မောင်ထူးက ရှေ့ကဦးဆောင်ပြီး သူ့အခန်းကိုခေါ်သွားတယ်။ အပြင်မှာ မိုးကလည်းမတိတ်သေးဘူး။ တစ်ညလုံးရွာမယ်ထင်တယ်။ မောင်ထူးတို့အိမ်က အတော်ကြီးကိုကျယ်ပြီး ခမ်းနားတယ်။ မောင်ထူးအခန်းက အပေါ်ထပ်မှာ။ မောင်မှူးကို စာသင်ပေးတဲ့အခန်းနဲ့ မလှမ်းမကမ်းမှာပဲ။
သူ့အခန်းရှေ့ရောက်တော့ တံခါးဖွင့်ပြီး အရှေ့ကနေဝင်သွားတယ်။ ကျွန်တော်လည်း အနောက်ကနေလိုက်ဝင်လိုက်တယ်။
အခန်းထဲရောက်တော့ မောင်ထူးက ကျွန်တော့်ဘက်ကိုလှည့်ပြီး ရေချိုးချင်ရင် ချိုးလို့ရတယ်လို့ပြောတယ်။ ကျွန်တော်ခေါင်းယမ်းပြလိုက်တယ်။ မချိုးတော့ဘူး။ ဒီလာခါနီးမှ ချိုးလာတာမို့။ ကျွန်တော်မချိုးတော့ မောင်ထူးက ရေချိုးလိုက်ဦးမယ်ဆိုပြီး ရေချိုးခန်းထဲဝင်သွားတာကြောင့် သူ့အိပ်ခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။ အဲ့တော့ ကျွန်တော်တစ်ယောက်တည်းပျင်းနေတာနဲ့ သူ့အခန်းထဲကို လျှောက်ပတ်ကြည့်နေလိုက်တယ်။
မောင်ထူးအခန်းက လုံးဝအရှင်းကြီး။ ပစ္စည်း၊ ပစ္စယာရယ်လို့ ဘာမှသိပ်မရှိဘူး။ နှစ်ယောက်အိပ် ခုတင်အကြီးကြီးတစ်လုံးရှိတယ်။ ထောင့်မှာကပ်ထားတဲ့ စာအုပ်စင်တစ်စင်ရယ်။ အဝတ်ဗီရိုတစ်လုံးရယ်။ ဒါပဲရှိတယ်။ ကျန်တာဘာမှမရှိဘူး။ ဘာပစ္စည်းမှ မရှိတော့ နဂိုကျယ်တဲ့အခန်းက ပိုပြီးကျယ်နေသယောင်ဖြစ်နေတယ်။
အခုမှသေချာကြည့်မိတယ်။ နံရံမှာ ပန်းချီကားတွေရှိနေတာပဲ။ ဘာပုံတွေများဖြစ်မလဲဆိုပြီး မောင်ထူးရဲ့ ခုတင်ခေါင်းရင်းနံရံပေါ်က ပန်းချီကားကို အရင်ကြည့်လိုက်တယ်။ အဲ့ပန်းချီကားက အကြီးဆုံးမို့။
ပန်းချီအောက်ခံက အဖြူရောင်။ လက်တစ်ဖက်ပုံ။ လက်ကို တစ်ခုခုပေါ်တင်ထားသလို အလျားလိုက်ဆွဲထားတယ်။ လက်ရဲ့ လက်ကောက်ဝတ်မှာ လှီးဖြတ်ရာတစ်ခု။ သွေးစက်ကလေးတွေကျနေပြီး အောက်မှာအိုင်နေတယ်။ ဘေးမှာက ပလိပ်ဓားတစ်လက်။ ဘာပုံကြီးလဲ။ ဒီလိုပုံကြီးကို ခေါင်းရင်းမှာ ချိတ်ထားရတယ်လို့။
နောက်တစ်ပုံကကျတော့ သစ်ပင်တစ်ပင်ကို ကားနဲ့တိုက်မိတဲ့ပုံ။ သစ်ပင်တစ်ပင်ရှိတယ်။ ပင်စည်တုတ်တုတ်နဲ့။ ကားက သစ်ပင်ကိုဝင်တိုက်ထားသလို ကားမှန်တွေက ကွဲနေတယ်။ ကားတံခါးတစ်ဖက်က ပွင့်နေပြီး လူကကိုယ်တစ်ပိုင်းတန်းလန်းနဲ့ ဇောက်ထိုးကျနေတယ်။ နားထင်မှာ ဒဏ်ရာတစ်ခု။ သွေးတစ်စက်စက်ကျလို့။
နောက်တစ်ပုံကကျတော့ နံရံကို လူတစ်ယောက်က ခေါင်းနဲ့ဝင်ဆောင့်နေတာ။ ဦးခေါင်းမှာ ဒဏ်ရာနဲ့။ သွေးတွေက မျက်နှာပေါ်မှာလည်း ပေပွလို့။
ပန်းချီတစ်ချပ်ကြည့်ပြီးတိုင်း နောက်တစ်ချပ်က ဘာပုံဖြစ်မလဲဆိုတာကို ပိုပြီးသိချင်လာတယ်။
ပလပ်ပေါက်တစ်ခု။ လက်နှစ်ချောင်းက ပလပ်ပေါက်ထဲကို နှိုက်နေတာ။ ပုံတွေကလည်း သေမဲ့ပုံတွေချည်းပဲ။ မောင်ထူးက ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုပုံတွေ အခန်းထဲထား,ထားလဲမသိဘူး။
ပန်းချီကားတွေကြည့်နေရင်းနဲ့ပဲ ရုတ်တရက် ကျွန်တော်ဗိုက်နာလာတယ်။ မောင်ထူးအခန်းက ရေချိုးခန်းနဲ့ အိမ်သာက တွဲလျက်ထင်တယ်။ မောင်ထူးဝင်သွားတဲ့အခန်းကလွဲရင် အိမ်သာရယ်လို့ သပ်သပ်အခန်းမရှိနေဘူး။ ဘယ်လိုလုပ်ရမလဲ ဗိုက်ကနာနေပြီ။ မောင်မှူးအခန်းမှာ သွားတက်ရင်ကောင်းမလား။ မဖြစ်သေးပါဘူး။ အခုချိန်လောက်ဆို မောင်မှူးကအိပ်နေလောက်ပြီ။ မတတ်နိုင်ဘူး။ ကြောက်ပေမဲ့လည်း အောက်ထပ်မှာပဲ ကိစ္စသွားရှင်းရတော့မယ်။
ဗိုက်ကတအားနာလာတာမို့ အောက်ထပ်က toiletကိုသွားဖို့ စိတ်ကူးလိုက်ပြီး အခန်းအပြင်ကို ထွက်လာလိုက်တယ်။ မောင်ထူးက ရေချိုးနေတာမို့ မပြောခဲ့တော့ဘူး။
အပြင်မှာ မိုးရွာနေပေမယ့် အိမ်ထဲက သိပ်မကြားရတာကြောင့် အိမ်ကြီးက တိတ်ဆိတ်နေတယ်။
အောက်ထပ်ဆင်းမယ့် လှေကားထိပ်ရောက်တော့ မီးကရုတ်တရက်ပျက်သွားတယ်။
တစ်ခါတလေကျတော့လည်း စဉ်းစားမိတယ်။ မိုးရွာရင် မီးဖြတ်ရမယ်။ မဖြတ်ရင် ထောင်ဒဏ်ဘယ်နှနှစ်၊ ငွေဒဏ်ဘယ်လောက်ဆိုပြီးများ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိသလားလို့။ မိုးရွာတာနဲ့ မီးကတန်းပျက်တော့တာပဲ။ အမှန်ဆို မိုးရွာရင် ပိုပြီး မီးမပျက်သင့်သေးတယ်မဟုတ်ဘူးလား။ မိုးရွာရင် ချောင်ကျိုချောင်ကြားမှာနေတဲ့ အကောင်တွေထွက်လာကြတယ်။ ဟိုလျှောက်သွား၊ ဒီလျှောက်သွားနဲ့ အိမ်ထဲရောက်ရင်လည်း ရောက်လာကြတယ်။ မီးကပျက်နေတော့ သူတို့ကိုမမြင်ရတော့ဘူး။ အဲ့မှာပဲ မြွေတို့၊ ကင်းတို့ ကိုက်ခံရတယ်ဘာညာဖြစ်ကြရော။ မိုးတွေကရွာ၊ မီးတွေကပျက်၊ ကင်းကိုက်ခံထားရတော့ ဆေးရုံကလည်း မဖြစ်မနေသွားရတော့မယ်။ ကဲ ဘယ်လောက်တောင် အဆင်မပြေလိုက်လဲ။
လက်ထဲမှာ ဖုန်းပါလာလို့တော်ပါသေးတယ်။ နို့မိုဆို မမြင်မစမ်းနဲ့ သွားနေရမယ်။ ဖုန်းမီးကိုဖွင့်ပြီး အောက်ထပ်ကိုဆင်းလိုက်တယ်။ မောင်ထူးတို့အိမ်က ပြတင်းပေါက်တွေက မှန်တွေမို့ ဖုန်းမီးကို ဟိုဟိုဒီဒီလျှောက်မထိုးရဲဘူး။ တော်ကြာ မှန်ပြတင်းပေါက်အပြင်ကနေ ကျွန်တော့်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေမှဖြင့်။ တွေးရင်းနဲ့တောင် ကျောချမ်းလာပြီ။ သွက်သွက်သွားမှပါလေ...
Toiletကို ရောက်ဖို့ မီးဖိုးခန်းကိုဖြတ်တော့ မီးဖိုးခန်းတံခါးကြီးပွင့်နေတာကို တွေ့လိုက်ရတယ်။ ကိုဇော်ဇော်ပိတ်ခဲ့ပါတယ်လေ၊ ဘယ်လိုလုပ်ပွင့်နေတာလဲမသိ။ တစ်ယောက်ယောက် ဝင်နေတာများလားလို့တွေးမိတော့ ကျောထဲမှာ စိမ့်ခနဲပဲ ကျဉ်တက်သွားတယ်။ ဗိုက်နာနေတာတောင် ဘယ်ပျောက်သွားလဲမသိတော့။
ကျွန်တော် ဖုန်းမီးကိုပိတ်လိုက်တယ်။ မီးရောင်နဲ့ဆို သတိထားမိသွားမှာစိုးလို့။ အမှောင်ထဲမှာ ခဏရပ်နေလိုက်တယ်။ နည်းနည်းကြာတော့ မျက်လုံးကကျင့်သားကျပြီး အရာဝတ္တုတွေကို မည်းတဲတဲမြင်ရလာတယ်။
ကျွန်တော် မီးဖိုခန်းထဲကို ခြေသံလုံလုံနဲ့ဝင်သွားလိုက်ပြီး ဟိုဒီလျှောက်လို့ရှာလိုက်တယ်။ တစ်နေရာကိုအကြည့်ရောက်တော့ ရင်ထဲမှာ ထိတ်ခနဲပဲ။
ရေခဲသေတ္တာကိုမှီပြီး ရပ်နေတဲ့ မည်းမည်းသဏ္ဌာန်ကြီး၊
လှုပ်လည်းမလှုပ်ဘူး။ ကျွန်တော် အဲ့ဟာကြီးအနားကို တစ်လှမ်းချင်း ထပ်တိုးကြည့်တယ်။ ကျွန်တော်နဲ့ ခြေလှမ်းငါးလှမ်းစာလောက် အကွာရောက်တော့ အဲ့ဟာကြီးကလှုပ်လာတယ်။ ကျွန်တော် ခြေလှမ်းတွေကိုရပ်ပစ်လိုက်တယ်။
လူတစ်ယောက်။ တိတိကျကျပြောရရင် မိန်းမတစ်ယောက်။ အခု ဒီအိမ်ကြီးမှာ မိန်းကလေးမရှိပါဘူး။ မောင်ထူးအမေက (မကွေး)သွားတယ်။ ဟင်းချက်တဲ့အဒေါ်ကြီးတွေကလည်း အနောက်ဘက်အဆောင်မှာ။ ဒါဆိုသူက ဘယ်သူလဲ။
ခါးလယ်လောက်ထိရှည်တဲ့ ဆံပင်တွေကို ဖားလျားချထားတယ်။ သူကဖြည်းဖြည်းချင်း ကျွန်တော့်ဘက်ကို လာနေတယ်။ ဖုန်းမီးနဲ့ထိုးလိုက်ရင် ကောင်းမလား ကျွန်တော်တွေးလိုက်တယ်။ ဒါပေမဲ့ မလုပ်ဖြစ်ပါဘူး။ သရဲဆိုဘယ်လိုလုပ်မလဲ။ သူ့ရုပ်မြင်ရင် ကျွန်တော်လန့်ပြီးသေနိုင်တယ်။ သူခိုးကတော့မဖြစ်နိုင်ဘူး။ ဘာလို့ဆို အိမ်က အရမ်းလုံခြုံတာမို့။
သရဲမက ကျွန်တော့်ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။
လက်တစ်ဖက်ကို ဆန့်ပြီး ကျွန်တော့်ကိုထိဖို့ကြိုးစားတယ်။ ကျွန်တော်လန့်ပြီး အနောက်ကိုဆုတ်လိုက်တော့ ကျွန်တော့်အနောက်မှာ လူတစ်ယောက်ရှိနေတယ်။ လူဆိုတာသေချာတယ်။ ဘာလို့ဆို သူနဲ့တိုက်ပြီး လဲမလိုဖြစ်သွားတဲ့ ကျွန်တော့်ကို ထိန်းကူလိုက်တာမို့။ ကျွန်တော်လန့်ပြီး အကျယ်ကြီးအော်ပစ်လိုက်တယ်။
"မောင်ထူးးးး"