ကျောင်းတွေပိတ်သွားပေမယ့် ကျွန်တော်အိမ်မပြန်ဖြစ်ဘူး။ အဆောင်မှာပဲနေပြီး အလုပ်တစ်ခုရှာလုပ်နေလိုက်တယ်။ မောင်ထူးကတော့ အိမ်ပြန်သွားတယ်ထင်ပါရဲ့ သူ့ကိုမတွေ့မိဘူး။ တွေ့လည်းမတွေ့ချင်တာမို့ ပြန်သွားတာကောင်းတယ်။
ဒီနေ့က ကျွန်တော်ပထမဆုံး အလုပ်စဆင်းမယ့်နေ့ဖြစ်တယ်။ ကျောင်းပိတ်တဲ့ လပိုင်းလေးအတွင်းသာ လုပ်မှာမို့ အလုပ်ရှာရတာ အရမ်းခက်ခဲခဲ့ပေမယ့် နောက်ဆုံးမှာတော့ အလုပ်တစ်ခုရရှိခဲ့တယ်။ ငါးတန်းတက်မယ့် ကလေးတစ်ယောက်ကို အင်္ဂလိပ်စာသင်ပေးရမှာ။ လစာက အတော်လေးများတယ်။ နေ့ခင်း (၃)နာရီကနေ ည(၆)နာရီထိသင်ပေးရမှာဖြစ်ပြီး ညစာကိုသူတို့အိမ်ကကျွေးမယ်တဲ့။ ညစာစားပြီးမှ ကျွန်တော်က ပြန်ရမယ်။ ကျွန်တော့်အတွက်တော့ အဆင်ပြေတာပေါ့။ ထမင်းတစ်နပ်ခ သက်သာတယ်လေ။
-----------------------------------------------------------
ကျွန်တော်စာသင်ရမယ့် ကောင်လေးအိမ်ကို ရောက်နေပြီ။ အိမ်ကြီးက အရမ်းကိုခမ်းနားတယ်။ ခြံကြီးကလည်း အကျယ်ကြီးပဲ။
အိမ်ကြီးထဲက ဧည့်ခန်းမမှာ ကျွန်တော်ထိုင်နေတယ်။ မျက်စိကစားပြီး ဟိုဟိုဒီဒီ လျှောက်မကြည့်ရဲဘူး။ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မိမှာစိုးလို့။ ခဏကြာတော့ အဒေါ်ကြီးတစ်ယောက်ရောက်လာတယ်။ ဝတ်စားထားတာ တောက်တောက်ပြောင်ပြောင်နဲ့မို့ ကျွန်တော့်ကိုယ်ကျွန်တော် ငုံ့ကြည့်မိတယ်။ ရှပ်လက်ရှည်အဖြူနဲ့ ပုဆိုးနက်ပြာရောင်ကို ဝတ်ထားတယ်။ လက်ရှည်အဖြူဆိုတာလည်း ဆရာနဲ့တူအောင်ဆိုပြီး ဟိုတစ်နေ့ကမှဝယ်ထားတာ။ ၉၅၀၀ ပေးရလို့ နှမြောမြောနဲ့ ဝယ်ခဲ့ရပေမယ့် ကျွန်တော့်အရှေ့ကအဒေါ်ကြီးနဲ့ ယှဉ်လိုက်တော့ အနုပ်စုတ်ကုပ်စုတ်လေးဖြစ်နေရော။
မထင်ထားဘူး။ အဒေါ်ကြီးက အတော်သဘောကောင်းတယ်။ ကျွန်တော့်နာမည်မေးတယ်။ ဘယ်ကလဲဆိုတာမေးတယ်။ ကျွန်တော်စာသင်ရမှာက သူ့သားအငယ်ကောင်တဲ့။ သူ့မှာ သားနှစ်ယောက်ရှိကြောင်းပြောတယ်။ ကျွန်တော်မလာသေးလောက်ဘူးလို့ထင်ပြီး သားငယ်ကို သားကြီးနဲ့ အပြင်ထည့်လိုက်မိကြောင့် ရှင်းပြတယ်။
နောက်တော့ စာသင်းပေးရမဲ့အခန်းကို လိုက်ပြပေးတယ်။ ကျွန်တော့်ကို စာသင်ခန်းထဲထားခဲ့ပြီး အဒေါ်ကြီးက ပြန်ထွက်သွားတယ်။ အဒေါ်ကြီးထွက်သွားပြီး မကြာဘူး အသီးပန်းကန်ပြားတွေ အစီအရီနဲ့ မိန်းကလေးတစ်ယောက်ရောက်လာတယ်။ အခန်းထဲက စားပွဲပေါ်မှာ ယူလာတဲ့ အသီးပန်းကန်တွေကိုချပြီး ပြန်ထွက်သွားတယ်။ စားလို့လဲမပြောသွားဘူး။ မကျွေးဘဲစားရင်လည်း ငတ်ကြီးကျတယ်ဖြစ်ဦးမယ်။
စာသင်ရမယ့်အခန်းက အတော်လေးကျယ်တယ်။ ပြီးတော့ ရှင်းနေတယ်။ အတွန်းအဖွင့်လုပ်လို့ရတဲ့ မှန်ပြတင်းပေါက်နှစ်ချပ်ရှိတယ်။ အဲ့ပြတင်းပေါက်ကနေ အောက်ကိုလှမ်းကြည့်လိုက်ရင် ရေကူးကန်ကြီးကိုမြင်ရတယ်။ အခန်းထဲက နံရံမှာ ပန်းချီကားအကြီးကြီးတစ်ချပ် ချိတ်ထားတာကို တွေ့ရတယ်။
စိမ်းစိမ်းစိုစို အပင်များဝန်းရံနေတဲ့ ရေကန်တစ်ကန်။ ကန်ထဲကရေတွေကတော့နီနေတယ်။ ဘာလို့ပါလိမ့်။ ကန်ဘေးမှာ လူတစ်ယောက်စောင့်ကြောင့်ထိုင်နေပြီး တစ်ခုခုကိုလှီးဖြတ်နေတယ်။ အဲ့လူဘေးနားမှာတော့ လူ လေး၊ငါးယောက်လောက် လဲလျောင်းနေကြတယ်။ ပန်းချီကားကလည်း ဘယ်လိုကြီးပါလိမ့်လို့ ကျွန်တော်တွေးလိုက်တယ်။ လုပ်စရာလည်းမရှိသေးတာနဲ့ ပန်းချီကားကို နောက်တစ်ခါပြန်ကြည့်လိုက်တယ်။ စေ့စေ့စပ်စပ်နဲ့။
ကန်ထဲက ရေပေါ်မှာ မည်းမည်းလုံးလုံးလေးတွေ ပေါ်နေတာကို တွေ့ရတယ်။ သေချာကြည့်လိုက်တော့ လူခေါင်းတွေဖြစ်နေတယ်။ ကျောထဲမှာစိမ့်ခနဲ။ ကမ်းစပ်ကလူက ဘာတွေလှီးနေတာပါလိမ့်လို့ တကယ်က လူခေါင်းတွေဖြတ်ပြီး ကန်ထဲထည့်နေတာကြီး။ ဒါကြောင့်ကန်ရေက နီနေတာ။ လက်စသတ်တော့ လူသွေးတွေဖြစ်နေတာကိုး။ ဘယ်လိုပန်းချီကားကြီးလဲ။ ကျွန်တော်က ဒါကြီးကိုကြည့်ပြီး စာသင်ရမှာလား။ ကျွန်တော်က သွေးထွက်သံယိုတွေမကြည့်ရဲဘူး။ ကြည့်တဲ့လူကိုလည်း မကြည်ဘူး။ ဒါကြောင့် မောင်ထူးနဲ့တောင် အတူမနေနိုင်လို့ အခန်းလဲပစ်လိုက်တာ။ မောင်ထူးဆိုမှ သူ့အိမ်မှာလည်း ဒီလိုပန်းချီကားတွေ ချိတ်ထားမလား။ မောင်ထူးက ဒါမျိုးတွေသဘောကျတာဆိုတော့လေ။
ဆယ်မိနစ်လောက်ကြာတော့ အခန်းထဲကို ကလေးတစ်ယောက်ဝင်လာတယ်။ ကျွန်တော်စာသင်ပေးရမယ့် ကလေးဖြစ်မယ်ထင်။ စောင့်နေစေမိတဲ့အတွက် တောင်းပန်ပါတယ်တဲ့။ နောက် ဒါမျိုးထပ်မဖြစ်စေရပါဘူးတဲ့ ကောင်လေးကပြောတယ်။
စာသင်တော့လည်း ကောင်းကောင်းလိုက်သင်တယ်။ ကောင်လေးက ယဉ်ယဉ်မွန်မွန်လေး။ ပြောစကားလည်းနားထောင်တယ်။ ဉာဏ်လည်းကောင်းတယ်။ သူဌေးသားဆိုတော့ အဆိုးလေးဖြစ်မယ်လို့ထင်ထားခဲ့တာ။ အထင်နဲ့အမြင်က တက်တက်စင်အောင်လွဲတာပဲ။
လေးနာရီခွဲတော့ ဆယ့်ငါးမိနစ်အနားပေးလိုက်တယ်။ ကောင်လေးက အောက်ခဏဆင်းသွားတယ်။ မကြာဘူး ပြန်တက်လာတယ်။ သူ့လက်ထဲမှာ အသီးပန်းကန်တွေ ထပ်ပြီး ပါလာပြန်တယ်။ ကောင်လေးကရော ကျွန်တော့်ကိုကျွေးပါ့မလားလို့ ကျွန်တော် စိတ်ပူသွားတယ်။ စားပါဦးလားလို့မပြောဘဲနဲ့ ယောင်လည်လည်လုပ်ပြီး နှိုက်စားလိုက်ရင်ကောင်းမလား။ မဖြစ်သေးပါဘူး ဆရာသိက္ခာကျတယ်။
အသီးစားပါဦးဆရာကြီးတဲ့ ကောင်လေးကပြောတယ်။ မင်းလည်းစားလို့ ကျွန်တော်ပြန်ပြောလိုက်တယ်။ စိတ်ထဲမှာတော့ အတော်ကျေနပ်နေတယ်။ ကောင်လေးက လူမှုရေးရှိတယ်။ ဆရာကြီးလာရင်စားဖို့ဆိုပြီး ကိုကြီးကသေချာဝယ်လာတာတဲ့ ကောင်လေးကပြောတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီအိမ်ကလူတွေ အတော်သဘောကောင်းကြပါလားလို့ တွေးနေမိတယ်။
ကောင်လေးနာမည်က မောင်မှူးတဲ့။ ချမ်းသာပေမယ့် နာမည်ကလည်းမလှလိုက်တာ။ ကျွန်တော်ကြိုက်တဲ့ စပျစ်သီးတွေ တစ်လုံးပြီးတစ်လုံးဖြုတ်စားရင်းနဲ့ မောင်မှူးနဲ့စကားတွေပြောဖြစ်ကြတယ်။ မောင်မှူးက ကြာကြာစကားပြောလေ ချစ်စရာကောင်းလေပဲ။
ကျွန်တော်နဲ့စကားပြောနေရင်း မောင်မှူးကလှစ်ကနဲပြုံးလိုက်တယ်။ ဘာဖြစ်လို့လဲ ကျွန်တော်မေးကြည့်တော့ သူ့အကိုနဲ့ အလောင်းအစားလုပ်ထားတာ သူ့အကိုရှုံးသွားလို့တဲ့။ ဘာကိုအလောင်းအစားလုပ်တာလဲ ကျွန်တော်မေးကြည့်တော့...
"ကိုကြီးကပြောတယ် အခု သားယူလာတဲ့အသီးတွေအကုန်လုံးက ဆရာကြီးကြိုက်တာတွေချည်းပဲတဲ့ အခုဆရာကြီးက စပျစ်သီးတစ်မျိုးတည်းစားတော့ ကိုကြီးရှုံးသွားပြီ ဟီးဟီ"
"......"
မောင်မှူးပြောမှ အသီးပန်းကန်တွေဆီ ကျွန်တော်အကြည့်ရောက်တယ်။
စပျစ်သီးဘေးက နှင်းသီးဖြူဖြူလေးတွေ။ ကျွန်တော်အားရဝမ်းသာနဲ့ တစ်လုံးကောက်ယူလိုက်တယ်။ ပါးစပ်ထဲထည့်မယ်လုပ်တော့ ဖြူဖြူအဖက်လေးတွေ ထည့်ထားတဲ့ပန်းကန်ကို အကြည့်ရောက်တယ်။ အုန်းသီးနုနုလေးကို ဇွန်းနဲ့ခြစ်ထားတာပဲ။ ဒါကျွန်တော်အကြိုက်ဆုံးအစားအစာ။ အုန်းသီးဇွန်းခြစ်က ဝယ်စားဖို့မလွယ်ဘူး။ မောင်မှူးအကို ဘယ်လိုဝယ်လာလဲမသိဘူး။ ကျွန်တော်စိတ်ထဲကနေ ကျိတ်ပြီးချီးကျူးလိုက်တယ်။ မောင်မှူးအကိုတော်တယ်လို့။
ခြောက်နာရီကျော်တော့ ထမင်းစားအခန်းထဲကို ကျွန်တော်ရောက်နေပြီ။ မောင်မှူးအကိုကတော့ မရောက်လာသေးဘူး။ အဒေါ်က အတော်သဘောကောင်းတယ်။ သူမရဲ့ သားကြီးဘယ်လောက်တော်ကြောင့် ဘယ်လိုလိမ္မာကြောင့် ကျွန်တော့်ကိုပြောပြနေတယ်။ ရွာမှာကျွန်တော့်အမေ ကြွားနေကျပုံစံအတိုင်းပေါ့။ ကျွန်မသားက ဘယ်နှစ်နှစ်နေရင် ဘွဲ့ရတော့မှာ။ သားလေးကအရမ်း လိမ္မာတာဘာညာနဲ့။
တစ်အောင့်လောက်ကြာတော့ လာပြီလာပြီတဲ့ အဒေါ်ကတိုးတိုးလေးပြောတယ်။ ကျွန်တော်သိချင်စိတ်နဲ့ အခန်းပေါက်ကို ကြည့်နေမိတယ်။
"မောင်ထူး!!"
ကျွန်တော်အလန့်တကြား အော်မိသွားတယ်။
မောင်ထူးကပြုံးတယ်။ နေကောင်းလားတဲ့ ကျွန်တော့်ကိုနှုတ်ဆက်တယ်။ ဒီအိမ်က မောင်ထူးအိမ်တဲ့လား။ မောင်မှူး၊ မောင်ထူး နာမည်ဆင်ပေမဲ့ မောင်ထူးကို ဒီလိုအခြေနေဖြစ်လိမ့်မယ်လို့ တစ်ခါမှတွေးမထားမိဘူး။ ဒီအိမ်က မောင်ထူးအိမ်ဖြစ်နေခဲ့တာကိုး။ စာသင်ခန်းထဲက ပန်းချီကားက မထူးဆန်းတော့ပါဘူး။