ဝီစကီကို ကိုလာနှင့်ရောကာ နှစ်ခွက်လောက်သောက်အပြီးတွင် မြူနှင်းတစ်ယောက် ရီဝေဝေဖြစ်လာသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်သော် မြူနှင်း တို့ 5th batch မှာ Farewell လာသူ ဆယ်ယောက်ခန့်ပဲရှိသည်။ မိန်းကလေး က မြူနှင်း အပါအဝင်မှ သုံးယောက်သာရှိသည်။ သူတို့လည်း သောက်ကြသည်။
ဋ္ဌာနတွင် Farewell ကျင်းပခြင်းဖြစ်ရာ
အရှေ့ဘက်တွင် ဆရာ ၊ ဆရာမ များရှိနေသေးသည်မို့ အနောက်ဘက်ရှိ အခန်းလွတ်ထဲတွင် ဝင်ကာ သောက်နေကြခြင်းဖြစ်သည်။
ရှေ့တွင် ဟိန်းမြတ်သူကိုတွေ့နေရသည်။ ဟိန်းမြတ်သူက ဂစ်တာကို ကိုင်၍ထိုင်နေသည်။
မြူနှင်း ခွက်ထဲသို့ ဝီစကီ အပြည့်ဖြည့်လိုက်သည်။
ဟိန်းမြတ်သူကထလာပြီးတားလိုက်သည်။
"မသောက်နဲ့ မြူနှင်း နင်မူးနေပြီ။
သောက်နိုင်တာလဲမဟုတ်ပဲနဲ့"
"ငါသောက်နိုင်ပါတယ်"
ဟိန်းမြတ်ကိုကြည့်ပြီးပြောလိုက်ကာ တစ်ခွက်လုံး မော့ချလိုက်သည်။လည်ချောင်းထဲမှတဆင့် ပူရှိန်းရှိန်းခံစားလိုက်ရပြီး တကိုယ်လုံး ပူထူလာသည်။
မြူနှင်းမူးလာလျှင်အကျင့်ဆိုးတစ်ခုရှိသည်။
အဲ့ဒါကတော့ ငိုတာပင်။ ငါကသူ့ကိုအရမ်းချစ်တာ ဘာညာတွေပြောပြီးကို အားရပါးရငိုတာ။
တခါ လူမှန်းသူမှန်းမသိအောင်မူးတုန်းက
ဟိန်းမြတ်ဆီ ဖုန်းဆက်ငိုဖူးသည်။ ပြတ်ကာစကပါ။
အခုကျ ဘယ်သူ့ကိုရစ်ရမယ်မှန်းမသိ။
ဟိန်းမြတ်သူက သူ့ရှေ့အရှင်လတ်လတ်ကြီးရှိနေတော့ သူ့ကိုပဲရစ်ရမလား။
"ဟဲ့ ဟိန်းမြတ်သူ "
"Department of Mechatronics Engineering " ဟု ဆိုင်းဘုတ်တပ်ထားသော အဆောက်အဦးကြီးရှေ့တွင် ဘုန်းဝေရပ်နေမိသည်။ သူများမေဂျာ Farewell ၊ သူများ ဋ္ဌာနထဲကို ဝင်သွားလို့ကောင်းပါ့မလား။
ဟိုဂျပုမလေး မူးနေပြီ ဟု သူငယ်ချင်းဖြစ်သူက ဖုန်းဆက်ပြောသောကြောင့် အပြေးရောက်လာခဲ့ခြင်း။ MC မှာ သူငယ်ချင်းရှိလို့တော်သေး၊ သူငယ်ချင်းတွေက သူနှင့်မြူနှင်းကို စကြသည်။ မဟုတ်ဘူး
တွင်တွင်ငြင်းပြီးမှ မူးနေတယ်လည်းဆိုရော၊ တခါတည်း အပြေးရောက်လာသည့် ဘုန်းဝေလေး။
ထိုဂျပုမလေးက မူးမူးနှင့် ဟိုအကောင်နောက်ပြန်ပါသွားမှ၊ အဲ့လိုတော့အဖြစ်မခံနိုင်။ ဘုန်းဝေ ဋ္ဌာနထဲသို့ ဝင်လာခဲ့လိုက်သည်။
ဆရာ ဆရာမများ မရှိတော့၊ EDM ဖွင့်ဖို့ပင်ပြင်ဆင်နေကြပြီ။ မီးလည်းမှိတ်လိုက်ရာ သူ့ကို ဘယ်လိုသွားရှာရမှာပါလိမ့်။
ဟိုးဘက် အနောက်ထဲတွင် မီးလင်းနေသေးသည်။
"ဟဲ့ ငါနင့်ကိုအရမ်းမုန်းတာပဲ သိလား"
မြူနှင်း က ဟိန်းမြတ်ကိုကြည့်ပြီးပြောနေသည်။
"နင့်လိုကောင်မျိုး၊ ကိုယ်ချင်းစာစိတ်မရှိ မိန်းကလေးတစ်ယောက်ကို လိုသုံးလုပ်တဲ့ကောင်မျိုးကို
ပထမဆုံးတွေ့ဖူးတာပဲ သိလား"
"နင်မူးနေပြီ မြူနှင်း ၊ ခဏ ငါ့ကိုမှီပြီးအိပ်လိုက်"
ဟိန်းမြတ်သူက ဂစ်တာကိုဘေးချလိုက်ရင်းပြောလိုက်သည်။
"ငါမမူးပါဘူး၊ အဲ့လောက်နဲ့မူးစရာလား။ ငါ့ကိုအရက်သမားများထင်နေလား"
မြူနှင်း မူးနေပြီး ပါးလေးတွေနီနေသည်မှာချစ်စရာလေးဖြစ်နေသည်။ EDM စဖွင့်နေပြီဖြစ်၍ ကဖို့ထွက်သွားကြရာ အခန်းထဲတွင် မြူနှင်း နှင့် ဟိန်းမြတ် နှစ်ဦးတည်းသာကျန်ရစ်သည်။
"နင်သိလား ဟိန်းမြတ်၊ ငါကလေ..ငါက နင့်ကို အရမ်းချစ်ခဲ့တာဟ"
မြူနှင်း ခေါင်းလေးဟိန်းမြတ်ပုခုံးပေါ်ကျလာသည်။
"ငါသိပါတယ် နင်အရမ်းမူးနေပြီ။ အိပ်လိုက်တော့နော် "
အခန်းအပြင်မှ ရပ်ကြည့်နေမိသူ ဘုန်းဝေမှာတော့
ရင်ထဲဆစ်ခနဲ နာကျင်သွားမိသည်။ နင်အခုထိသူ့ကို ချစ်နေတုန်းလားကွာ။
ဘုန်းဝေ လှည့်ထွက်လာပြီး ဋ္ဌာနအပြင်ဘက်သို့လျှောက်လာခဲ့သည်။ ဋ္ဌာနအပြင်ဘက်ရှိ သစ်ပင်ကို ဝိုင်းပြီးဆောက်ထားသော ခုံပေါ်တွင် ထိုင်လိုက်ကာ ငေးနေမိသည်။
ပတ်ဝန်းကျင်တခုလုံး မှောင်မည်းလျက်ရှိနေသည်။
သဝန်တိုသောခံစားချက်မဟုတ်။
ထိုကောင်မလေးအစား နာကျင်မိသော ခံစားချက်
တစ်ခုသာ။
အခန်းထဲတွင် ဟိန်းမြတ်ပုခုံးပေါ်မှီနေသော မြူနှင်း မှာ ရုတ်တရက် ထရပ်လိုက်ပြီး ဟိန်းမြတ် ကိုကြောင်ကြည့်နေသည်။
ငါဘာလို့သူ့ပုခုံးပေါ်မှီထားမိပါလိမ့်။ ငါတော်တော်မူးနေတာပဲ။ ငါအိပ်ပျော်သွားတာလား။ ဘယ်လောက်ကြာအောင်အိပ်ပျော်သွားပါလိမ့်။
"နင်နိုးလာပြီလား ၊ အမူးရောပြေသွားပြီလား"
မြူနှင်း ခေါင်းထဲ ရိပ်တိပ်တိပ်၊ မူးတော့မူးနေသေးသည်။ အခန်းထဲမှာလည်း သူနဲ့ ဟိန်းမြတ် နှစ်ယောက်တည်း။
"ငါဘာတွေပြောမိသေးလဲ"
"နင်ငါ့ကိုအခုထိချစ်သေးလား"
နှစ်ယောက်သားပြိုင်တူပြောမိသွားသည်။ သေစမ်း
မြူနှင်းဝေ ။ သူ့ကိုချစ်တယ်လို့သွားပြောမိတာလား။ ဒါ အဆောင်မှာမှမဟုတ်တာ။ အကျင့်ပါပြီးပြောမိသွားတာနေမှာ။ သေလိုက်ပါတော့။
ဘယ်လိုတောင်ရှက်စရာကောင်းရတာလဲ။
"ဟင့်အင်း မချစ်တော့ဘူး "ဟုပြော၍ အခန်းတံခါးကိုဖွင့်လိုက်သည်။
ထိုစကားကအမှန်တကယ်လားဆိုတာတော့
မြူနှင်း တစ်ယောက်သာသိပါလိမ့်မည်။
"ဘယ်သွားမလို့လဲ "
"အပြင်မှာလေကောင်းလေသန့်သွားရှူမလို့"
ဟုပြော၍ထွက်လာခဲ့လိုက်သည်။
(A/N: မြူနှင်း ကဘယ်သူ့ကိုချစ်နေတာလဲ အိုင်လည်းမသိဖူးရယ် 😪😪)