ကျွန်တော်လန့်ပြီး အော်လိုက်တဲ့အချိန်မှာပဲ မီးကပြန်လင်းလာတယ်။ မီးရောင်က မျက်စိစူးနေလို့ မျက်လုံးတွေကို မှိတ်ပစ်လိုက်ရတယ်။
"အဆင်ပြေရဲ့လား"
မောင်ထူးရဲ့အသံ။ မောင်ထူးရောက်နေတာလား။ ကျွန်တော် မျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက် အကြိမ်ကြိမ်လုပ်တယ်။ ကျွန်တော်အရှေ့မှာ မောင်ထူးအမေက ရပ်နေတယ်။ အူတိအူကြောင်ပုံစံနဲ့။ အန်တီက ဘယ်လိုလုပ်။ မကွေးသွားတယ်ဆို။ ဒါဆို ခုနကတွေ့တာ မောင်ထူးအမေပေါ့။ မောင်ထူးအမေက အမှောင်ကြီးထဲကို ဘာလုပ်နေတာလဲ။
"ဦးလေးနဲ့ မကွေးလိုက်သွားတယ်ဆို"
မောင်ထူးအမေကိုကြည့်ပြီး ကျွန်တော်မေးလိုက်တယ်။
"အစကတော့ မကွေးလိုက်သွားတာပဲဆရာလေးရေ...
မိုးရွာလာတော့ အိမ်ကိုစိတ်မချလို့ ပြန်လှည့်လာကြတာ။ အိပ်ကုန်ကြပြီထင်နေတာ။ မအိပ်ကြသေးဘဲကိုး။ ဒါနဲ့ ဆရာလေးက ဒီမှာအိပ်တာလာ... ဒီလိုမှန်းသိရင် ပြန်မလာပါဘူး။ စိတ်ချလက်ချသွားပါတယ်..."
ကျွန်တော်ရှိရင်စိတ်ချရအောင် ကျွန်တော်က ရဲမှမဟုတ်တာ။ ဒါနဲ့ ကျွန်တော့်ကို ထိန်းကူလိုက်တဲ့သူက ဦးလေးလား။ ကျွန်တော်အနောက်ကို လှည့်ကြည့်လိုက်တယ်။
"မောင်ထူး!!"
ပါးစပ်ကနေယောင်ပြီးခေါ်မိသွားတယ်။ ကျွန်တော် မလဲကျအောင်ထိန်းလိုက်တဲ့သူက မောင်ထူးဖြစ်နေတယ်။ မောင်ထူးက အင်္ကျီမပါဘူး။ အပေါ်ပိုင်းဗလာနဲ့။ အောက်ပိုင်းကိုတော့ တဘက်နဲ့ပတ်ထားတယ်။
"မင်းက ဘယ်လိုလုပ်.... ရေချိုးနေတာမဟုတ်ဘူးလား"
ဟုတ်တယ်။ ကျွန်တော်အခန်းပြင်ထွက်လာတော့ မောင်ထူးက ရေချိုးနေတာ။ အခုကျ ဘယ်လိုလုပ် ကျွန်တော့်အနောက်ကို ရောက်နေခဲ့တာလဲ။ အသံမပေးဘာမပေးနဲ့။
"မီးပျက်သွားတော့ မင်းမနေရဲမှာစိုးလို့ အပြင်ထွက်လာတာ။ အပြင်ရောက်တော့ အခန်းထဲမှာ မင်းကရှိမနေဘူး။ အဲ့ဒါနဲ့ စိတ်ပူလို့ လိုက်ရှာတာ။ မီးဖိုတံခါးပွင့်နေတော့ မင်းများဗိုက်ဆာလို့ တစ်ခုခုစားနေတာလားဆိုပြီး ဝင်လာလိုက်တာ။ အခုလိုတွေ့တာပဲ...."
မောင်ထူးကရှင်းပြတယ်။
"သြော်..."ဒီလိုဖြစ်နေခဲ့တာကိုး။
"မအိပ်ကြသေးဘူးလား သားတို့"တဲ့ မောင်ထူးအဖေက မေးတယ်။ ဘယ်ကနေရောက်လာတာလဲ မသိပါဘူး။ ခုနကတော့ ဒီနားမှာမရှိဘူး။
"အဖေတို့မသွားဖြစ်ဘူးပေါ့"
မောင်ထူးကပြန်မေးလိုက်တယ်။
"မင်းအမေပေါ့.... မိုးတွေတအားရွာလာတော့ အိမ်ကိုစိတ်မချဘူး.... ပြန်လှည့်မယ်ချည်းလုပ်နေလို့ ပြန်လာလိုက်ရတာ"
"ကျွန်တော် အဲ့လိုတွေမလုပ်တော့ပါဘူးဆိုဗျာ"
မောင်ထူးက သူ့အမေဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။ ပြီးတော့ဆက်ပြီး
"ညကြီးမိုးချုပ် မီးဖိုထဲဘာလုပ်နေတာလဲအမေက"
"မင်းအဖေလေ ဗိုက်ဆာတယ်... တစ်ခုခုလုပ်ပေး.... တခုခုမှမစားရရင် သေရပါတော့မယ်ဆိုလို့ မီးဖိုထဲမှာ ဘာရှိလဲလာကြည့်နေတုန်း ရုတ်တရက်မီးပျက်သွားလို့ သူ့ကိုမီးစက်သွားနှိုးခိုင်းပြီး အိပ်ချင်တာနဲ့ မျက်လုံးမှိတ်ပြီး ရေခဲသေတ္တာကိုမှီနေတာ.... အိပ်ချင်မူးတူးနဲ့ဆိုတော့ ဆရာလေးဝင်လာတာကို မင်းအဖေမှတ်ပြီး မီးစက်ကနှိုးမရဘူးလားဘာညာမေးမလို့ လက်လှမ်းလိုက်တာ"
"......"
ကျွန်တော် ဆေးရုံပြဖို့လိုနေပြီထင်တယ်။ အကြောက်လွန်ရောဂါ ဖြစ်နေလောက်တယ်။ ဘာမဟုတ်တွေကို လိုက်ကြောက်နေတာ။
ဆေးရုံမှာ ဆရာဝန်က ဘာဖြစ်လို့လာပြတာလဲလို့မေးမယ်။ အကြောက်လွန်ရောဂါဖြစ်နေလို့ပါလို့ ကျွန်တော်ကပြန်ဖြေမယ်။ ဘယ်လိုကြောက်တာလဲဆိုပြီး ဆရာဝန်ကထပ်မေးမယ်။ အကုန်ကြောက်တာလို့ ကျွန်တော်ကလည်းထပ်ဖြေမယ်။ ဒါဆို ကျုပ်ကိုရော မကြောက်ဘူးလားဆိုပြီး ထိုင်နေရာကနေ ဆရာဝန်ကထလာပြီး ကျွန်တော့်အနားကိုဖြည်းဖြည်းချင်း ကပ်လာမယ်။ ဆရာဝန်ဆိုတာ ဆေးကုပေးတဲ့လူပဲကို ဘယ်လိုလုပ်ကြောက်မှာလဲ။ ကျွန်တော်တွေးနေတုန်းမှာပဲ ဆရာဝန်က ဆေးထိုးအပ်နဲ့ထိုးချလိုက်တယ်။ ကျွန်တော့်လည်ပင်းပေါ်ကို။ ခဏနေတော့ ကျွန်တော်သတိမေ့သွားတယ်။
ဆရာဝန်က ကျွန်တော့်ကို လူတွေမမြင်အောင် ဖွက်ပြီးတော့သယ်သွားတယ်။ အခန်းတစ်ခုထဲ ရောက်သွားတယ်။ အခန်းကမှောင်မည်းလို့။ အခန်းအလယ်တည့်တည့်မှာ ခုတင်တစ်လုံးရှိတယ်။ အဲ့ခုတင်ပေါ်မှာ ကျွန်တော့်ကိုတင်၊ ခုတင်ရဲ့ အပေါ်တည့်တည့်မှာရှိတဲ့ တစ်လုံးတည်းသော မီးလုံးကိုထွန်း။ ခွဲစိတ်ခန်းသုံးတဲ့ဓားတွေကို ကျွန်တော့ဘေးမှာ စီပြီးချထား။ ပြီးတော့ ကျွန်တော့်ရင်ဘတ်ကို ခွဲ။ အသဲ၊ကျောက်ကပ်၊ နှလုံး အဖိုးတန်တာတွေအကုန်ထုတ်ပြီး ခွဲထားတာကိုပြန်ချုပ်။
ဟို သုံးဆယ်ခြောက်သိန်းတန်တယ်ဆိုတဲ့ အစေ့လေးနှစ်လုံးကိုပါဖြုတ်ယူသွား။
ကျွန်တော်သတိရလာတော့ သရဲဘဝရောက်နေပြီ။ ဆရာဝန်က ကျွန်တော့်ကို ဒီအတိုင်းမြှုပ်ပေးသွားတော့ ကျွန်တော့်ခန္ဓာကိုယ်က ကိုယ်တုံးလုံး။ ဘာအဝတ်အစားမှမပါဘူး။ အပေါ်ရော အောက်ရော။
သရဲဖြစ်နေပြီဆိုတော့ သရဲတို့စုရပ်ကို ကျွန်တော်သွားတယ်။ နေဦး။ သရဲတို့စုရပ်ကို ဘယ်နားလုပ်ရင်ကောင်းမလဲ။ ဘုရားလား။ မဖြစ်ဘူး သရဲက ဘုရားကိုကြောက်တယ်။ ကြောက်တယ်သာပြောတာပါ ရွာမှာတော့ သရဲအခြောက်ဆုံးနေရာက ဘုရားပဲ။ ဥစ္စာစောင့်တွေက ခိုင်းချင်တာခိုင်းဖို့ မွေးထားတယ်ပြောတာပဲ။ ကျွန်တော်လည်း သေချာမသိဘူး။ ထားပါတော့... ဘုရားနဲ့သရဲက မလိုက်ဘူး။ တခြားနေရာမှာလုပ်မယ်။
သုဿန်လား။ အင်း.. သရဲနဲ့သုဿန်ကလိုက်တယ်။ ကျွန်တော်က သုဿန်မှာ အမြှုပ်ခံရတာမဟုတ်ဘူး။ အဲ့တော့ အခုကျွန်တော်နိုးလာတဲ့နေရာနဲ့နီးတဲ့ သုဿန်ကိုသွားမယ်။ နောက်များမှ facebook ပေါ်မှာ ခဏခဏတက်တက်လာတဲ့ ရောင်စုံအုတ်ဂူလေးတွေနဲ့သုဿန်ကို အလည်သွားရမယ်။
သုဿန်ရောက်တော့ သရဲတွေမှအများကြီး။ အဝတ်မပါတဲ့ သရဲဆိုလို့ကျွန်တော်တစ်ယောက်တည်း။ အားလုံးရဲ့မျက်လုံးတွေက ကျွန်တော့်ဆီမှာ။ အပေါ်ပိုင်းကို အရင်ကြည့်ကြတယ်။ အောက်ပိုင်းကိုလည်း အကြည့်ရောက်ရော အကုန်လုံးက ဝါးလုံးကွဲအောင်အော်ရယ်ကြတယ်။ ပါးစပ်ကလည်း ပြောနေကြတယ်။ "ဘောမပါဘူး....ဘောမပါဘူး"တဲ့။
ကျွန်တော့်မှာ ရှက်လွန်းလို့ နှစ်ခါပြန်သေချင်သွားတယ်။
ကျွန်တော်အခုလို အရှက်ကွဲရတာ ဟိုဆရာဝန်ကြောင့်။ ကျွန်တော့်ရဲ့ အတွင်းပစ္စည်းတွေတော့ယူပြီး အင်္ကျီလေး၊ ဘောင်ဘီလေးကျ ပြန်ဝတ်မပေးဘူး။ စိတ်တိုလွန်းလို့ လက်စားချေချင်သွားတယ်။
ဆရာဝန်တို့အိမ်ကိုရှာပြီး ကျွန်တော်သွားလိုက်တယ်။ ဆရာဝန်အိပ်ရင် အိပ်မက်ထဲမှာခြောက်တယ်။ ဆရာဝန်နိုးနေရင် အပြင်မှာခြောက်တယ်။ အခွင့်အရေးကြုံရင် မြမြလို ဝင်ပူးပစ်ဦးမယ်။ မဖြစ်သေးပါဘူး။ ဝင်ပူလည်း တရားခံကိုမိတာမဟုတ်ဘူး။
ဆရာဝန့်အိမ်မှာနေပြီး သက်သေရှာဦးမယ်။ သက်သေတွေ့တာနဲ့ ဆရာဝန့်ကိုဝင်ပူးပြီး ပြောပစ်မယ်။
ဒါမှ နာမည်ကြီးမှာ။ သရဲက တရားခံကိုဝင်ပူးပြီး သက်သေထုတ်ဖော်။
ကျွန်တော် ကိုယ့်ပါးကို ဘက်ခနဲမြည်အောင် ရိုက်ပစ်လိုက်တယ်။ ဘာတွေလျှောက်တွေးနေတာလဲ။ မဟုတ်မဟတ်တွေ။ မောင်ထူးတို့ မိသားစုသုံးယောက်က ကျွန်တော့်ကို ဝိုင်းကြည့်နေကြတယ်။ ဘာဖြစ်တာလဲဆိုတဲ့ အကြည့်တွေနဲ့။ ကျွန်တော်သွားဖြဲပြီး ပြန်ရယ်ပြလိုက်တယ်။ ဘာမှတော့ပြန်မဖြေဖြစ်ဘူး။
မီးမလာရင် မီးစက်ကို မိုးလင်းထိနှိုးထားလို့ရမလားတဲ့ မောင်ထူးက သူ့အဖေကိုမေးနေတယ်။ တစ်ညလုံးဆို အဆင်မပြေဘူးတဲ့ သူ့အဖေကပြန်ဖြေတယ်။ ထူးအောင်က မီးလင်းနေမှ အိပ်တတ်တာမို့ အားသွင်းလို့ရတဲ့ ဓာတ်မီးကြီးကြီးလေးတစ်လုံးလောက် ယူသွားလို့ရမလားတဲ့ မောင်ထူးကပြန်ပြောတယ်။ မောင်ထူးအမေက မျက်နှာပျက်သွားတယ်။
"ကျွန်တော် အဲ့လိုတွေမလုပ်တော့ပါဘူးဆိုအမေရာ...
ပြီးတော့ ထူးအောင်လည်းရှိနေတယ်မလား.... စိတ်ချပါ"
သူတို့ပြောနေတာတွေ ကျွန်တော်နားမလည်ဘူး။ ထူးအောင်ရှိနေတာပဲ စိတ်ချပါ၊ ဆရာလေးဒီမှာအိပ်မှန်းသိရင် ပြန်မလာပါဘူး၊ ထူးအောင်ရှိနေတာပဲ ကြည့်ခိုင်းလိုက်ပါ။ သူတို့ပြောတဲ့ စကားတွေ။ ကျွန်တော်က ဘာမို့လို့လဲ။ ပြီးတော့ မောင်ထူး။ သူကိုဘာလို့ အကုန်လုံးကစိတ်မချနေကြတာလဲ။ မောင်ထူးအမေက ဓာတ်မီးတော့ ပေးလိုက်ပါတယ်။ မျက်နှာအမူအယာကတော့ အင်တင်တင်ရယ်။
အိပ်တော့မယ်ဆိုပြီး မောင်ထူးနဲ့ကျွန်တော် အပေါ်ကိုတက်လာကြတယ်။ ကျွန်တော်ကအရှေ့က မောင်ထူးကအနောက်က။ အခန်းထဲရောက်တော့ ကျွန်တော်က ခုတင်ပေါ်မှာထိုင်ပြီး မောင်ထူးက အဝတ်ဗီရိုထဲကနေ ဝတ်ဖို့အဝတ်ရှာနေတယ်။ ကျွန်တော်မောင်ထူးကို ကြည့်နေလိုက်တယ်။
မောင်ထူးခန္ဓာကိုယ်က ပိန်လည်းမပိန်သလို ဝလည်းမဝဘူး။ အနေတော်ပေါ့။ မောင်ထူးဗိုက်မှာ ချုပ်ရာတစ်ခုတွေ့တယ်။ ဗိုက်ခွဲဖူးတာထင်တယ်။ မောင်ထူးဗိုက်မှာ ပေါင်မုန့်ခြောက်တုံးမရှိဘူး။ ကောင်းတယ်။ ကျွန်တော့်မှာလည်း မရှိဘူး။ မောင်ထူးက ကြယ်သီးတပ်အင်္ကျီ တစ်ထည်ယူဝတ်လိုက်တယ်။ ပြီးတော့ ခါးအောက်ပိုင်းမှာပတ်ထားတဲ့ တဘက်ကိုဖြေချလိုက်တယ်။ မောင်ထူးက ကျွန်တော့်ကို ကျောပေးထားတာမို့ အရှေ့ဘက်ကိုတော့ မမြင်ရဘူး။
မောင်ထူးက အတွင်းသားတွေ အတော်ဖွေးတယ်။ ချောပြောင်လို့။ ထိလိုက်လို့ကတော့ အိစိကလေးနေမယ်။ တွေးရင်းနဲ့ ထိချင်လာပြီ။ ကျွန်တော်တွေးနေတုန်းမှာပဲ မောင်ထူးက ဘောင်းဘီဝတ်လို့ ပြီးသွားပြီ။
အိပ်ကြစို့ဆိုပြီး မောင်ထူးက ခုတင်ပေါ်တက်လိုက်တယ်။ ကျွန်တော်နဲ့ ဟိုဘက်ဒီဘက်။ ဘေးချင်းကပ်။ စောင်ကတစ်ထည်တည်း။
ကျွန်တော်ဖုန်းအားသွင်းချင်လို့ ပလပ်ပေါက်လိုက်ရှာပေမယ့် မတွေ့ဘူး။ မီးခလုပ်တွေတော့ရှိတယ်။ ပလပ်ပေါက်မပါဘူး။ မီးစက်မပိတ်ခင်လေး ဖုန်းအားသွင်းချင်တာ။ နည်းနည်းပဲရရ။ နောက်ဆုံးတော့ မောင်ထူးကိုပဲမေးလိုက်ရတယ်။
"ပလပ်ပေါက်မရှိဘူးလား အခန်းထဲမှာ"
"အင်း...မရှိဘူး"
"အဲ့ဒါဆို ဖုန်းအားသွင်းရင် ဘယ်မှာသွားသွင်းရမှာလဲ"
ကျွန်တော်မေးလိုက်တော့ power bank တစ်လုံးထုတ်ပေးတယ်။ အားသွင်းကြိုးနဲ့။ မောင်ထူးအခန်းထဲမှာ တကယ်ကြီး ပလပ်ပေါက်တစ်ခုတောင်ရှိမနေဘူး။
__________***__________
"အဖေက မွေးရာပါနှလုံးအားနည်းတာလေ....
စိတ်ညစ်ခံလို့မရဘူး.... အဖေတို့မိသားစုက မျိုးရိုးစဥ်ဆက်ချမ်းသာတာ.... တစ်ဦးတည်သောသားလည်းဖြစ်၊ ရောဂါသည်လည်းဖြစ်ဆိုတော့ အဘွားတို့က အဖေ့ကိုအရမ်းချစ်ပြီး အရမ်းဂရုစိုက်တယ်။ မျက်နှာတစ်ချက်အညှိုးမခံဘူး...
အဖေက အရမ်းဆိုးတာတဲ့ ငယ်ငယ်ကဆို.... ကားတွေတစ်စီးပြီးတစ်စီးလဲ... ကားမောင်းတွေပြိုင်... ကလပ်တွေတက်.... KTV တွေသွား... ပိုက်ဆံတွေဖြုန်း... အဖေစိတ်ဆင်းရဲမှာစိုးတော့ အဖွားတို့ကလည်း ဘာမှမပြောကြဘူး....
အမေက မိဘမဲ့.... အသက်ပြည့်လို့ ဂေဟာကထွက်တော့ ပိုက်ဆံလွယ်လွယ်ရတဲ့ KTV မှာအလုပ်ဝင်လုပ်တယ်... အဲ့မှာအဖေနဲ့တွေ့တာ... အဖေက အမေ့ကိုချစ်ခွင့်ပန်တော့ အမေကမယုံဘူးတဲ့... ဒီလိုပဲအပျော်ရှာတယ်ပဲထင်တာ... အဲ့ဒါကြောင့် အမေက အဖေ့ကိုအလိုက်အလျောက်တွဲဲပြီး အဖေ့ဆီကနေ ရသလောက်ယူတာ...
နောက်တော့အဖေက လက်ထပ်ခွင့်တောင်းတယ်...
အဲ့ဒါလည်း အမေကမယုံသေးဘူး... အငယ်အနှောင်းထားတယ်လို့ပဲ ထင်တာ... နောက်တကယ်ကြီး လက်ထပ်မှ အမေကယုံတာ... အံ့လည်းအံ့သြတယ်တဲ့... အဖေကအရမ်းချမ်းသာရဲ့သားနဲ့ သူလိုလူမျိုးကို တရားဝင်ယူလို့လေ...
သူတို့လက်ထပ်ပြီးတော့ အိမ်ခွဲနေကြတယ်... အခုဒီအိမ်ပေါ့... အဖွားတို့က ဝယ်ပေးထားတာ....
အဖွားတို့က အမေ့ကိုဘာမှ မပြောပါဘူး... နှိမ်လည်းမနှိမ်ဘူး... အဖေ့ကို စိတ်ချမ်းသားအောင်ထားပေးဖို့တစ်ခုပဲ တောင်းဆိုခဲ့တယ်.... အမေကကျတော့လည်း အဖေကသူ့ရဲ့ ကျေးဇူးရှင်... အမေ့ဘဝ မိုးနဲ့မြေလိုပြောင်းလဲသွားတာအဖေ့ကြောင့်... အဲ့ဒါကြောင့် အမေက အဖေ့ကိုအရမ်းဂရုစိုက်တယ်... ငါ့ကိုကိုယ်ဝန်စလွယ်တော့ အဖေက အရမ်းကိုပြောင်းလဲသွားတယ်တဲ့..... မကောင်းတာတွေ ဘာဆိုဘာမှမလုပ်တော့ဘူး.... အလုပ်တွေကြိုးစားတယ်... ကောင်းတာတွေလုပ်တယ်"
မျက်နှာကျက်ကို ကြည့်နေရင်း မောင်ထူးက စကားတွေပြောနေတယ်။ ကျွန်တော်ပြန်စဥ်းစားကြည့်တယ်။ ဟုတ်တယ်။ မောင်ထူးအမေက အမြဲတမ်း ဦးလေးသဘောအတိုင်းပဲ။ ဦးလေးက ဘာဆိုဘာ၊ ညာဆိုညာ အကုန်လုပ်ပေးတယ်။
ငြိုငြင်တယ်လို့မရှိခဲ့ဘူး။
နောက်တော့ ကျွန်တော်မျက်ခွံတွေလေးလာတယ်။ ကမ္ဘာပေါ်မှာ အလေးဆုံးက မျက်ခွံတဲ့။ အဲ့ဒါဟုတ်တယ်။ ဘယ်လိုမှကို ပြန်ဖွင့်မရတော့ဘူး။ ချောက်ခနဲဆိုတဲ့ အသံကိုတော့ ကြားလိုက်သလားလို့ပဲ။ ဒါပေမဲ့ ကျွန်တော် အိပ်ပဲအိပ်ချင်နေလို့ ဘာဆိုဘာမှမသိတော့...