မျက်နှာတစ်ခုလုံး နီရဲပြီး ဒေါသထွက်နေတဲ့ ရဲပေါက်ကိုကြည့်ပြီး သူပိုစချင်လာတယ်။ တကယ်ပါ ဘာလေးနဲ့တူမှန်းမသိဘူး။
သူ့ကို စိုက်ကြည့်နေတဲ့ နတ်ဆိုးကြောင့် Wooyoung ဒေါသထွက်နေရာကနေ တစ်ကိုယ်လုံး ကျင်လာသလိုလို ပူလာသလိုလို ဖြစ်လာတယ်။ ဘာလဲဟ ဒီကောင်က ဘာလို့ငါ့ကို စိုက်ကြည့်နေရတာလဲ။
ထိုစဥ် စားပွဲပေါ်ကို Americano တစ်ခွက် လာချပေးသည်။ Americano ကြိုက်တဲ့ Wooyoung က စားပွဲပေါ် ခွက်ရောက်တာနဲ့ သူ့ဘက်ဆွဲပြီး တစ်ငုံသောက်လိုက်သည်။ သူတကယ် ဒီအရသာကို ကြိုက်သည်...ခါးသက်သက်လေး... နောက်တစ်ငုံ ထပ်သောက်မည်အလုပ်
"ဟို ဒီကအစ်ကို ဒီ Americano က ဒီအစ်ကို မှာထားတဲ့ဟာပါ အစ်ကို့အတွက်က ဖျော်နေတုန်းပါ"
အား...ရှက်လိုက်တာ ဘာလို့ ဒီနတ်ဆိုးရှေ့ကျမှ။ နတ်ဆိုးကောင်ကို လှမ်းကြည့်လိုက်တော့ ပြုံးစိစိနဲ့ သူ့ကို မျက်စပစ်ပြနေသည်။ သူပြုံးလိုက်တာနဲ့ သစ္စာရှိတဲ့ ပါးချိုင့်နှစ်ဖက်က ပေါ်လာသည်။
"နေပါစေ နောက်တစ်ခွက်လာမှ အစ်ကို သောက်တော့မယ်။ အစ်ကို့ပစ္စည်းက သူ့ပစ္စည်းပါပဲ။ ဟုတ်တယ်မလား။"
သူ့ကို မေးငေါ့ပြောပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည့် နတ်ဆိုးကြောင့် သူ့တစ်ကိုယ်လုံး ရှိန်းဖိန်းဖိန်း ဖြစ်လာကာ ပူကျစ်လာသည်။ ဘာဖြစ်တာလဲ ငါဖျားများဖျားချင်နေတာလား။ ဒီနတ်ဆိုးက စကားပြောရင် အမြဲရှေ့မလွတ်နောက်မလွတ်နဲ့။ မသိရင် သူနဲ့ကိုယ်က ဘာလိုလို ညာလိုလို။ ဘာ... ဘာကို ဘာလိုလို ညာလိုလိုလဲ။ Jeong Wooyoung နင်စိတ်ထိန်းစမ်း။
သူပြောလိုက်တော့ သူ့ကို မျက်စောင်းမမည်တဲ့အကြည့်တစ်ချက်ပေးပြီး ခေါင်းငုံ့သွားတဲ့ ရဲပေါက်လေးကို ကိုင်ပေါက်ပစ်ချင်စိတ်တဖွားဖွား။ အူယားလိုက်တာနော်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းအောင် နေနေတာလဲ။ ဟူး... စိတ်ထိန်း...စိတ်ထိန်း။ သူက သူ့ကိုယ်သူ bisexual, gay, straight ဆိုပြီး သတ်မှတ်တာတွေထက် လူတစ်ယောက်လို့ပဲ သတ်မှတ်တယ်။ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတစ်ယောက်ကို ချစ်နိုင်တယ်။ ကြိုက်နိုင်တယ်။ သဘောကျနိုင်တယ်။ ဒါပဲ...ပညတ်ချက်တွေ ဘောင်တွေကြားထဲမှာ သူမနေဘူး။ သူတင်မဟုတ် သူ့သူငယ်ချင်း Yunho၊ Mingi တို့ကလည်း သူ့အတိုင်းပဲ။ ဒါကြောင့်လည်း စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ သူတို့သုံးယောက်က အထက်တန်းကျောင်းသားကတည်းက အခင်အမင်မပြတ် တစ်ယောက်ကို တစ်ယောက် အားပေးဖေးမရင်း ခင်လာလိုက်တာ အခုချိန်ထိပဲ။ သူတို့သုံးယောက်ကိုဆိုရင် ဘယ်သူမှ လွယ်လွယ်နဲ့ လာမထိရဲ သုံးယောက်စလုံးက အိမ်ကိုခြေစုံကန်ကာ ကိုယ့်ထူးကိုယ်ချွန်ပြီး နေရာတစ်နေရာရောက်အောင် ကြိုးစားခဲ့ကြသူတွေချည်း။ တစ်ယောက်ကို တစ်ယောက် လေးစားသလို တစ်ယောက်အကူအညီလိုရင် ကျန်တဲ့နှစ်ယောက်က ကူညီဖို့ ဝန်မလေး။ တစ်ယောက်မှားနေရင် တစ်ယောက်က ပြင်ပေးဖို့ အသင့်ရှိနေသလို တစ်ယောက်အတွက် တစ်ယောက်က အနောက်ကနေအမြဲအားဖြည့်ပေးတတ်ကြသည်။ သူတို့သုံးယောက်ခင်မင်မှုကို လူတိုင်းအားကျကြသည်။ လူတိုင်းက ကောင်းတာဆိုရင် အားကျတယ် ကြိုက်တယ် ဒါဓမ္မတာပဲမို့ သူတို့အတွက်တော့ မထူးဆန်း။ သူ့အတွက် ထူးဆန်းနေတာက သူ့ရဲ့ရှေ့မှာ နီရဲတွတ်နေတဲ့ ရဲပေါက်ကလေး။ စတွေ့ကတည်းက သူ့စိတ်ကို အစိုးရသွားသည်။ သူအဓိပ္ပါယ်ကောက်လွဲပြီး စကားပြောမှားခဲ့တော့ ဒေါသထွက်သွားတဲ့ မာနမင်းသားလေးကို သူစိတ်ဝင်စားသွားခဲ့သည်။ စိတ်ဝင်စားရုံလို့ သတ်မှတ်ခဲ့ပေမယ့် အခု ပြန်တွေ့တော့ သူပိုင်ဆိုင်ချင်လာသည်။ တစ်နေ့ပေါ့...အဲ့တစ်နေ့ကျရင် မင်းနှလုံးသားရဲ့ပိုင်ရှင်က ကိုယ်ဖြစ်လာရမယ်။ အဲ့နေ့ရောက်လာအောင်လည်း ကိုယ်တစ်လှမ်းချင်း လှမ်းရင်း အရောက်လာခဲ့မယ်။ လောစရာမှ မလိုတာ...ဘာလို့ဆို ကိုယ်က မင်းကို မျက်စေ့အောက်က အပျောက်ခံမှာ မဟုတ်လို့။ တွေးနေရင်း သူ့မျက်စိရှေ့ကနေ ထွက်သွားဖို့ ကြိုးစားနေတဲ့ ရဲပေါက်လေး သူ့ဘေးနားရောက်လာတာနဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ မထင်ထားခဲ့တာမို့ထင်တယ် ကိုယ်ဟန်ပျက်ပြီး ကိုယ်တစ်ဝက်က သူ့ရင်ခွင်ထဲ ရောက်လာသည်။
"အခုတော့ သွားခွင့်ပေးလိုက်မယ်။ နောက်တစ်ခါဆို မရဘူး"
လက်ကိုဆွဲပြီး အသံခပ်သြသြနဲ့ သူ့နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရင်း နားကို လေနဲ့မှုတ်လိုက်သူကြောင့် တစ်ကိုယ်လုံးတောင့်တင်း အေးစက်သွားရသည်။ သြော်...သူလည်း အဲ့နတ်ဆိုးနဲ့ကျမှ ပူလိုက်အေးလိုက်နဲ့ ဘယ်တော့ အပူရှပ်မလဲ မသိဘူး။ နေရခက်လာတာကြောင့် လက်ကို အတင်းဆောင့်ဆွဲလိုက်ပြီး နတ်ဆိုးရှေ့ကနေ မြန်မြန်ထွက်လာခဲ့လိုက်သည်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပဲ သတိပြုမိပြီး ရင်ဘတ်ထဲက နှလုံးသား ခုန်နေတာကို သတိမပြုမိဘဲနဲ့ပေါ့။
_________________________________________
ပုံမှန်ဆို အရာရှိ Yeosang တစ်ယောက်တည်းနဲ့တင် ကိစ္စပြတ်ပေမယ့်လည်း ဒီတစ်ခါ လူသတ်မှုက ကွင်းဆက်ဖြစ်နိုင်တယ်ဆိုပြီး အထက်က သူ့ကိုပါ လာခဲ့ဖို့ အမိန့်ထုတ်လိုက်တာကြောင့် Jongho တစ်ယောက် Yeosang ရှိရာ နယ်မြေသို့ ရောက်လာခဲ့ရသည်။ အခင်းဖြစ်ပွားရာ နေရာတွင် သက်သေအဖြစ် မှတ်ယူနိုင်စရာဆိုလို့ ဘာဆိုဘာမှ မရှိ။ လူသတ်သမားက အရမ်းပိရိလွန်းလှသည်။ ချုံပုတ်တွေကြားထဲ အလောင်းကို ပစ်ချထားခဲ့တာကလွဲလို့ ဘာသဲလွန်စမှ မရ။ အလောင်းကို သတ်ထားသည့်ပုံစံကို ကြည့်ခြင်းအားဖြင့် လူသတ်သမားသည် တော်တော်ကျွမ်းကျင်လွန်းလှသည်ဟု မှတ်ချက်ချရသည်။ သေသပ်တဲ့ ဓါးထိုးချက်တွေက လွဲလို့ ခန္ဓာကိုယ်မှာ ဘာထိခိုက်ဒဏ်ရာမှ မတွေ့ရ။ အလောင်းကို ရင်ခွဲရုံပို့ကာ စစ်ဆေးထားပြီး အဖြေကို နောက်နှစ်ပတ်နေမှ သိရမည်ဆိုသဖြင့် ထိုအခင်းဖြစ်ရာနေရာသွားလိုက် ဘာများတွေ့ရမလဲဆိုပြီး ရှာလိုက်နဲ့ အချိန်တွေ ကုန်လွန်နေရသည်။ သေဆုံးသူအမျိုးသား မှာလည်း တစ်ကောင်ကြွက် မိဘမဲ့၊ သူငယ်ချင်းမရှိ၊ အလုပ်သွား အလုပ်လုပ် အရက်ဝယ် အိမ်ပြန်လာ ဒီလိုနဲ့ပဲ အချိန်ကုန်နေသူဖြစ်ကြောင်း၊ သေဆုံးမည့်နေ့တွင်လည်း အရင်နေ့များကဲ့သို့ပင် ဖြစ်ကြောင်း နီးစပ်ရာများကို မေးကြည့်၍ သိရသည်။ ကောင်းတယ် ဘယ်ကနေ ဘယ်လိုအစဖော်ပြီး ဘယ်လိုလိုက်ရမလဲ မသိတော့။
"ဟူး..."
သက်ပြင်းမောတွေကို လေပူနှင့်အတူ မှုတ်ထုတ်ရင်း ကားပေါ်တက်လိုက်သည်။ ထိုစဥ် လူတစ်ယောက် လူသတ်မှု ဖြစ်ရာနေရာသို့ ရောက်လာပြီး ထိုချုံတောထဲ ဝင်သွားတာကို တွေ့ရ၍ ကားပေါ်မှ ဆင်းကာ ထိုလူနောက် ပြေးလိုက်ခဲ့သည်။
"မလှုပ်နဲ့ ရပ်လိုက်...လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ဒီဘက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်"
"ခင်ဗျာ မလှုပ်နဲ့လည်းဆိုသေး လက်ကိုခေါင်းပေါ်တင်ပြီး လှည့်ဆိုတော့ ကျွန်တော်က ဘာလိုလုပ်ရမှာလဲ ကျွန်တော်က လူနော် နတ်မဟုတ်ဘူး"
အသံသြဇာအပြည့်ရှိသော်လည်း ရယ်မြူးမြူးအသံနဲ့ ထိုလူက လှမ်းပြောလိုက်သည်။
"စကားမများနဲ့ ငါပြောသလိုလုပ်ပြီး ဒီဘက်ကို လှည့်လိုက်"
သေနတ်နဲ့ချိန်ပြီး ထိုသူကို အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီဗျာ"
ဆိုပြီး Jongho ကို မျက်နှာမူပြီး ရပ်လိုက်သည်။
ဆံပင်အနီရောင်၊ နှာတံဖြောင့်ဆင်းပြီး ပုခုံးကျယ်ကျယ် အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်နဲ့ ယောကျ်ားပီသသော ထိုလူကို Jongho မြင်ဖူးသည် ထင်၍ ခေါင်းကို အလုပ်ပေးလိုက်သည်။ ထိုအခါမှ Utopia Enterprise ၏ ဒုဥက္ကဋ္ဌ Song Mingi ဖြစ်ကြောင်း သတိရမိသွားသည်။
"Mr. Song Mingi အခင်းဖြစ်ပွားရာ နေရာကို ခွင့်ပြုမိန့်မပါဘဲ ဘယ်သူမှ ဝင်ရောက်ခွင့်မရှိပါဘူး"
"ဒါကျွန်တော့်စီမံကိန်း နယ်မြေလေ ကျွန်တော့်နယ်မြေထဲ အမှုဖြစ်တာ ကျွန်တော်စုံစမ်းလို့ မရဘူးလား ကိုယ့်မြေကိုယ် လာပိုင်ခွင့်မရှိဘူးလား"
"မရပါဘူး ခွင့်ပြုမိန့်မပါရင် ပိုင်ရှင်ဆိုရင်တောင်မှ ဝင်ရောက်ခွင့် မရှိပါဘူး"
"သြော် အဲ့လိုလား အဲ့ဒါဆို အခုကျွန်တော်သွားလို့ရပြီလား"
"သွားလို့ရပါပြီ ဒါပေမယ့် Mr. Song Mingi ကို ရဲဌာနက ပူးပေါင်းစေလိုတဲ့အခါ ကူညီပူးပေါင်းပေးစေချင်ပါတယ်"
"ကောင်းပြီလေ"
ထိုသို့ပြောပြီး Mingi သူ့ကားပေါ်တက်လိုက်သည်။
"အဲ့ရဲနဲ့ ပတ်သက်တာမှန်သမျှ အကုန်သိချင်တယ်"
"ဟုတ်ကဲ့"
ပြောလိုက်သော အသံသည် ခက်ထန်နေသလို မျက်နှာတွင်လည်း လှောင်ပြုံးတစ်ခုကို ဆင်မြန်းလျက်...။
_________________________________________