ထူးအောင်ဆီ စိတ်မရောက်အောင် နေနေရင်းနဲ့ ကျွန်တော် လက်ကောက်ဝတ်ကို တစ်ခါလှီးဖြတ်မိသွားတယ်။ တကယ်ကစမ်းသပ်ကြည့်တာပါ။ စိတ်ထဲကဒဏ်ရာနဲ့ အပြင်ကဒဏ်ရာ ဘယ်အရာကပိုပြီး နာကျင်လဲလို့။ အမေတို့ကတော့ အရမ်းလန့်သွားကြမယ်ထင်တယ်။ ကျွန်တော့်ကိုအရိပ်တကြည့်ကြည့်နဲ့။
တစ်ရက်ကျတော့ ကိုဇော်ဇော်က အားရဝမ်းသာနဲ့ ဖုန်းဆက်တယ်။ ထူးအောင်လေးပြန်ရောက်နေပြီတဲ့။ ပျော်လိုက်တာဆိုတာလေ။ တွေ့ချင်လွန်းလို့ အပြေးလေး သူ့အိမ်ရှေ့သွားကြည့်လိုက်တယ်။ အသားတွေဖြူလာလိုက်တာ။ အရပ်လည်းရှည်လာသလိုပဲ။ ပိုပြီးကြည့်ကောင်းလာတယ်။
ဆယ်တန်းရောက်တော့ ထူးအောင်က စက်ဘီးနဲ့ ကျောင်းလာတာမို့ သူ့ဦးလေးလာကြိုမှာကို မစောင့်ရတော့ဘူး။ ကျောင်းဆင်းရင် ချက်ချင်းပြန်တယ်။ အိမ်ပြန်တာတော့မဟုတ်ဘူး။ ကျူရှင်သွားတာ။ ကျူရှင်က အချိန်နဲ့ဆိုတော့ သူ့ဦးလေးကိုစောင့်နေရင် တက်လိုက်ရမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် စက်ဘီးနဲ့လာတာထင်တယ်။ ထူးအောင်က စက်ဘီးနဲ့လာတော့ ခါတိုင်းလို ကျောင်းဆင်းချိန်တိုင်း ကျွန်တော်ငေးကြည့်လို့ မရတော့ဘူး။
ထူအောင်ကိုအစက ကျွန်တော့်ထက် တစ်တန်းလောက်ငယ်မယ်လို့ထင်ထားတာ။ ကျောင်းဆင်းတိုင်းတွေ့ရတာပဲမို့ ထူးအောင်ဘယ်အတန်းကလဲဆိုတာကို အမှတ်မထားဖြစ်ခဲ့ဘူး။ ကျောင်းဝန်းထဲမှာလည်း တစ်ခါမှမဆုံဖူးဘူး။ တကယ်က ကျွန်တော်နဲ့ထူးအောင်က အတန်းအတူတူပဲ ဖြစ်နေတယ်။ ထူးအောင်က (A)ခန်း၊ ကျွန်တော်က (D)ခန်း။ အခန်းပဲကွာတယ်။
ကျောင်းဆင်းချိန်တွေ မတွေ့ရတော့ မုန့်စားဆင်ချိန်တို့၊ ထမင်းစားကျောင်းဆင်းချိန်တို့ဆိုရင် (A)ခန်းရှေ့မှာ မယောင်မလည်နဲ့ ထူးအောင်ကို သွားသွားချောင်းဖြစ်တယ်။ အချိန်တွေကြာလာတော့ ချောင်းကြည့်ရုံနဲ့ မလုံလောက်ချင်တော့ဘူး။ ကျွန်တော် ထူးအောင်နဲ့ စကားပြောချင်လာတယ်။ ခင်ချင်တယ်။ သူငယ်ချင်းတွေဖြစ်ချင်မိတယ်။
ဆယ်တန်းနှစ်က အတော်ဆိုးတယ်။ ထူးအောင်နဲ့ကျွန်တော်က အရမ်းစိမ်းသွားသလို ခံစားရတယ်။ အရင်ကလည်း မခင်ပါဘူး။ ဒါပေမဲ့ သူရေးတဲ့ စာလေးတွေ၊ သူဆွဲတဲ့ ဗရုတ်သုတ်ခပုံလေးတွေ တွေ့နေမြင်နေရတော့ ရင်နှီးတယ်လို့ခံစားရတာ။ အခုက ဘာဆိုဘာမှ မမြင်ရတော့ဘူး။
စာကျက်ရတာစိတ်မပါပေမယ့် ကိုဇော်ဇော်က စာမေးပွဲကိုအောင်,အောင်ဖြေတဲ့။ စာမေးပွဲပြီးတာနဲ့ ထူးအောင်နဲ့ ဘယ်လိုခင်အောင်လုပ်ရမလဲဆိုတာကို အတူတူအကြံဉာဏ်ထုတ်ရအောင်တဲ့။ ထူးအောင်က အောင်မှာသေချာတာမို့ မင်းကမကျစေနဲ့တဲ့။ အဲ့ဒါနဲ့ ကျွန်တော်စာတွေကျက်နေရတယ်။ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့လို့မဖြစ်ဘူးလေ။
ကျောင်းတွေပိတ်တော့ ထူးအောင်က ရွာပြန်သွားပြန်တယ်။ ကျွန်တော်ကတော့ ထူးအောင်နဲ့ ဘယ်လိုခင်အောင်လုပ်ရမလဲဆိုပြီး နေ့တိုင်းအကြံထုတ်နေတယ်။ အောင်စာရင်းထွက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးအောင်တယ်။ ထူးအောင်လည်းပြန်ရောက်လာတယ်။
နောက်တော့ ကိုဇော်ဇော်ကပြောတယ်။ ထူးအောင်က အဆောင်နေမှာတဲ့။ ကျွန်တော်လည်းလိုက်နေချင်ပေမယ့် အိမ်ကစိတ်မချလောက်ဘူး။ ဒါပေမဲ့ နေခိုင်းပါတယ်။ ထူးအောင်က ကျွန်တော့်အတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုတာ သိနေကြတာမို့။
ကိုဇော်ဇော် ဘယ်လိုလုပ်လိုက်လဲမသိဘူး။ ထူးအောင်နဲ့ကျွန်တော်က အခန်းအတူတူ နေရတယ်။
ရင်တော့ခုန်နေမိတယ်။ ကျွန်တော် ထူးအောင်ကို နီးနီးကပ်ကပ်မမြင်ဖူးသလို စကားလည်းတစ်ခါမှ မပြောဖူးဘူးလေ။ ထူးအောင်က ဘယ်လိုလူမျိုးလေးလဲ။ ဘာတွေကြိုက်တတ်သလဲ။ ဘာတွေဝါသနာပါလဲ။ အကုန်အကုန်သိချင်နေတယ်။
------------------------------------------------------
ထူးအောင်က စကားအရမ်းနည်းတဲ့ကောင်လေး။ မေးရင်လည်း ခေါင်းညိတ်၊ ခေါင်းခါလုပ်တာများတယ်။ လေချွေတာနေတာလားတော့မသိဘူး။ စကားသိပ်မပြောဘူး။ သူကမှောင်ရင်မအိပ်တတ်ဘူး။ အဲ့ဒါကြောင့် တစ်ညလုံးမီးဖွင့်ပေးထားရတယ်။ ကျွန်တော်ကတော့ ဘယ်လိုနေနေအိပ်တတ်ပါတယ်။
တစ်ညလုံးမီးလင်းနေတော့ ထူးအောင်အိပ်ပျော်နေတဲ့ပုံလေး ခိုးကြည့်ရမယ်လို့ တွေးထားပေမယ့် ထူးအောင်ခြင်ထောင်က အပြင်ကနေဆို မမြင်ရဘူး။ တကယ်ဆိုးတယ်။
ထူးအောင်က မနက်ခင်းဆို ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတစ်ခွက်သောက်တယ်။ အရင်ကပြောတော့ ကော်ဖီမကြိုက်ဘူးဆိုပြီး အခုကျတော့ ကော်ဖီတွေဘာတွေသောက်လို့။ နေ့လယ်စာကို ကျောင်းမှာစားပြီး ညနေစာကိုကျတော့ အဆောင်နားကဆိုင်မှာ သွားစားတတ်တယ်။ တစ်ခါတလေဆိုရင် ခေါက်ဆွဲပြုတ်စားတယ်။
ထူးအောင်ကကျွန်တော့်ကို သူ့အခန်းဖော်မို့ထင်ပါတယ် စကားတော့ပြောတယ်။ တစ်ခါတလေဆို ကျောင်းအတူတူသွားတယ်။ အဆောင်နဲ့ကျောင်းက နာရီဝက်လောက် လမ်းလျှောက်ရင်ရောက်တာမို့ လမ်းလျှောက်ပြီးကျောင်းတက်တယ်။ ညညဆို စာထိုင်ကျက်တယ်။ ကျွန်တော်သူ့ကိုငေးနေလည်း သူက မသိဘူး။ ပတ်ဝန်းကျင်ကိုလည်း အာရုံမရှိဘူး။
ထူးအောင်က အပြင်သိပ်မထွက်ဘူး။ ကျောင်ပိတ်ရက်တွေလည်း အဆောင်မှာပဲနေတယ်။ ဘယ်မှလည်းမသွားဘူး။ ကျွန်တော်ကတော့ ကျောင်းပိတ်ရက်ဆို အိမ်ခဏပြန်တယ်။ လိုအပ်တာတွေယူတယ်။ ထူးအောင်ကြိုက်မယ်ထင်တဲ့ မုန့်ကလေးတွေဝယ်တယ်။ ထူးအောင်ကလူတစ်မျိုး အောက်ကမုန့်သာစားတာ ကျွန်တော်ကျွေးသမျှမုန့်တွေ တစ်ခုမှမစားဘူး။ သူမကြိုက်လို့မစားတာနေမှာဆိုပြီး မုန့်တွေပြောင်းပြောင်းကျွေးပေမယ့် တစ်ခါမှမစားခဲ့ဘူး။
နောက်နည်းနည်းရင်းနှီးလာလို့ ကျွန်တော် သူ့ကို မေးကြည့်လိုက်မှ သူ့မုန့်ပြန်ကျွေးရမှာစိုးလို့မစားတာတဲ့။ တကယ့်ဟာလေး။
------------------------------------------------------------
ဒီနေ့တော့ မနက်အိပ်ရာနိုးကတည်းက မိုးတွေရွာနေတယ်။ တစ်နေကုန်လည်း တိတ်မယ့်ပုံမပေါ်ဘူး။ ရာသီဥတုက မှိုင်းမှိုင်းထိုင်းထိုင်းနဲ့။ ကျွန်တော်ကချမ်းလို့ စောင်နဲ့ကွေးနေပေမယ့် ထူးအောင်ကတော့ ရေတွေပါချိုးနေတယ်။ ရေချိုးပြီးတော့ ချမ်းလို့ထင်ပါရဲ့ ဆွယ်တာအင်္ကျီဝတ်လိုက်တယ်။ ပြီးတော့ ရေနွေးအိုးတည်နေတယ်။ ကျွန်တော် အိပ်ရာထဲကနေ သူလုပ်တာတွေ အကုန်လိုက်ကြည့်နေလိုက်တယ်။ လျှပ်စစ်ရေနွေးအိုးဖြစ်တာမို့ ရေနွေးအိုးက ခဏလေးနဲ့ဆူသွားတယ်။ ရေနွေးဆူသွားတော့ ဓာတ်ဗူးထဲကိုထည့်ပြီး လက်ဖက်ခြောက်ခပ်တယ်။ ပြီးတော့ ဖန်ခွက်တစ်လုံးယူတယ်။ စာကြည့်စားပွဲကို ပြတင်းပေါက်နားရွှေ့တယ်။ အဲ့စားပွဲပေါ်ကို ဓာတ်ဗူးနဲ့ဖန်ခွက်တင်တယ်။ ပြီးတော့ ဘာရှာနေလဲမသိဘူး ေလျှာက်ရှာနေတယ်။
ကျွန်တော် အိပ်နေရာကနေ ထထိုင်လိုက်တယ်။ ထူးအောင်က ကျွန်တော်ကိုကြည့်ပြီး "ကော်ဖီမှုန့်တစ်ဇွန်းလောက်ပေးပါလား"တဲ့ တောင်းတယ်။ ကျွန်တော်ခဏတော့ ကြောင်သွားတယ်။ ထူးအောင်ရဲ့ ငါ့ကော်ဖီထုပ်က ကုန်နေလို့ဆိုတဲ့ စကားကြားမှပြန်အသိကပ်တယ်။ တစ်ဇွန်းတည်းနဲ့ရလို့လား။ ကျွန်တော်မေးတော့ ရတယ်တဲ့။ ကော်ဖီအရောင်ပေါက်သွားရင်ပြီးရောတဲ့ ပြန်ဖြေတယ်။
ကျွန်တော် သူပြောသလို ကော်ဖီတစ်ဇွန်း ထည့်ပေးလိုက်တယ်။ မိုးရွာတာနဲ့ကော်ဖီကလိုက်တယ် မင်းရောမသောက်ဘူးလားတဲ့ ထူးအောင်ကမေးတယ်။ အဲ့ဒါနဲ့ ကျွန်တော့်အတွက်ပါ ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီး သူ့ဘေးမှာ ခပ်တည်တည်နဲ့ဝင်ထိုက်ပစ်လိုက်တယ်။ အခွင့်အရေးဆိုတာမျိုးက နှစ်ခါမရဘူးမလားလေ။
အပြင်မှာ အဆောင်ကလူတချို့ ဘောလုံးထွက်ကန်နေကြတယ်။ ထူးအောင်က ကော်ဖီလေးသောက်လိုက် အပြင်ငေးလိုက်နဲ့...
မင်းရော မိုးရေချိုးရတာကြိုက်လားတဲ့ ကျွန်တော့်ကိုမေးတယ်။
"ဟင့်အင်း... တစ်ခါမှတော့မချိုးဖူးဘူး.... မင်းရော"
"ငါလည်းမကြိုက်ဘူး.... မိုးရေချိုးနေတုန်း မိုးကြိုးပစ်သွားမှဖြင့် မည်းမည်းကြီးသေနေမယ်"
"......"
ကျွန်တော် ဘာပြန်ပြောရမှန်းကို မသိတော့ပါ။ အဲ့ဒါကြောင့် အတော်လေးကြာမှ
"မိုးရွာတာက စာအုပ်လေးဖတ်ပြီး ကော်ဖီလေးသောက်၊ အဲ့လိုကပိုလိုက်တာမလား"
ကျွန်တော်မေးလိုက်တယ်။
"အင်း... စာအုပ်တွေကအိမ်မှာကျန်ခဲ့လို့.... ကျောင်းစာ
တွေကျတော့လည်း မဖတ်ချင်ဘူး...
တကယ်ဆို စာအုပ်လေးဖတ်လိုက် ကော်ဖီလေးသောက်လိုက်လုပ်နေရမှာ"
စာဖတ်ရတာဝါသနာမပါလို့ ကျွန်တော့်မှာလည်း ဘာစာအုပ်မှမရှိဘူး။ စာဖတ်ချင်နေတဲ့ ထူးအောင်ကိုလည်း စာအုပ်ဖတ်စေချင်နေတယ်။ နောက်ဆုံးတော့ အားနာနာနဲ့ပဲ ကိုဇော်ဇော်ကို sms ပို့လိုက်ရတယ်။ စာအုပ်တစ်အုပ်လောက် အမြန်ဝယ်ပေးပါဦးလို့။
ဘယ်စာရေးဆရာကို အကြိုက်ဆုံးလဲလို့ ကျွန်တော် ထူးအောင်ကိုမေးတော့ သိုးဆောင်းကိုအကြိုက်ဆုံးတဲ့ သူက ပြန်ဖြေတယ်။ သိုးဆောင်းက ဘယ်လိုအမျိုးအစားတွေ ရေးတာလဲဆိုပြီး ကျွန်တော်ထပ်မေးတော့ ကျွန်တော်နဲ့ စကားမပြောချင်တော့လို့ထင်ပါတယ် မသိဘူးတဲ့ ပြန်ဖြေတယ်။ စကားစက ဒီမှာတင်ပြတ်ပြီ။ ကျွန်တော်ဘာဆက်ပြောရမှန်း မသိတော့။
"ဘယ်စာရေးဆရာကို အကြိုက်ဆုံးလဲလို့မေးရင် ဖြေနိုင်အောင်လို့ စာရေးဆရာတွေရဲ့နာမည်တွေကို လိုက်ကြည့်ထားတာ။ သိုးဆောင်းဆိုတဲ့ နာမည်ကလှလို့။ ပြီးတော့ လူပြောလည်းများလို့ ဒီလိုပဲကြိုက်လိုက်ပြီး အကြိုက်ဆုံးစာရေးဆရာအဖြစ် သက်မှတ်လိုက်တာ။ သူ့စာအုပ်တွေကိုတော့ တစ်ခါမှမဖတ်ဖူးသေးဘူး။ အဲ့ဒါကြောင့် ဘာအမျိုးအစားတွေရေးတာလဲဆိုတာကို မသိဘူး"
အချိန်အတော်ကြာမှ ထူးအောင်ဆီကနေ ထွက်လာတဲ့ စကားသံဖြစ်တယ်။ နာမည်လေးလှလို့ ကြိုက်လိုက်တာဆိုပဲ... အဲ့လိုလည်းရတာပဲလား။
အဲ့ဒီအချိန်မှာပဲ အပြင်ကနေ တံခါးခေါက်သံကြားလိုက်ရတယ်။ ကျွန်တော် တံခါးထဖွင့်ပေလိုက်တော့ ကိုဇော်ဇော်ဖြစ်နေတယ်။ ကိုဇော်ဇော်ဝယ်လာတဲ့စာအုပ်က အထူကြီး။ 'မှောင်သောအလင်း'တဲ့ နာမည်က။ ကောင်းတယ်ဆိုလို့ဝယ်လာတာတဲ့။
မင်းဖတ်ချင်ရင်ဖတ်လို့ရတယ်ဆိုပြီး ကျွန်တော် ထူးအောင်ကိုပေးလိုက်တယ်။ ထူးအောင်ကဖတ်တယ်။ တစ်ရွက်နှစ်ရွက်ဖတ်လိုက် မျက်မှောင်ကုတ်ပြီးတွေးလိုက်နဲ့ အူယားစရာကောင်းအောင်လုပ်နေတယ်။
----------------------------------------------------------
ကျွန်တော်သတိထားမိနေတယ်။ အခုတလော ထူးအောင်က မျက်နှာမကောင်းဘူး။ စိတ်ညစ်နေတဲ့ပုံပေါက်နေတယ်။ နံနက်စာစားရင်းနဲ့ နေမကောင်းဘူးလားလို့ ကျွန်တော်မေးကြည့်လိုက်တော့ သူက သက်ပြင်းချတယ်။
"သိပ္ပံပညာရှင်တွေရဲ့ အဓိကဘာသာစကားက သင်္ချာတဲ့။ ဘာသာစကားမတူရင်တောင် သင်္ချာဘာသာရပ်နဲ့ စကားပြောကြတာတဲ့။ ငါအညံ့ဆုံးက သင်္ချာလေ၊ အဲ့ဒါကြောင့် ငါသိပ္ပံပညာရှင်ဖြစ်လို့မရတော့ဘူး ထင်ပါတယ်။ ငါ့အိပ်မက်က နောင်တစ်ချိန်ကျရင် သိပ္ပံပညာရှင်ဖြစ်ဖို့လေ အခုတော့...."
တရစပ်ဆိုသလို ထူးအောင်ကပြောတယ်။ အဲ့ဒါကို ဘယ်သူကပြောတာလဲလို့ ကျွန်တော်မေးတော့ မင်းပေးတဲ့စာအုပ်ထဲကပါတာတဲ့။ ဝမ်းနည်းလွန်းလို့ ထမင်းတောင်မစားနိုင်ဘူးတဲ့လေ။
မောင်ထူး>>"(●__●)"
#############
မကောင်းဘူးဆိုတာသိတယ်။ တကယ်...တကယ်...တကယ်တောင်းပန်ပါတယ်။ ထူးအောင်ဘက်က ရေးနေကျမို့ မောင်ထူးဘက်ကရေးရတာ သိပ်မရေးတတ်ဘူးဖြစ်နေတယ်။ တကယ်အားနာလိုက်တာ။ နောက်ပိုင်းတွေကျရင် ကောင်းအောင်ကြိုးစားပေးပါမယ်နော်။
ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်❤❤ ပြီးတော့ ကပ်ကပ်ဆိုတဲ့ reading list လေးတွေ့လိုက်တယ်😍 တကယ်ကျေးဇူးပါလို့။ ပျော်လွန်းလို့နေစရာမရှိတော့ဘူး (ノ^_^)ノ