"ကျွန်တော်ရော ကူချင်တယ်"
အသံကြားလိုက်ရသည့်အတွက် San အနောက်ကို လှည့်လိုက်တဲ့အခါ အငယ်လေးကို တွေ့လိုက်ရသည်။
"အငယ်လေး"
"Mr. Choi က အစ်ကို့ကို နှိပ်စက်ခဲ့တာမလား... ကျွန်တော့်ကြောင့်လို့ ပြောပြီး တကယ်က အဲ့စာအုပ်နဲ့ ရှယ်ယာတွေကြောင့်မလား"
San တစ်ယောက် အံ့အားသင့်သွားသည်။ အငယ်လေးက သိနေခဲ့တာလား။
"ဟုတ်တယ် ကျွန်တော် အကုန်သိတယ်။ Mr. Kim က ကျွန်တော့်ကို အကုန်ပြောပြထားတယ်။"
Flashback ~
Hongjoong အထက်တန်းကျောင်း စတက်သည့်နေ့
"Hong လေး အဖေနဲ့ အပြင်သွားရအောင်"
"ရှင် ကလေးကို ဘယ်ခေါ်သွားမလို့လဲ"
"ဒီနားခဏပါကွာ ကလေးက ဖုန်းလိုချင်တယ် ပူဆာထားလို့ ဝယ်ပေးချင်လို့ပါ"
"ပြီးတာပဲ သိပ်မကြာစေနဲ့ မြန်မြန်သွား မြန်မြန်ပြန်လာ"
"အေးပါကွာ မကြာစေရပါဘူး"
သူ့မိဘတွေ၏ ဆက်ဆံရေးသည် ထိုသို့ဖြစ်သည်။ သူ့အဖေသည် အမေ့ကို အရမ်းကြောက်ရသည်။ အမေကလည်း အဖေ့ကို အရမ်းနိုင်လွန်းသည်။ ဒါပေမယ့် သူ့ကိုတော့ အမေက အရမ်းချစ်ရှာသည်။ သည်းသည်းလှုပ်ချစ်သည် ဆိုရမလား။
ကားပေါ်တွင်...
"သား Hong လေး အဖေပြောတာကို သေချာနားထောင်နော်"
အဖေ ပြောလာသည့်စကားကြောင့် အဖေ့ကို Hongjoong မော့ကြည့်လိုက်သည်။
"သားက အဖေတို့ သားအရင်းမဟုတ်ဘူး... အဖေတို့က သားကို ခိုးလာတာ။"
သူတကယ်မထင်ထားခဲ့ပါ။ သူ့ကို အရမ်းချစ်သော အမေ၊ သူ့ကိုဆို အမြဲဂရုစိုက်သော အဖေက သူ့မိဘအရင်းတွေ မဟုတ်ဘူးတဲ့လား။ ပြီးတော့ ခိုးလာတာ။ ဘာတွေလဲ။
"တကယ်တော့ သားက Mr. Choi တို့ရဲ့ သားပါ။ အဖေက သူတို့ဆီမှာ ဒရိုင်ဘာလုပ်ခဲ့ဖူးတယ်။ အဖေတို့မှာ သားတစ်ယောက်ရှိခဲ့တယ်။ Joong Hyo တဲ့။ Joong လေး ၃ နှစ်သား အရွယ်မှာ ကားမတော်တဆမှုကြောင့် ဒီလောကကြီးထဲက ထွက်သွားခဲ့ရတယ်။ အဲ့ဒါကြောင့် Hong လေးကို မြင်တော့ သားအမေက သူ့သားလေးပါဆိုပြီး အဖေ့ကို ငိုယိုပြောတယ်။ သားတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ရဲ့ ခံစားချက်ကို အဖေနားလည်ပါတယ်။ အဲ့ဒါကြောင့်လည်း အဖေ သူ့ကို နည်းမျိုးစုံနဲ့ နှစ်သိမ့်ပေးခဲ့တယ်။ တစ်နေ့ အဖေ Mr.Choi ကို ခရီးဝေးလိုက်ပေးရတုန်း သားအမေက သားကို ခေါ်လာခဲ့တယ်။ အဖေလည်း မင်းဘာတွေလုပ်နေတာလဲဆိုပြီး ပြောရင်း အဖေတို့ စကားများကြရပါသေးတယ်။ သူက Mr.Choi တို့မှာ သားနှစ်ယောက်တောင် ရှိတာပဲ။ တစ်ယောက်လောက် ယူလိုက်လည်း ဘာမှဖြစ်မသွားပါဘူး။ ခံစားရ တစ်နှစ်၊ နှစ်နှစ်ပေါ့တဲ့။ အဖေလည်း သားအမေကို မနိုင်တာရယ်၊ သားကိုလည်း သံယောဇဥ် ရှိတာရယ်ကြောင့် မကြံသင့်တာ ကြံလိုက်မိတယ်။ ဒါပေမယ့် သားကို သားတစ်ယောက်လို တကယ်ချစ်တယ်ဆိုတာတော့ ယုံပေးပါ။ အဖေဘာလို့ သားကို ဒါတွေ ပြောပြနေရတာလဲဆိုတော့ မနေ့က သားအမေ အပြစ်တစ်ခုထပ်လုပ်ပြန်တယ်။ သားကို Choi မိသားစုဆီက ခေါ်ထုတ်လာတဲ့နေ့က Mr. Choi ရဲ့ စာရင်းတွေလိမ်ထားတဲ့ စာရင်းအင်း စာအုပ်ကိုပါ ယူလာတယ်။ မနေ့က Mr. Choi အဖေတို့ အလုပ်ကို ရောက်လာတယ်။ သားကို ပြန်ပေးဖို့လာပြောတာပေါ့။ အဲ့ဒီမှာ သားအမေက အဲ့စာရင်းစာအုပ်ကို ချပြပြီး ဒီစာရင်းမပေါက်ကြားချင်ရင် မသိသလိုနေလိုက်ဆိုပြီး သွားပြောလိုက်တယ်။ သားအမေက ခေါင်းမာတယ်။ တဇွတ်ထိုးဆန်ပြီး သူ့ဆန္ဒအတိုင်း အကုန်လုပ်တတ်တာ သားလည်း သိပါတယ်။ Mr. Choi က အခု ငြိမ်နေပေမယ့် နောက်ကျရင် ဘယ်လိုလုပ်လာမလဲ မသိနိုင်တာမို့ သားကို ဒါတွေပြောပြတာပါ။ အမှန်အတိုင်း ပြောရရင် အဖေ သားကို ဆက်မလိမ်ချင်တော့ဘူး။ ဒါကြောင့် အကုန်ပြောပြတာပါ။ သားအဖေတို့နဲ့ဆက်နေမလား၊ Choi မိသားစုဆီ ပြန်သွားမလားဆိုတာကိုတော့ သားဆုံးဖြတ်ပါ။ သားသဘောပါပဲ။"
ပြောပြီး ဖုန်းဆိုင်ရှေ့ရောက်တော့ ကားရပ်ကာ အဖေက ဖုန်းဝယ်ပေးလိုက်သည်။ သူတို့ အပြန်လမ်းတစ်လျှောက်လုံး Hongjoong တစ်ယောက် အတွေးများနေခဲ့သည်။ သူဘယ်လိုဆက်လုပ်ရမလဲ။
ထိုနေ့ကစပြီး Hongjoong တစ်ယောက် Mr. Choi တို့ မိသားစုအကြောင်း စုံစမ်းခဲ့သည်။ Mrs. Choi ဆုံးသွားပြီ ဖြစ်ကြောင်း၊ Mr. Choi က သူ့သားအကြီးကို အရမ်းနှိပ်စက်ကြောင်း စတဲ့အကြောင်းတွေ အကုန် သူသိခဲ့ရသည်။ သူ့ကြောင့် သူ့အစ်ကို နှိပ်စက်ခံနေရတယ်ဆိုတဲ့ အတွေးက သူ့ကိုညတိုင်း အိပ်မပျော်နိုင်အောင် ဖိစီးစေသည်။ ဒါကြောင့် သူ့အမေမသိအောင် စာရင်းစာအုပ်ကို အတုလုပ်ပြီး အစစ်နဲ့ လဲယူထားလိုက်သည်။ နောက်တစ်နေ့တွင် Mr. Choi ကုမ္ပဏီသို့ သွားရန် ပြင်နေစဥ် အောက်ထပ်မှာ သူ့အမေနဲ့ Mr. Choi တို့ စကားများနေတာ ကြားလိုက်ရ၍ သူငြိမ်ပြီး နားထောင်နေမိသည်။
"ရှင်က သားကို လိုချင်တာလား စာအုပ်ကို လိုချင်တာလား"
"စာအုပ်ကို"
"ဘယ်လိုအဖေလဲ ကိုယ့်သားသမီးကို ကိုယ်ကျိုးအတွက် စွန့်လွှတ်ရတယ်လို့"
"မင်းပါးစပ်ပိတ်ထား!!! စာအုပ်ဘယ်မှာလဲ။ ငါ့ကို အခုချက်ချင်း ထုတ်ပေးစမ်း!"
"ရှင်က ဘာတွေမှန်နေလို့ ကျုပ်ကို လာအော်နေရတာလဲ! မပေးနိုင်ဘူး! သားလည်း မပေးနိုင်ဘူး! စာအုပ်လည်း မပေးနိုင်ဘူး! အခုချက်ချင်း ကျွန်မအိမ်ကနေ ထွက်သွား!!!"
"မင်း..ငါ့အကြောင်း သိတယ်နော်!အသက်မသေချင်ရင် အခုချက်ချင်း စာအုပ်ထုတ်ပေး!"
"ရှင် ကျွန်မကို သတ်လိုက်တာနဲ့ ရှင်လိမ်ထားတာတွေ ရှင်လာဘ်စားတာတွေ အကုန်ပေါ်ပြီပဲ။ ရှင် သတိမထားမိဘူးလား။ ကျွန်မအိမ်မှာ ဘာလို့ ကျွန်မယောကျ်ားမရှိတာလဲဆိုတာ...ဟင်း...ဟင်း။ ရှင့်ထက် လည်လို့ ရှင့်သားတောင် ကျွန်မဆီရောက်နေပြီပဲရှင်"
"တောက်!"
တောက်ခေါက်ပြီး Mr. Choi အိမ်ထဲမှ ထွက်သွားသည်။
ဘာလဲ သူ့အဖေဆိုတဲ့သူက သူ့ကို နည်းနည်းလေးတောင် စိတ်မပူဘူးလား။ ဟက် ဘယ်လိုအဖေမျိုးလဲ။ အမေကတော့ Mr. Choi နဲ့ ပြောပြီး အခန်းထဲ ဝင်သွားသည်။ သူကတော့ Mr. Choi နောက်ကနေ အသာလေး နောက်ယောင်ခံလိုက်လာခဲ့သည်။ ဆိုင်တစ်ဆိုင်ထဲ ဝင်သွား၍ သူပါ လိုက်လာခဲ့သည်။ ရုံးချိန်ဖြစ်နေသည့်အတွက် ဆိုင်က လူရှင်းလွန်းလှသည်။
"ရှေ့နေ John ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး Mr. Choi"
"အဲ့တော့ ရှေ့နေကြီး ပြောချင်တာက ကျွန်တော့်အမျိုးသမီးက ရှယ်ယာတွေကို သားနှစ်ယောက်ကို တစ်ဝက်ဆီ ခွဲပေးခဲ့တယ်ပေါ့"
"ဟုတ်ပါတယ် Mr. Choi သေတမ်းစာ အရဆို သားနှစ်ယောက်က ရှယ်ယာတွေကို တစ်ယောက်တစ်ဝက်စီ ရပြီး Mr. Choi က အခုနေတဲ့အိမ်နဲ့ Aurora မြေကို ရရှိမှာပါ။"
"အိမ်နဲ့မြေရတော့ ဘာလုပ်ရမှာလဲ။ တောက်! ဒီမိန်းမ သေတာတောင် သူ့သားတွေအတွက်ပဲ အကုန်ချန်ပေးသွားတယ်"
"ရှယ်ယာတွေ ယူချင်ရင် သူတို့လက်မှတ်လိုမှာပေါ့"
"ဟုတ်ပါတယ် ဒါပေမယ့် သားနှစ်ယောက်လုံး ၁၈ နှစ်ပြည့်မှ ရှယ်ယာတွေ ဆက်ခံခွင့်ရမှာပါ။ ဒီကြားထဲ Mr. Choi က အုပ်ထိန်းသူအနေနဲ့ ရှယ်ယာတွေကို ထိန်းသိမ်းထားလို့ရပါတယ်။"
"သားဖြစ်သူက စိတ်မမှန်ဘူးဆိုရင်ရော"
Hongjoong သောက်နေစ coffee ခွက်ကို လက်က ချမိသွားသည်။ Mr. Choi က တကယ်အတ္တသမားပဲ။ ဒီပုံအတိုင်းဆို Mrs. Choi ဆုံးတာတောင် Mr.Choi နဲ့ ကင်းရဲ့လား မသိဘူး။
မကြာပါ Choi မိသားစုရဲ့ သားအကြီးက စိတ်မနှံ့ဘူးဆိုတဲ့ သတင်းတွေ ကောလဟာလအဖြစ် တစ်စတစ်စ ပျံ့လာသည်။ သူသိလိုက်ပါသည် Mr. Choi လက်ချက်ဆိုတာ။ ဒါပေမယ့် သူ့မှာ တိုက်ခိုက်ဖို့ရာ အခွင့်အရေးမရှိသေး။ ပြောရရင် သူ့မှာ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှ မရှိသေး။ သူသည် သာမန်အထက်တန်းကျောင်းသားလေးသာ။
_________________________________________