Jongho သူ့တပ်ဖွဲ့နဲ့အတူ car parking ကနေ ပထမထပ် အခန်းထဲသို့ ဝင်လာခဲ့သည်။ မြေညီထပ်ကိုဆင်းတဲ့ ဓါတ်လှေကားကနေ တစ်ဆင့် ဓါးစာခံများရှိရာ အခန်းထဲသို့ ဝင်ရန် အခန်းအနေအထားကို တစ်ချက်ကြည့်လိုက်သည်။ ခေါင်းဆောင်ဆိုသူက သေနတ်ကိုင်ထားသည်မှာ တုန်လှုပ်နေဟန် ရသည်။ အဖွဲ့သားများကို ကြည့်ပါကလည်း သေနတ်ကိုင် ကျွမ်းကျင်သူများနှင့်မတူ။ အခုမှ သေနတ်ကိုင်ဖူးသူများနဲ့တောင် တူနေသေးသည်။ အခြေအနေကို လေ့လာရင်း ခေါင်းဆောင်ကို ကြည့်လိုက်တော့ သူ့ဆီကို လျှောက်လာနေသည့်အတွက် အကာအကွယ်ယူရင်း ပုန်းလိုက်သည်။ car parking တွင် စောင့်နေသော သူ့တပ်ဖွဲ့ကိုလည်း သူတို့ရှိရာ နေရာသို့ လာရန် အမိန့်ပေးလိုက်သည်။ သူ့တပ်ဖွဲ့ဝင်များအကုန် ရောက်လာသည်နှင့် Jongho ပုန်းနေရာမှ ထကာ ခေါင်းဆောင်ဖြစ်သူကို လှမ်းဆွဲလိုက်ပြီး နားထင်ကို သေနတ်နဲ့ချိန်လိုက်သည်။
"တစ်ယောက်မှ မလှုပ်နဲ့။ လက်နက်ချလိုက်။"
သူအမိန့်ပေးလိုက်တော့ သေနတ်ကိုင်ထားသူအကုန်လုံး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သေနတ်တွေကို အောက်ချလိုက်သည်။ ထိုသူတွေကို သူ့တပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလိုက်သည်။
"ဘဏ်ဓါးပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။ တရားရုံးကနေ ရှေ့နေငှားပေးမှာဖြစ်လို့ ပြန်လည်ချေပလျှောက်ထားခွင့် ရှိပါသည်။"
ထို့နောက် ခေါင်းဆောင်ကို သူ့လက်အောက် အရာရှိထံ အပ်လိုက်ပြီး သူက ထိုနေရာမှ ဝန်ထမ်းများ ထိခိုက်မှု ရှိ၊မရှိ စစ်ဆေးနေလိုက်သည်။ တစ်ဆိတ် အရမ်းလွယ်လွန်းမနေဘူးလား။ ဘဏ်ဓါးပြတိုက်မှုဆိုလို့ သူ့မှာတော့ ခွင်အကြီးကြီး ထင်ပြီး အက်ရှင်ကားတွေလို ကြမ်းရပြီ ထင်လိုက်တာ...အဟက်...။ စစ်ဆေးမှုတွေ အကုန်ပြီးသွားတော့ သူလည်း ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
"အင့်"
ထွက်လာလာချင်း အဖက်ခံလိုက်ရ၍ တွန်းထိုးပြီး ဖယ်မယ်လုပ်တော့ ရင်းနှီးနေသည့် ကိုယ်သင်းရနံ့ကြောင့် ငြိမ်နေလိုက်သည်။
"ဘာမှမဖြစ်သွားဘူးမလား..."
သူ့ကို မေးလာရင်း သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေသည့် Mr. Song ကြောင့် သူအသာရယ်ပြလိုက်ရင်း ဘာမှ မဖြစ်ကြောင်း ပြောပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...ကဲ အခုစခန်းသွားတော့မယ်...နောက်မှတွေ့မယ်"
"ညနေ"
"ဟမ်"
"ညနေကျရင် ကော်ဖီဆိုင်ကို လာခဲ့...လို့"
ပြောရင်း ခေါင်းငုံ့သွားတဲ့သူကြောင့် သူပြုံးမိသွားသည်။ ဘာလဲ ရှက်သွားတာလား Mr. Song ကလေ။ အဲ့လူကြီးကလေ။ ရှက်သွားတဲ့ပုံလေးကလည်း ...အား...အသည်းယားတယ်နော်။
"လာခဲ့မယ်..."
ပြောရင်း Mr. Song ဆီသို့ လျှောက်သွားလိုက်သည်။
တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားရလောက်သည့် အနေအထားကို ရောက်တော့ သူထိုသူ့နားရွက် နားကို အသာကပ်လိုက်ပြီး
"ကျွန်တော် သေချာပေါက် လာခဲ့မှာမို့...ဆက်ဆက်စောင့်နေပေး"
ပြောလိုက်တော့ နီရဲတက်လာသည့် သူ့နားရွက်ကို တစ်ချက်ပြုံးကြည့်လိုက်ရင်း ထိုနေရာကနေ ထွက်လာကာ စခန်းဆီသို့ ဦးတည်မောင်းလာခဲ့တော့သည်။
စခန်းတွင်...
"စခန်းမှူး Jongho တာဝန်ကျေပါတယ်။ ဒီတစ်ခါ အမှုကို ဖြေရှင်းနိုင်လို့ ရာထူးတိုးပေးမယ်လို့ အထက်က ပြောနေသံကြားတယ်။ ဂုဏ်ယူပါတယ်ကွာ"
သူ့ကို ဂုဏ်ပြုစကား ပြောလာသည့် အထက်အရာရှိကြောင့် သူလည်း ကျေးဇူးတင်စကား ပြန်ပြောရင်း အရာရှိအခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ခေါင်းထဲ သံသယတွေ များလာသည်။ ပထမတစ်ချက် ဘဏ်ဓါးပြတိုက်တယ်သာ ပြောတာ ပြစ်မှုကျူးလွန်သူတွေကို ကြည့်လိုက်ရင် ဒီနယ်မြေနဲ့ မရင်းနှီးမှန်း အရမ်းသိသာသည်။ ဒုတိယတစ်ချက် ဒီအမှုက ဖြေရှင်းရတာ အရမ်းလွယ်လွန်းနေသည်။ ဤသည်ကို အထက်လူကြီးများ မရိပ်မိသည်မှာ မဖြစ်နိုင်။ ထို့ပြင် အထက်က ဒီကိစ္စကို ရေးကြီးခွင်ကျယ် လုပ်နေတာကို သူမသင်္ကာလှ။ ဒီ့ထက် အရေးကြီးတဲ့ လူသတ်မှုတွေ သူလိုက်ခဲ့တုန်းကတောင် သူ့ကို ဒီလောက် ဖော်ဖော်ရွေရွေ စကားမပြောဖူးဘူး။ တစ်ခုခုတော့ လွဲနေပြီ။ သူတွေးနေရင်း သူ့အခန်းထဲ ဝင်လာခဲ့တော့
"စခန်းမှူး Choi"
သူ့စားပွဲရှေ့မှာ သူ့ကို ရပ်စောင့်နေတဲ့ အရာရှိ Jeong နဲ့ အရာရှိ Kang။
"အေး အကြောင်းထူးလား"
"ကျွန်တော်တို့ ခရီးထွက်ရမယ်ထင်တယ်"
ထိုစကားကြောင့် ထိုအရာရှိ နှစ်ယောက်ကို သူကြည့်လိုက်သည်။ ခရီးထွက်ရမည်ဆိုခြင်းမှာ တကယ်ခရီးသွားခြင်းကို မဆိုလိုကြောင်း သူတို့ သုံးဦးလုံးသိသည်။ ခဏ ခြေရာဖျောက်ခြင်းသာ။
"Aurora စီမံကိန်းမှာ လာဘ်စားမှုတွေ ရှိတယ်လို့ ကြားတယ်။ အဲ့ဒါကို အရာရှိနှစ်ယောက်က ကြည့်စီစဥ်လိုက်ပါ။"
သူပြောလိုက်တော့ သူ့ကို ခေါင်းညိတ်ပြကာ အခန်းထဲမှ ထွက်သွားကြသည်။ သေချာသည်။ ဒီညမှစ၍ သူ့အိမ်တွင် ထိုအရာရှိနှစ်ယောက် သောင်တင်တော့မည်။ အမှုကိစ္စတွေမှာ စိတ်ချရပေမယ့်လည်း ရှပ်ပြာရှပ်ပြာလုပ်နိုင်လွန်းသူ Jeong Wooyoung နဲ့ တစ်နေ့လုံးနေမှ စကားငါးခွန်းပြည့်အောင် မပြောသူ Kang Yeosang တို့သည် အသောက်အစားကိစ္စတွင် သူမတူအောင် ကျွမ်းကျင်လွန်းကြသည်။ ကလေးထိန်းရတော့မယ့်အကြောင်း တွေးရင်း Jongho သက်ပြင်း အသာချလိုက်တော့သည်။
_________________________________________
ဓါးပြတိုက်မှု ဖြစ်နေချိန် တစ်နေရာတွင်...
"တူ...Hello"
"ဘယ်ဆိုးလို့လဲ ရအောင် ရှာပေးနိုင်သားပဲ။"
"လိုချင်တာ ရပြီမလား...အဲ့ဒါဆို ဒါပဲ"
လိုင်းကျသွားသော ဖုန်းလေးကို ကြည့်ရင်း သူပြုံးလိုက်မိသည်။ ဒီပိုက်ဆံတွေနဲ့ ဘာလုပ်ပစ်ရမလဲ။ တွေးရင်း သူဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။
"Hello"
"Mr. Won လား...ကျွန်တော်ပါ"
"ဟုတ်ကဲ့ခင်ဗျ"
"ဒီည ညစာစားပွဲလုပ်မလားလို့ ... အဲ့ဒါ Mr. Won ကို ဖိတ်ချင်လို့"
"အာ...လာခဲ့ရမှာပေါ့ဗျာ...ဘယ်သူဖိတ်တာမို့လို့လဲ။ အခုလို ဖိတ်တာကိုတောင် ကျွန်တော်က ဝမ်းသာနေရတာပါဗျာ"
"အဟက်...Mr.Won ကတော့ နောက်ပြီ။ ကဲ အဲ့ဒါဆို ည ၇ နာရီ Horizon Sky Bar မှာ ဆုံကြတာပေါ့။"
"ကောင်းပါပြီဗျာ"
သူဖုန်းချလိုက်ပြီး ထိုင်ခုံနောက်မှီကို ခေါင်းလှန်မှီလိုက်ရင်း ရယ်မောမိသည်။ ပိုက်ဆံ...ပိုက်ဆံ။ လူတွေက နတ်ဘုရားလို ကိုးကွယ်နေကြတာပါလား။
_________________________________________
"ဒီနေ့ညနေ အစီအစဥ်တွေ အကုန်ဖျက်လိုက်။ ငါသွားစရာရှိတယ်။"
"ဟုတ်ကဲ့ပါ"
ဝန်ထမ်း ထွက်သွားတော့မှ သူအံဆွဲကို ဖွင့်လိုက်ရင်း လိပ်စာကတ်တစ်ခုကို သေချာကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် လိပ်စာကတ်ကို အံဆွဲထဲ ပြန်ထည့်လိုက်ပြီး ထိုင်ခုံမှ ထ၍ ကုတ်အင်္ကျီဝတ်လိုက်ကာ အပြင်သို့ ထွက်သွားတော့သည်။ ထိုသူ၏ စားပွဲပေါ်က အသိအမှတ်ပြု သုံးမြှောင့် ဖန်တုံးပေါ်တွင် ငွေမှင်နှင့် ထွင်းထားသည်မှာ "Mr. Won Jo Hyun"
_________________________________________