Kevin သူ့တိုက်ခန်းသူ ပြန်လာခဲ့သည်။ အခုချိန်မှာ ဘယ်သူနဲ့မှ သူစကားမပြောချင်။ သူတစ်ယောက်တည်းသာ နေလိုသည်။ ရေမိုးချိုး အဝတ်အစားလဲပြီး ခုတင်ပေါ်တက်လိုက်ရင်း သူအတွေးကမ္ဘာထဲ အလည်သွားလိုက်သည်။ သုံးနာရီလောက်ကြာတော့ သူဖုန်းဆက်ရန် ပြင်လိုက်သည်။
"တီ... Hello"
"Hello ... Dad"
"မင်း... ဘာလို့ဖုန်းဆက်တာလဲ"
"သားက အဖေကို ဆက်တာ အကြောင်းရှိရမှာလား"
"ဟိုတစ်ခေါက်ကပဲ မင်းပိုက်ဆံတောင်းထားလို့ လှမ်းပို့ပြီးပြီလေ ... အခုက ဘာအတွက် ဆက်တာလဲ"
"ဟိုး ... ကျွန်တော် ပိုက်ဆံတောင်းတာ အဖေ့ဆီက မဟုတ်ပါဘူး ... အဟင်း ကြည့်ရတာ အဆက်အသွယ် ရှိနေသေးပုံ ရတယ်နော်"
"ကိစ္စမရှိရင် ဒါပဲ ... ငါမအားဘူး"
"ခဏ ... ခဏလေးပဲ ... ကျွန်တော်မေးစရာရှိလို့"
"မေး"
"ကျွန်တော့်ကို သားလို့ တစ်ခါလောက် မြင်ဖူးလား ... အသိအမှတ်ပြုဖူးလား"
သူဒီမေးခွန်းကို မေးလိုက်တာ မျှော်လင့်ချက်တွေ ပါတယ်ဆိုတာ သူကိုယ်တိုင် အသိဆုံးပင်။
"ဟက် ... ထူးထူးဆန်းဆန်း ... မင်းပုံစံအတိုင်းပဲ မင်းနေစမ်းပါ ... ဒါပဲ"
လိုင်းကျသွားတဲ့ဖုန်းကိုကြည့်ရင်း ဆုပ်ကိုင်ထားတဲ့လက်တွေ တင်းကြပ်လာသည်။ ဘာလို့လဲ ဘာလို့သူ့ကို အမြဲအဲ့လိုဆက်ဆံကြတာလဲ။ ဆို့နင့်လာတဲ့ ခံစားချက်ကြောင့် သူဖုန်းကို လွှင့်ပစ်လိုက်ကာ အော်ဟစ်ပစ်လိုက်သည်။ သူက အားလုံးအတွက် မကောင်းဆိုးဝါးပဲ။ ဟက် ... အဲ့လို သတ်မှတ်ထားကြမှတော့ သူက ထူးပြီး ကောင်းပြနေစရာမလိုတော့ဘူးမလား။ နာကျင်နေသော မျက်ဝန်းတစ်စုံနဲ့မလိုက်ဖက်စွာ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခုက နေရာယူထားသည်။
_________________________________________
"Yeosang"
သူ့ကို ခေါ်လိုက်တာကြောင့် Yeosang သူ့သူငယ်ချင်း Wooyoung ကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး Jongho အိမ်မှာ သောင်တင်နေခြင်းပင်။
"ငါတို့ Kevin ကို ဘယ်လိုလုပ်ကြမလဲ"
Wooyoung မေးလာတာကြောင့် သူလည်း စဥ်းစားလိုက်သည်။ Kevin ကို သူတို့ဘက်က လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိဘဲ သွားမထိတာ အကောင်းဆုံးပင်။ ဂေဟာမီးလောင်တဲ့ကိစ္စလေး သွားမေးမိလို့ သူတို့စခန်းမှူး အထက်လူကြီး ကျိန်းတာ ခံခဲ့လိုက်ရတယ်မလား။ Kevin ဆိုတဲ့သူကလည်း ဘယ်လိုမှပင် အစဆွဲထုတ်လို့ မရအောင် သိုသိပ်လွန်းသည်။ နေဦး အသတ်ခံရတဲ့ လူတွေဆီမှာ ဓါတ်ပုံတွေ့တယ်မလား ... အဲ့ဓါတ်ပုံတွေကို သေချာပြန်ကြည့်ရင် သဲလွန်စ တစ်ခုလောက်တော့ ထပ်ရကောင်းပါရဲ့ ... တွေးပြီး Yeosang ဓါတ်ပုံတွေကို ပြန်ကြည့်လိုက်သည်။ သေဆုံးသူနှစ်ယောက်မှာ တွေ့ရတဲ့ ပုံတွေက ဂေဟာမှာ တွေ့ခဲ့ရတဲ့ ပုံတွေနဲ့မတူ။ သက်သေခံ ပုံနှစ်ပုံကလည်း copy ပွားထားဟန်တူသည်။ အဲ့ဒါဆို မူရင်းက ဘယ်သူ့ဆီမှာလဲ ... လူသတ်သမားဆီမှာလား။ သူတွေးရင်း ပုံကို သေချာကြည့်လိုက်တော့
"Wooyoung သေချာလာကြည့်"
"ဟမ် ဘာတွေ့လို့လဲ"
"ဒီမှာ"
"အဲ့ဒါက Kevin မလား နေပါဦး သူက သေဆုံးသူ နှစ်ယောက်နဲ့ သိတာလား"
"မပြောတတ်ဘူး ... ဒီမိန်းကလေးကို သေချာကြည့် ... တစ်ယောက်ယောက်နဲ့ မတူဘူးလား"
"ဟင် ... အဲ့ဒါ Erika မလား"
"ဟုတ်တယ် ... Erika ကို မေးကြည့်ရင် တစ်ခုခုတော့ သိရနိုင်တယ်"
"အဲ့ဒါဆို ငါ တွေ့ဖို့ချိန်းလိုက်တော့မယ်"
ဆိုပြီး Wooyoung က ပြောလာတော့ Yeosang ခေါင်းညိတ်ပြလိုက်သည်။ ဒီတစ်ခါအမှုက တကယ့်ထိပ်သီးတွေနဲ့ချည်း တွေ့နေရတာမို့ သူ့ရဲဝတ်စုံရဲ့ ပုခုံးပေါ်က ကြယ်ပွင့်လေးတွေက သူ့ကိုပြုံးပြနေလေရဲ့။
_________________________________________
"Erika ကျွန်တော်က Wooyoung ပါ သူက Yeosang ပါ"
"တွေ့ရတာ ဝမ်းသာပါတယ် ကြွပါ ... ကျွန်မဒီနေ့ ရုံးမတက်ဖြစ်တာမို့ အိမ်ကို ချိန်းလိုက်ရတာ ... အားတော့နာပါရဲ့"
"ရပါတယ်ဗျာ ... ကျွန်တော်တို့ မေးစရာလေး နည်းနည်းရှိလို့ပါ"
"မေးပါ ... ကျွန်မသိတာဆို ဖြေပေးနိုင်ပါတယ်"
"အလင်းရောင်ဂေဟာကို သိလားမသိဘူး"
Wooyoung က မေးလိုက်တော့
"သိတာပေါ့ ကျွန်မကြီးပြင်းခဲ့တဲ့နေရာပဲကို"
"အဲ့ဒါဆို သူတို့နှစ်ယောက်ကိုရော"
သက်သေခံဓါတ်ပုံထုတ်ပြကာ သေဆုံးသူနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး Wooyoung မေးလိုက်သည်။
"ကျွန်မသူငယ်ချင်းတွေလေ ... နေပါဦး ဒီပုံက ဂေဟာမီးလောင်တုန်းက ပျောက်သွားတာလေ ... ရှင်တို့ဆီ ဘယ်လိုလုပ် ရောက်နေတာလဲ"
"အဲ့သူငယ်ချင်းနှစ်ယောက်ကို အခုမြင်ရရင် မှတ်မိမယ်ထင်လား"
"အင်း မပြောတတ်ဘူး ... နှစ်တွေလည်း တော်တော်ကြာပြီဆိုတော့ .. တစ်ချို့က နာမည်တွေတောင် ပြောင်းကြတာဆိုတော့"
"ဒီပုံနှစ်ပုံကို ကြည့်ပေးပါ"
ဆိုကာ Yeosang က အသတ်ခံရသူ နှစ်ယောက်ရဲ့ ပတ်စပို့ပုံတွေကို ထုတ်ပြလိုက်သည်။
"အင်း ... အင်း ဟုတ်တယ် သူတို့ပဲ ... ဒါနဲ့ ဘာကိစ္စရှိလို့လဲ"
"သူတို့နှစ်ယောက်လုံး အသတ်ခံလိုက်ရပြီ"
"ရှင်"
"ဟုတ်တယ် ဒီဂေဟာက ပုံတွေက လူသတ်သမားချန်ခဲ့တဲ့ ပစ္စည်းတွေပါ ... အဲ့ဒါကြောင့် ကျွန်တော်တို့ကို Erika ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ဟူ၍ Yeosang က ပြောလိုက်သည်။
"ကျွန်မကူညီနိုင်တာဆို ကူညီပေးပါ့မယ်"
"ဒါဆို Erika တို့မှာ နောက်ထပ်သူငယ်ချင်းတွေ ရှိသေးလား ... "
Wooyoung က မေးလိုက်တော့
"မရှိတော့ဘူး ... ကျွန်မရယ် သူတို့နှစ်ယောက်ရယ်ပဲ ... အရင်ကတည်းက ကျွန်မတို့က အပေါင်းအသင်း မမက်တော့ သူငယ်ချင်းရှားတယ်"
"သြော် ... အဲ့လိုလား ... ကျေးဇူးတင်ပါတယ် ကျွန်တော်တို့နဲ့ ပူးပေါင်းပေးလို့ ... နောက်လည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ် ...အဲ့ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး"
ဟု Yeosang က ပြောလိုက်ကာ သူတို့နှစ်ယောက် အိမ်ထဲမှ ထွက်လာခဲ့သည်။
"ကောင်းပါပြီရှင်"
ကားပေါ်တွင် Wooyoung က
"Yeosang မင်းလည်း ငါတွေးသလို တွေးတယ်မလား"
"ငါတို့ Erika ကို နောက်ယောင်ခံလိုက်ဖို့ လိုပြီ သူနဲ့ Kevin ကြားမှာ တစ်ခုခု ရှိကို ရှိရမယ်"
"သေချာတာပေါ့ ... Wow ငါတို့ ဒီလိုနောက်ယောင်ခံမလိုက်ရတာ ဘယ်လောက်ကြာပြီလဲ ... အခုမှပဲ ကိုယ့်ကိုယ်ကိုယ် ရဲလို့ ခံစားမိတော့တယ်"
Wooyoung ပြောပြီး ပြုံးလိုက်မိသည်။ ကစားပွဲကတော့ အရှိန်တက်နေပြီဖြစ်သည်။
_________________________________________