖတ်နေတယ်။ ဘာတဲ့။ တစ်အုပ်က"လင်နဲ့မယား လျှာနဲ့သွား" နောက်တစ်အုပ်က"အိမ်ထောင်သည်ဘဝ"တဲ့။
ဘာအရူးထပြန်ပြီးလဲ မသိဘူး။ ပြီးရင်လုပ်လိမ့်မယ် တလွဲတွေ။
ထူးအောင်က စာဖတ်နေတာ တော်တော်နဲ့မပြီး။ အတော်လေးကြာမှ မောင်ထူးဆိုပြီး ကျွန်တော့်လက်မောင်းကို လာထိတယ်။ ကျွန်တော်က သူ့ကိုကျောပေးအိပ်နေတာမို့ သူ့မျက်နှာကိုမမြင်ရ။
"အင်း"လို့ ကျွန်တော်ပြန်ပြီး အသံပေးလိုက်တော့ "ငါလက်ညောင်းတုန်းကတိုက်တဲ့ဆေး ပါသေးလား"တဲ့ မေးတယ်။
"မပါခဲ့ဘူး... မင်းညောင်းနေလို့လား"
ကျွန်တော်ပြန်မေးတော့ အင်း.. တော်တော်ညောင်းနေပြီတဲ့ သူက ပြန်ဖြေတယ်။ ကျွန်တော်သူ့ဘက်လှည့်ပြီး ဘယ်နေရာညောင်းနေတာလဲ နှိပ်ပေးမယ်ဆိုတော့ ရတယ်...ရတယ်တဲ့။ ပြီးတော့ အောက်ထပ်မှာအိပ်နေတဲ့ သူ့အမေကိုလှမ်းအော်တယ်။
"ညောင်းရင်ဘာလုပ်ရတာလဲ...အမေ"
သူ့အမေကလည်း ပြန်ဖြေတယ်။ သံပုရာသီးခူးပြီး ညောင်းတဲ့နေရာကို လှိမ့်နေလိုက်တဲ့။ ချက်ချင်းသက်သာလိမ့်မယ်တဲ့။
ထူးအောင်က ကျွန်တော့်ကိုကြည့်တယ်။ ခြံထဲဆင်းပြီး သံပုရာသီး သွားခူးပေးပါလားတဲ့။ အသေးဆုံးလေးရှာခူးခဲ့တဲ့ ခိုင်းတယ်။ ကျွန်တော်ခူးပြီးတော့ ဘယ်နေရာညောင်းတာလဲ ငါလှိမ့်ပေးမယ်ဆိုတော့ မဟုတ်။ သူဘာသာသူလုပ်မယ်တဲ့။ ဘယ်လိုမှပြောလို့မရဘူး။ အဲ့ဒါနဲ့ ဒီတိုင်းပဲကြည့်နေလိုက်ရတယ်။
ထူးအောင်က ဟိုဘက်ကိုလှည့်ပြီး ကွေးကွေးလေးလှဲအိပ်လိုက်တယ်။ လက်တစ်ဖက်က သံပုရာသီးကိုကိုင်ပြီး ပုဆိုးထဲဝင်တယ်။ ပေါင်တွေညောင်းနေလို့လား ကျွန်တော်မေးတော့ ပြန်မဖြေဘူး။ တအောင့်လောက်နေတော့ တစ်ဖက်ထဲလှိမ့်ရတာ အဆင်မပြေလို့ထင်တယ်။ နောက်လက်တစ်ဖက်ပါ ပုဆိုးထဲဝင်သွားတယ်။ ကျွန်တော်မနေနိုင်တော့။ အဆင်မပြေတာကို ပေတေပြီးလုပ်နေတယ်။ ကျွန်တော်စိတ်တိုတိုနဲ့ ဟိုဘက်လှည့်နေတဲ့သူ့ကို ဒီဘက်ဆွဲလှည့်ပစ်လိုက်တယ်။
"ဟာ..."
သူညောင်းနေတာ ခြေထောက်မဟုတ်။ ပေါင်လည်းမဟုတ်။ ပေါင်နှစ်ချောင်းကြားက ဟိုကောင်။ ချက်အောက်တည့်တည့်ကကောင်။ ထောင်နေရတာကြာလို့ ညောင်းနေခြင်း။ နေပါဦး ဒါဆို သံပုရာသီးနဲ့လှိမ့်နေတာက အဲ့ဟာကိုပေါ့။ ကျွန်တော်မှာ ရယ်ရခက်ခက် ငိုရခက်နဲ့။ အကိုက်အခဲပျောက်ဆေးတောင် သောက်ဦးမယ်ဆိုပဲ။ ထူးအောင်ရေ... ထူးအောင်ရဲ့။ ဘယ်လိုဦးနှောက်နဲ့များ တွေးချပစ်လိုက်ရတာလဲ။