"ဒီမှာအရေးကြီးဆုံးကပိုက်ဆံ"ဆိုတဲ့ Snare ရဲ့သီချင်းကအရမ်းမှန်တယ်။ ကျွန်တော်မောင်ထူးနဲ့ ဘယ်လောက်မတွေ့ချင်နေပါစေ စာတော့ဆက်သင်နေဦးမှာပဲ။ ဘာလို့ဆို လစာအရမ်းမြင့်တယ်လေ။ ဒီလောက်ကောင်းတဲ့အခွင့်အရေးကို ပယ်လိုက်ရင် ကျွန်တော်လောက်မိုက်တဲ့လူ ရှိမှာမဟုတ်တော့ဘူး။
ကျွန်တော်စာသင်နေတာ တစ်ပတ်ရှိပြီ။
စာသင်ခန်းထဲက ပန်းချီကားက ဘာအဓိပ္ပာယ်လဲလို့ မောင်မှူးကိုမေးကြည့်တော့ သူလည်းမသိဘူးတဲ့။ အဲ့ဒါ ကိုကြီးထားထားတာတဲ့ ပြန်ဖြေတယ်။
သူနဲ့မဆိုင်ပေမယ့် မောင်ထူးကစာသင်ခန်းထဲကို မကြာခဏဆိုသလို လာတတ်တယ်။ ပန်းချီကားရဲ့ အဓိပ္ပာယ်ကို မောင်ထူးကိုမေးရင်ကောင်းမလားလို့ ကျွန်တော်တွေးသေးတယ်။ ဒါပေမဲ့ မမေးဖြစ်ပါဘူး။ စပ်စုရာကျနေမှာမို့။
မောင်ထူးအဖေက ဘာအလုပ်,လုပ်လဲတော့ ကျွန်တော်မသိဘူး။ အမြဲတမ်း ခရီးထွက်နေတာတဲ့။ ကျွန်တော်လည်း တစ်ခါမှမမြင်ဖူးဘူး သူ့တို့အဖေကို။ အခုညစာထမင်းစားဖို့ စားပွဲဝိုင်းမှာ ထမင်းပန်းကန်ပြားတစ်ချပ် ပိုနေတာတွေ့တယ်။ မောင်ထူးအဖေ ပြန်ရောက်နေတယ်ထင်ပါ့။
ကျွန်တော်ထင်တာမှန်တယ်။ တကယ်ကြီး မောင်ထူးအဖေပြန်ရောက်နေတာ။ ခါတိုင်းဆူညံနေတဲ့ထမင်းဝိုင်းက တိတ်ဆိတ်လို့။ မောင်ထူးအဖေက ခပ်တည်တည်နဲ့။ ကျန်တဲ့မိသားစုဝင်တွေကလည်း ဇက်ကလေးတွေပုနေကြတယ်။ မျက်နှာတွေကလည်း ခပ်တည်တည်နဲ့မို့ ကျွန်တော်တောင် မနေတတ်မထိုင်တတ်ဖြစ်သွားရတယ်။
မှူးလေးကို စာသင်တဲ့ဆရာလေးလားတဲ့ မောင်ထူးအဖေကမေးတယ်။ မျက်နှာက မာထန်နေတယ်။
ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ်ကဲ့လို့ဖြေလိုက်တော့ ကြက်ဟင်းခါးသီးချက်ကြိုက်တယ်ဆို များများထည့်စားတဲ့ ပြန်ပြောတယ်။ ဘယ်လိုကြီးလဲမသိ။ သားကြီးထူးထူးကရော လိမ္မာရဲ့လားတဲ့ ကျွန်တော့်ကိုကြည့်ပြီးထပ်မေးတယ်။
အဲ့ဒါက သူ့မိန်းမကိုမေးရမှာမလား။ ဘယ့်နှယ် ကျွန်တော့်ကိုလာမေးနေရတာလဲ။
ကျွန်တော့်တပည့်က မောင်ထူးမှမဟုတ်တာကို သူ လိမ္မာလားဆိုတာကို ကျွန်တော်က ဘယ်လိုလုပ်သိမှာတုန်း။
ကျွန်တော် ဘာပြန်ပြောရမှန်းမသိလို့ မောင်ထူးကိုကြည့်လိုက်တယ်။ မောင်ထူးကလည်း ကျွန်တော့်ကိုကြည့်နေတယ်။ ကျွန်တော်အသံမထွက်ဘဲ ပါးစပ်လှုပ်ပြီး ဘာလဲလို့မေးလိုက်တော့ သူက ခေါင်းယမ်းပြတယ်။
အသုံးကိုမကျဘူးတဲ့ မောင်ထူးအဖေကပြောတယ်။
ဘယ်သူ့မှ ကြည့်ပြောတာမဟုတ်တော့ ဘယ်သူ့ကိုပြောမှန်းမသိဘူး။ ပြီးမှ ဦးလေးက အဒေါ့်ဘက်လှည့်ပြီး
"မင်းလည်းအသုံးမကျဘူး။ သားကြီးလည်း အသုံးမကျဘူး။ သားငယ်လည်း အသုံးမကျဘူး။ စာလာသင်တဲ့ဆရာလည်း အသုံးမကျဘူး"တဲ့ ဆက်တိုက်ပြောတယ်။
ကျွန်တော် မျက်နှာကွက်ကနဲပျက်သွားတယ်။ ကျွန်တော်ကို အမေအရင်းကတောင် လေသံမာမာနဲ့မပြောဖူးဘူး။ အခုလို သူစိမ်းတစ်ယောက်က အသုံးမကျဘူးလို့ ပြောတာကြားရတော့ တကယ်စိတ်ဆိုးပါတယ်။ ကျွန်တော် သူတို့ဆီက ပိုက်ဆံယူထားတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ဝန်ထမ်းမဟုတ်သလို အစေခံလည်းမဟုတ်ဘူးလေ။
ကျွန်တော်ယူထားတဲ့ပိုက်ဆံနဲ့ တန်အောင်လည်း အလုပ်လုပ်ပေးပြီးသား။ ကျွန်တော် နောက်နေ့ကစပြီး မောင်ထူးတို့အိမ်မှာ ထမင်းမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
နောက်တော့ မောင်ထူးအဖေက လက်ဆောင်ဆိုပြီး ဂျက်ဘူးကြီး ကျွန်တော့်ရှေ့ လာချတယ်။ ကျွန်တော်မယူချင်ဘူး။ ဒါပေမဲ့ ငြင်းလည်းမငြင်းရဲဘူးဆိုတော့ လက်ခံလိုက်ရတယ်။ လက်ဆောင်ရရင် ပေးတဲ့သူရှေ့မှာတင် ဖွင့်ဖောက်ရတယ်ဆိုတာ နားမလည်ဘူးလားတဲ့ မောင်ထူးအဖေကပြောတယ်။ ကျွန်တော်စိတ်မကြည်ချင်တော့။
လက်ဆောင်ဘူးကိုဖောက်လိုက်တော့ အထဲက ဝိုင်ပုလင်းကြီး။ တစ်ခါမှတော့မမြင်ဖူးဘူး။ ဈေးကြီးမယ့်စတိုင်ပဲ။ လက်ဆောင်ပေးချင်လို့ ပြင်သစ်ကနေ တကူးတကမှာထားတာတဲ့။ ဒီလိုကျတော့လည်း မောင်ထူးအဖေက မဆိုးပြန်ဘူး။
အပြောအဆိုမတတ်တာနေမှာပါ။ စိတ်ရင်းကတော့ ကောင်းလောက်တယ်။ ဝိုင်မျက်နှာကြောင့်ပြောတာဆိုပေမယ့် မောင်ထူး၊ မောင်မှူး ပြီးတော့သူတို့အမေ အကုန်သဘောကောင်းနေမှတော့ အဖေလည်း သဘောကောင်းမှာသေချာတယ်။
မောင်ထူးတို့မိသားစုက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေကြတယ်။ ပြီးတော့ လေးယောက်လုံး အားရပါရအော်ရယ်ကြတယ်။ ကျွန်တော်က ကြောင်အမ်အမ်ရယ်။ ဘယ်လိုနေလို့နေရမှန်းလည်း မသိဘူး။ သူတို့မိသားစုနဲ့ ကြာကြာအတူနေရင် ရူးမယ်ထင်တယ်။
"ဘယ်လိုနေလဲ.... ဘယ်လိုနေလဲ"
ချီးကျူးခံချင်တဲ့လေသံနဲ့ မောင်ထူးအဖေကမေးတယ်။ အဖေအရမ်းတော်တယ်တဲ့ မောင်ထူးကဖြေလိုက်တယ်။ ကျန်တဲ့မိသားစုဝင်တွေကလည်း ရုပ်ရှင်ထဲမှာ မာနကြီးတဲ့အဖေနေရာက သရုပ်ဆောင်ရင်ပေါက်ပြီတဲ့။
တစ်ယောက်တစ်ပေါက်နဲ့ ချီးကျူးနေကြတယ်။ မောင်ထူးတို့မိသားစုက စိတ်ရောမှန်ကြရဲ့လားမသိဘူး။
"သားအတွက်လက်ဆောင်က ဘယ်မှာလဲ" မောင်ထူးကမေးတယ်။
"သားကိုပေးမယ့်လက်ဆောင်ကို ဆရာလေးကိုပေးလိုက်ဆိုလို့ ပေးလိုက်ပြီလေ သားအတွက်ကမပါတော့ဘူး"
သူ့အဖေရဲ့စကားဆုံးတော့ မောင်ထူးကကျွန်တော့်ကိုကြည့်တယ်။ ဘာလဲ ပြန်တောင်းမလို့လား။ ပေးပြီးစလစ်နံပါတ်တစ်ပဲနော်။ လုံးဝပြန်မပေးနိုင်ဘူး။ သူဘာလို့လျှာရှည်ပြီးပြောတုန်း။ ခံပေါ့။ ကျွန်တော်မောင်ထူးကိုမမြင်ချင်ယောင်ဆောင်ပြီး ထမင်းဆက်စားနေလိုက်တယ်။
ရှမ်းပြည်နယ်မှာ ကျွန်တော့်ဦးလေးရှိတယ်။ ဦးလေးက အဲ့မှာအိမ်ထောင်ကျတာ။ အေးတဲဒေသနဲ့ဝိုင်ပုလင်းက သိပ်လိုက်တယ်လို့ ကျွန်တော်ကြားဖူးတယ်။ ဟုတ်တယ်။ အားတဲ့တစ်ရက်ရက်ကျရင် ဝိုင်ပုလင်းမ,ပြီး ဦးလေးအိမ်အလည်သွားရမယ်။
ဦလေးအိမ်က နှစ်ထပ်တိုက်၊ ခေါင်မိုးကစလစ်လောင်းထားတာ။ နောက်အမှီပါတဲ့ထိုင်ခုံတစ်ခုံနဲ့ တိုက်အမိုးပေါ်မှာ ကျွန်တော်ထိုင်နေမယ်။ အရှေ့မှာ ခြေတင်ဖို့ခုံလေးတစ်ခုံရှိမယ်။ အဲ့ခုံလေးပေါ်မှာ ဘယ်ခြေပေါ်ညာခြေထပ်ပြီး စတိုင်ကျကျခြေကိုချိတ်ထားမယ်။ လက်ထဲမှာ ဝိုင်တစ်ခွက်ကို ပျင်းတိပျင်းရွဲကိုင်ထားပြီး အနောက်ကိုမှီနေမယ်။ အရေးကြီးတာက လပြည့်ညဖြစ်ရမယ်။ ကောင်းကင်ပေါ်က လမင်းကြီးကိုကျွန်တော်ငေးကြည့်ရင်း တစိမ့်စိမ့်နဲ့ ဝိုင်ကိုအရသာခံပြီးသောက်မယ်။ မဖြစ်ဘူး မဖြစ်ဘူး။ ဒီလ,လစာထုတ်မှ ဈေးနည်းနည်းကြီးတဲ့ အဝတ်အစားတစ်စုံဝယ်ရဦးမယ်။ ဒါမှ ဝိုင်သောက်ရင်ပိုစမက်ကျမှာ။ တွေးရင်းနဲ့တောင်သောက်ချင်လာပြီ။
ထမင်းစားရင် အသံမထွက်ရဘူးလို့ ကျွန်တော်ကြားဖူးတယ်။ ထမင်းက ကိုယ့်ကျေးဇူးရှင်မို့ ရိုရိုသေသေစားရမယ်တဲ့။ ကျွန်တော့်အမေ ပြောနေကျစကား။ မောင်ထူးတို့ မိသားစုကကျတော့ အဲ့လိုမဟုတ်။ ထမင်းစားရင်းနဲ့ စကားပြောနေကြတာ ဆူညံလို့။ မောင်ထူးအဖေက သူသွားခဲ့တဲ့ ဒေသအကြောင်းတွေပြောပြနေတယ်။
သူသွားခဲ့တဲ့ဒေသက ဆန့်ဆန့်ကြီးမြို့တဲ့။ ကျွန်တော်မကြားဖူးဘူး။ အဲ့လိုနာမည်ရှိလို့လား မြို့တွေထဲမှာ။ ဆန့်ဆန့်ကြီးဆိုတာ ခြေဆန့်တာကိုပြောတာလား။ ကျွန်တော်နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ အဲ့ဒါကြောင့် မောင်ထူးအဖေပြောတာတွေကို နားထောင်နေလိုက်တယ်။
"ဆန့်ဆန့်ကြီးမြို့မှာ ကံ့ကော်တစ်ထောင်ဆိုပြီး ဘုရားရုပ်ပွားဆင်းတုတော်တွေ တည်နေတယ်။ ကံ့ကော်တစ်ပင်အောက်မှ ရုပ်ပွားတော်တစ်ဆူ အဲ့လိုမျိုး။
ပြီးတော့ ဆန့်ဆန့်ကြီးမြို့က အကျယ်ကြီးပဲ။ အဲ့ဒီမြို့ရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ မြသလွန်ဘုရားက ဧရာဝတီမြစ်ဘေးမှာ တည်ရှိတယ်။ ပြီးတော့ အဲ့ဒီမှာ ထူးခြားတာက ဘီလူးကြီးတစ်ကောင်က ပြုံးနေတယ်။ မြသလွန်ဘုရားပွဲကိုတော့ သီတင်းကျွတ်တစ်လလုံးလိုလို ကျင်းပပြီး ဈေးသည်တွေနဲ့ အရမ်းစည်ကားတာ ကျိတ်ကျိတ်တိုးပဲ။ အဲ့မှာက နှမ်းတွေ၊ ပဲတွေ အများဆုံးစိုက်ပျိုးတာမို့ နှမ်းယို၊ ပဲယိုအရမ်းပေါတယ်"
မောင်ထူးအဖေပြောတဲ့မြို့ကို ကျွန်တော်သိသလိုလိုပဲ။ ကြားဖူးတယ်လို့ခံစားရတယ်။ အဲ့တော့ ကျွန်တော် အသည်းအသန်စဉ်းစားတယ်။ မြသလွန်စေတီနဲ့ ပြုံးနေတဲ့ဘီလူးကြီး။ ဟာ... ဟုတ်သား။ ဘယ်ကဆန့်ဆန့်ကြီးမြို့ရမှာလဲ အဲ့ဒါ မကွေးမြသလွန်ဘုရားကြီး။ ဒါဆိုမောင်ထူးအဖေက မိသားစုဝင်တွေကို ဂျင်းထည့်နေတာပေါ့။ ဒါတော့မဟုတ်သေးပါဘူး။ မိသားစုအချင်းချင်းကို အဲ့လိုလျှောက်ပြောစရာလား။
"ဦးလေးပြောနေတာ မကွေးမြို့မဟုတ်ဘူးလား"
ကျွန်တော်ဝင်ပြောလိုက်တော့
"ရောက်ဖူးတယ်လား"တဲ့ မောင်ထူးအဖေက ပြန်မေးတယ်။ ကျန်တဲ့မိသားစုဝင်တွေက ကျွန်တော့်ကိုဝိုင်းကြည့်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အကြည့်တွေနဲ့။
"မရောက်ဖူးပါဘူး ဒီတိုင်းပဲကြားဖူးတာ"
ကျွန်တော်ပြန်ဖြေတော့ ဟုတ်ပြီ ဟုတ်ပြီတဲ့။ တုံ့ပြန်ပုံကြီးကလည်း...
ဆန့်ဆန့်ကြီးမြို့မဟုတ်ဘူး မကွေးမြို့လို့ ကျွန်တော်ထပ်ပြီး ပြောလိုက်တယ်။ အကုန်လုံး ကျွန်တော့်ကို ဝိုင်းကြည့်ကြပြန်တယ်။ အူကြောင်ကြောင်မျက်လုံးတွေနဲ့။
"ဆန့်ဆန့်ကြီးဆိုမှတော့ဆရာကြီးရယ် မကွေးလို့ပေါ့"
မောင်မှူးက ကျွန်တော်ကိုကြည့်ပြီးရှင်းပြတယ်။ ကျွန်တော်ခဏကြောင်အမ်သွားရတယ်။ ဘာပြန်ပြောလို့ပြောရမှန်းလည်းမသိတော့ပါ။
######
Shot ဆိုပြီး ရှည်နေပြီ။ ဇာတ်လမ်းကလည်း ခုထိပုံမပေါ်သေးဘူး။ ကောင်းရော😌