"Yeosang?..."
"ဟမ်..."
နာမည်ခေါ်သံကြားလိုက်လို့ Yeosang လှည့်ကြည့်လိုက်မိသည်။ သူတို့နဲ့ အထက်တန်းတုန်းက စီနီယာ အစ်ကို Seonghwa ဖြစ်နေသည်။ အစ်ကိုကတော့ အရင်တုန်းကအတိုင်း ချောမြဲချောဆဲ။ ပိုတောင် ယောက်ျားပီသလာသေးသည်။
"ဟုတ်မှ ဟုတ်ပါ့မလားလို့ ကြည့်နေတာ တကယ် Yeosang ဖြစ်နေတာကို။ အခုဘာတွေလုပ်နေလဲ။ အဆင်ပြေလား"
Seonghwa သူ့ရှေ့က anime ကောင်လေးကို မေးလိုက်သည်။ တကယ်ပါ Yeosang က anime ထဲ ဇာတ်ရုပ်လေးနဲ့တူတယ်။ ချွန်မြနေတဲ့ မေး၊ တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ အင်း... အရင်ကတည်းက သူ့နှလုံးသားကို ဖမ်းစားထားသူဆိုလည်း မမှားပါဘူး။ သူလည်း သူ့ကိုယ်သူ ယောကျ်ားလေးတွေကို စိတ်ဝင်စားတတ်တဲ့သူလို့ မထင်ပါဘူး။ ဒီအတိုင်း Yeosang ကို Yeosang ဖြစ်နေလို့ကို သဘောကျမိသွားတာ အဖိုအမ ပညတ်ချက်တွေ မပါဘဲနဲ့ပေါ့။
"အဆင်ပြေပါတယ် အစ်ကို။ အစ်ကိုရော"
မပြေဘူး Sang လေး ကိုယ်တကယ်အဆင်မပြေဘူး နှစ်အတန်ကြာအောင် ထိန်းသိမ်းထားရတဲ့ ကိုယ့်အချစ်တွေကို မင်းသိအောင် ထုတ်ပြချင်နေပြီ ဟူး...
"ပြေပါတယ်ကွာ ဒီလိုပါပဲ။ နောက်တစ်ခါကျရင် အစ်ကိုတို့ ဆိုင်တစ်ဆိုင်မှာ ဆုံကြတာပေါ့။"
"အခုကရော"
"ဟမ်...အစ်ကိုက မင်းအချိန်မရမှာစိုးလို့ပါ"
"ရပါတယ် ကျွန်တော်လည်း ဗိုက်ဆာနေလို့ ဒီနားက ဆိုင်တစ်ဆိုင် သွားထိုင်ရအောင်"
ဟုတ်တယ် အစ်ကိုနဲ့ အတူရှိနိုင်သမျှနေချင်တယ်။ အစ်ကို့ကို အရင်ကတည်းက တည်ကြည်လွန်းတဲ့ စီနီယာအစ်ကိုကြီးဆိုပြီး လေးစားခဲ့ရတယ်။ နောက်တော့ ကျွန်တော်တို့ကြားက အဖြူရောင်နှောင်ကြိုးလေးကို ကျွန်တော် အရောင်ပြောင်းလိုက်မိတယ်။ ချစ်တယ် အစ်ကို... ဒါပေမယ့် ဒီစကားက ဒီတစ်သက် ပစ်ကို့ကို ကျွန်တော်လုံးဝပေးသိမှာ မဟုတ်တဲ့ စကား...
"အခု Yeosang ဘာတွေလုပ်နေလဲ"
"ရဲ"
"ဟမ် အတည်လား... အစ်ကိုက..."
"ဟုတ်တယ် ကျွန်တော့်ကို လူတစ်ယောက်ကတိပေးခဲ့တဲ့အတိုင်း ရဲထဲ ကျွန်တော်ဝင်ခဲ့တယ် သူရော အတူပါမယ် ထင်ပြီးတော့ပေါ့"
"အစ်ကိုရှင်းပြပါရစေ Yeosang အစ်ကို..."
"..."
"အစ်ကို တကယ် ရဲထဲဝင်ဖို့ ဖောင်တင်ခဲ့ပါတယ် ဒါပေမယ့် အဲ့နေ့မှာပဲ အဖေ့ကုမ္ပဏီကို ပြိုင်ဘက်ကုမ္ပဏီက တိုက်ခိုက်လို့ ရှယ်ယာတွေ ထိုးကျပြီး ကုမ္ပဏီ ပျက်လုနီးနီး ဖြစ်သွားခဲ့တယ်။ အဲ့ဒါကြောင့် အစ်ကို ရဲအလုပ်ကိုစွန့်ပြီး အဖေ့ကို ဝင်ကူခဲ့တာပါ။ အစ်ကိုတကယ်တောင်းပန်ပါတယ်။ အစ်ကိုစကားမတည်တာ မဟုတ်ပါဘူး"
"ကျွန်တော့်ကို အကျိုးအကြောင်း ပြောပြလို့ ရတယ်လေ ဘာလို့ မပြောဘဲ ရုတ်ချည်း အဆက်အသွယ် ဖြတ်သွားခဲ့ရတာလဲ...ကျွန်တော်..."
အတိတ်အကြောင်းတွေ ပြန်တွေးမိရင် Yeosang တကယ်မခံစားနိုင်ပါ Yeosang မိဘတွေက ရဲလုပ်စေချင်သူ မဟုတ်။ သူ့ကို စီးပွားရေးသာ လုပ်စေချင်ကြသည်။ သူကတော့ အစ်ကိုတို့ကျောင်းပြီးရင် ရဲထဲအတူဝင်ကြရအောင်လေ ဆိုတဲ့စကားကြောင့် အိမ်ကိုဆန့်ကျင်ပြီး ရအောင် ရဲထဲဝင်ခဲ့သည်။ သူ့ကို အိမ်က စကားနားမထောင်ဘူးဆိုပြီး အဓိကကတော့ အဖေနဲ့ စကားများရသည်။ အဖေနဲ့သူနဲ့ဆို နှစ်အတော်ကြာအောင် စကားမပြောဖြစ်ခဲ့။ မနှစ်ကမှ ပြေလည်သွားတာ ဖြစ်သည်။ ရဲသင်တန်းက လေ့ကျင့်ရေးတွေကလည်း အရမ်းပြင်းထန်ခဲ့သည်။ အိမ်နဲ့လည်း အဆင်မပြေ လေ့ကျင့်ရေးတွေကလည်း တရစပ်ဖြစ်နေတာကြောင့် သူရော စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရသည်။ သူနဲ့အတူ Wooyoung ကပါ ရဲသက်တန်းအတူတက်ပြီး သူ့ကိုကူညီဖေးမခဲ့တာကြောင့် သူအနည်းအကျဥ်း ခံစားရသက်သာခဲ့ရသည်။
သူ့ရှေ့မှာ ပြိုတော့မယ့်မိုးလို့ မှိုင်တွေနေတဲ့ ကောင်လေးကို ဆွဲဖက်ပြီး ရင်ခွင်ထဲ သိမ်းထားချင်စိတ်တွေ ထိန်းမရ။ ကိုယ် တောင်းပန်ပါတယ် ကိုယ် မင်းကို စိတ်ဝင်စားနေတာကို အိမ်ကသိပြီး လက်မခံနိုင်ကြတာကြောင့် ကိုယ့်ကို မင်းနဲ့အဝေးဆုံးကို ပို့ပစ်လိုက်တယ်ဆိုတာ မင်းကို အသိမပေးချင်ဘူး။ ကိုယ်မင်းအနားမှာ မရှိခဲ့ပေမယ့် မင်းသတင်းတွေ အကုန်ကိုယ်စုံစမ်းခဲ့ပါတယ်။ မင်းရာထူးတက်ရင် ကိုယ်ပျော်ခဲ့ရပြီး မင်းအနိုင်ကျင့်ခံရတဲ့အခါ ကိုယ်မကာကွယ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်ခဲ့မိရတာတွေ။ အဲ့နေ့တွေဆို ကိုယ်လက်တစ်ခုလုံး အက်ကွဲပြီး သွေးတော်တော်နဲ့မတိတ်နိုင်ခဲ့ဘူး။ အခုလို အလုပ်ကိစ္စနဲ့ တခြားမြို့ကနေ ပြန်လာချိန် မင်းနဲ့ ဒီလိုဆုံရမယ် မထင်ခဲ့တာမို့...
"ကျွန်တော်ပြန်တော့မယ်"
"နေ..နေပါဦး"
အစ်ကိုကျွန်တော့်လက်ကိုလွှတ်ပေးပါ။ အစ်ကို့ရှေ့ ကျွန်တော်မငိုချင်လို့...
"အစ်ကို့ကို မင်းဖုန်းနံပါတ်ပေးခဲ့ဦးလေ"
"ပေး ဖုန်း"
အစ်ကို့ဖုန်းထဲ နံပါတ်ရိုက်ထည့်ခဲ့ပြီး အစ်ကို့ရှေ့က တတ်နိုင်သမျှ မြန်မြန်ထွက်လာခဲ့သည်။ မုန်းတယ် အစ်ကို အစ်ကိုနဲ့ ပတ်သက်လာရင် ကျွန်တော့်နှလုံးသားက ဘယ်တော့မှ စကားနားမထောင်ဘူး...
ဖုန်း screen မှာ ပေါ်နေတဲ့ ဖုန်းနံပါတ်ကို ကြည့်ပြီး Seonghwa ပြုံးလိုက်မိသည်။ ဒီတစ်ခါတော့ ကိုယ်မင်းကို လက်မလွှတ်နိုင်တော့ဘူး...
_________________________________________