အရုဏ်ဦးရဲ့ ချစ်ခြင်းအလင်းရော...

By Han_Me7012

369K 29.9K 2.7K

(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်... More

Author's Note
Author's Note(Unicode)
အပိုင်း(၁)
အပိုင်း(၂)
အပိုငျး(၂)(Unicode)
အပိုင်း(၃)
အပိုငျး(၃)(Unicode)
အပိုင်း(၄)
အပိုငျး(၄)(Unicode)
အပိုင်း(၅)
အပိုငျး(၅)(Unicode)
အပိုင်း(၆)
အပိုငျး(၆)(Unicode)
အပိုင်း(၇)
အပိုငျး(၇)(Unicode)
အပိုင်း(၈)
အပိုငျး(၈)(Unicode)
Character(No update)
အပိုင်း(၉)
အပိုငျး(၉)(Unicode)
အပိုင်း(၁၀)
အပိုငျး(၁၀)(Unicode)
အပိုင်း(၁၁)
အပိုငျး(၁၁)(Unicode)
အပိုင်း(၁၂)
အပိုငျး(၁၂)(Unicode)
အပိုင်း(၁၃)
အပိုငျး(၁၃)(Unicode)
အပိုင်း(၁၄)
အပိုငျး(၁၄)(Unicode)
အပိုင်း(၁၅)
အပိုငျး(၁၅)(Unicode)
အပိုင်း(၁၆)
အပိုငျး(၁၆)(Unicode)
အပိုင်း(၁၇)
အပိုငျး(၁၇)(Unicode)
အပိုင်း(၁၈)
အပိုငျး(၁၈)(Unicode)
Motivations for me❤
အပိုင်း(၁၉)
အပိုငျး(၁၉)(Unicode)
အပိုင်း(၂၀)
အပိုငျး(၂၀)(Unicode)
အပိုင်း(၂၁)
အပိုငျး(၂၁)(Unicode)
အပိုင်း(၂၂)
အပိုငျး(၂၂)(Unicode)
အပိုင်း(၂၃)
အပိုငျး(၂၃)(Unicode)
အပိုင်း(၂၄)
အပိုငျး(၂၄)(Unicode)
အပိုင်း(၂၅)
အပိုငျး(၂၅)(Unicode)
အပိုင်း(၂၆)
အပိုငျး(၂၆)(Unicode)
Author's Note
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
AN(No update)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
Ending(1)
Ending(2)
For My Lovely Readers❤

အပိုင်း(၁)(Unicode)

10.9K 503 8
By Han_Me7012


မနက်ခင်းတိုင်း မိသားစု breakfastဝိုင်းမှာ ဂျာနယ်ဖတ်ရင်း မုန့်စားတတ်တဲ့ နေဝေသော်တစ်ယောက်
ဒီမနက်လည်း အသစ်စက်စက်ဂျာနယ်တစ်စောင်ကို လှန်လှောကြည့်ရင်း ကုန်ပစ္စည်းကြော်ငြာတစ်ခုကိုတွေ့ကာ သဘောတကျရယ်လိုက်လေသည်။

အာရုံကိုယ်စီနှင့် တိတ်ဆိတ်နေသော breakfastဝိုင်းလေးသည် နေဝေသော့်ရယ်သံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ မုန့်ဟင်းခါးကို တရားရှုမှတ်သလို တစ်လုတ်ချင်းစားနေသည့် ဦးထက်သော်နှင့် ဒေါ်နုဝေမှာ သားဖြစ်သူအား ခေါင်းမော့ကြည့်လာသည်။

ထို့နောက် ဘာမှမဖြစ်သလိုပင် မုန့်ဟင်းခါးကိုသာ ဆက်စားနေကြလေသည်။ သားဖြစ်သူ ရုတ်တရက်ကြီး ထရယ်ရသည့် အကြောင်းရင်းကို ကြိုသိနေကြသောကြောင့် ဖြစ်မည်။ လင်မယားနှစ်ယောက်စလုံး အရေးတယူပြုကာ မမေးမြန်းကြသော်လည်း နေဝေသော်ကတော့ ဂျာနယ်စာရွက်ကို ဖခင်ဖြစ်သူမျက်နှာရှေ့သို့ တိုးပြလိုက်သည်။

ဂျာနယ်ကိုမကြည့်ဘဲ မုန့်သာဆက်စားနေသော ဦးထက်သော်အား အလိုက်ကမ်းဆိုးမသိသော နေဝေသော်က စာရွက်ကို အသံမြည်အောင် လှုပ်ခါပြရင်း... ကုန်ပစ္စည်းကြော်ငြာတစ်ခုကို လက်ညှိုးနှင့်ထောက်ပြကာ...
ရွှင်ပျနေသော အသံပြု၍

"ပါးပါး...ဒီမှာကြည့်ဗျ...
ဟိုတစ်နေ့ကဟာ မဟုတ်ဘူး...ကြည့်...ကြည့်...
ဒါကနောက်ထပ်ရိုက်ထားတဲ့ ကြော်ငြာအသစ်..."

ဦးထက်သော်နှင့် ဒေါ်နုဝေတို့ လင်မယားနှစ်ယောက်လုံး
နေဝေသော်လက်ညှိုးထိုးပြနေသော နေရာအား ကြည့်လိုက်ကြသည်။အရောင်စုံ၊ ပုံစံစုံသော ရေမွှေးပုလင်းလေးများကိုကိုင်ကာ အိုင်တင်မျိုးစုံ ပေးထားသော ကောင်လေးတစ်ယောက်ကို မြင်ပြီးနောက်..ဦးထက်သော် သက်ပြင်းအသာချလိုက်သည်။

ထို့နောက်
"ငါတို့မနေ့ထဲက တွေ့ပြီးပါပြီကွာ..." ဟု ညည်းလေသည်။

သည်တော့မှ ကျေနပ်သွားသော နေဝေသော်သည် ဂျာနယ်ကိုစားပွဲခုံပေါ်ပြန်ချ၍ ကျေနပ်နေသော ဟန်အပြည့်နှင့် နဖူးပေါ်ဝဲကျနေသော လှိုင်းတွန့်ဆံပင်တို့ကို လက်ညှိုးနှင့်တို့ထိကာ အပေါ်ပင့်တင်ရင်း...

"အဲ့တာပဲ...အစတည်းက ကျွန်တော်မပြောခဲ့ဘူးလား...
ပါးပါးရေမွှေးတွေကို ကျွန်တော်ကြော်ငြာပေးရင် ကျိန်းသေပေါက် ရောင်းကောင်းစေရမယ်လို့...

ပါးပါးတို့က facebookမသုံးလို့...မတွေ့တာ...
ရေမွှေးဝယ်တဲ့သူတွေက Love Scentရေမွှေးရှိလား လို့ပြောပြီး ဝယ်တဲ့အစား အသားဖြူဖြူ ရုပ်ချောချောကောင်လေး ကြော်ငြာပေးတဲ့ ရေမွှေးရှိလားလို့
ပြောဝယ်ကြတာတဲ့ဗျာ....

ဒီတော့ပါးပါးရဲ့ရေမွှေးcompanyနာမည်ကိုလေ...
Love Scentကနေ...ကျွန်တော့နာမည်ပြောင်းလိုက်ရင် ပိုမကောင်းဘူးလား..."

"ငါ့သားလို့မပြောရဘူး...အထင်တွေစွတ်ကြီးနေတာပဲ...
လူသားလေး..."

ဦးထက်သော်ထံမှ ရေရွတ်စကားကို ဒေါ်နုဝေနှင့် နေဝေသော်တို့ နှစ်ယောက်လုံး ရယ်မိကြသည်။ အိမ်အကြီးကြီးတွင် မိသားစုသုံးယောက်သာ နေထိုင်ကြသော်လည်း ပျင်းရိခြောက်ကပ်ဖွယ် ကောင်းခြင်းမရှိ။ နောက်ပြောင်လွန်းအားကြီးသော နေဝေသော်ကြောင့် ဦးထက်သော်တို့ လင်မယားနှစ်ယောက်စလုံး တစ်နေ့တစ်ခါတော့ ပုံမှန်ရယ်ရသည်။

နေဝေသော်မွေးလာသောအချိန်မှစ၍ ဦးထက်သော်၏ Love Scentဟုအမည်ပေးထားသော ရေမွှေးကုမ္ပဏီမှာ တရှိန်ထိုးအောင်မြင်လာသောကြောင့် လာဘ်ကောင်ဖြစ်သော သားလေးကို လင်မယားနှစ်ယောက်စလုံး ဖူးဖူးမှုတ်အလိုလိုက်ထားကြသည်။

နေဝေသော်သည် စီးပွားရေးနှင့်ဘွဲ့ရထားသူတစ်ယောက် ဖြစ်သော်ငြား စီးပွားရေးအလုပ်ကို ဝါသနာမပါဟုဆိုကာ ဘွဲ့ရပြီး၍ ဘာအလုပ်မှ မလုပ်သည့်တိုင်အောင် မိဘနှစ်ပါးမှာ အပြစ်မတင်ကြပေ။ သူငယ်ချင်းတွေနှင့် လျှောက်သွားလိုက်၊ အိမ်မှာနေပြီး စာအုပ်ဖတ်ရင်းသာ အချိန်ကုန်နေခဲ့သော်လည်း
ဘယ်ကဘယ်လို အတွေးရသည်မသိ။

companyမှ ထုတ်သော ရေမွှေးတွေအား စျေးကွက်ထဲထိုးဖောက်ရန် သူကိုယ်တိုင် ကြော်ငြာမော်ဒယ်လုပ်ပေးချင်သည်ဟု ဆိုလာသောကြောင့်
ခွင့်ပြုပေးရာမှ သားဖြစ်သူထံမှ နေ့စဉ်နှင့်အမျှ ကြွားဝါခြင်းခံနေရသူ မိဘနှစ်ပါးအဖြစ်သို့ ရောက်ရတော့သည်။

အခုလည်း....အသစ်ရိုက်ထားသောကြော်ငြာဓာတ်ပုံကို လာပြနေသောကြောင့် ကျေနပ်အောင် ခေါင်းညိတ် အသိအမှတ် ပြုပေးကြရသည်။ ဒီလိုမှမလုပ်လျှင် နေဝေသော်ဆိုသော ဂျီကောင်လေးမှာ တစ်နေကုန် နားငြီးအောင်ဒုက္ခပေးလိမ့်မည်။

"သားငယ်...ဒီနေ့ ကုမ္ပဏီကို ပါးပါးအစားသွားပေးနော်...."

ဦးထက်သော်က ကုမ္ပဏီသွားပေးရန် ညင်ညင်သာသာနှင့် ပြောလိုက်သော်လည်း နေဝေသော်မှာ မကျေမနပ်ဟန်နှင့် အသံစွာစွာပြု၍

"အာ...ကျွန်တော်ဒီနေ့ သူငယ်ချင်းတွေနဲ့ချိန်းထားတာရှိတယ်...ပါးပါးက ဘယ်သွားမှာမို့လို့...ကုမ္ပဏီမလာတာလဲ..."

ဦးထက်သော်ကိုမေးသည်ဖြစ်သော်ငြား ဒေါ်နုဝေက ပြန်ဖြေလေသည်။

"ဒီနေ့မိဘမဲ့ကျောင်းမှာ ပစ္စည်းတွေသွားလှူမယ်လို့ သားငယ်ကိုပြောထားသားပဲ...မေ့နေတာလား..."

"အာ....ဟုတ်သား...."

နေဝေသော် တကယ်မေ့နေတာဖြစ်သည်။ ဒေါ်နုဝေပြောမှ သတိရသွားပြီး နားထင်ထက်သို့ လက်နှင့်ခပ်ဖွဖွ ထိလိုက်သည်။ ဒီနေ့သည် မေလ၏နောက်ဆုံးအပတ် တနင်္လာနေ့...။ လစဉ် နောက်ဆုံးအပတ်၏ တနင်္လာနေ့ရောက်တိုင်း နေဝေသော့်မိဘတွေမှာ မိဘမဲ့ကျောင်းတွေသို့ ပစ္စည်းတွေ လှူဒါန်းလေ့ရှိကြသည်။
နေဝေသော့်ကို အလှူလုပ်ရာမှာ လိုက်စေချင်သော်လည်း ခေါ်မရ၍ ကုမ္ပဏီကို သွားခိုင်းတော့လည်း မသွားချင်နှင့်မို့ လင်မယားနှစ်ယောက် အခက်တွေ့ရသည်။

ပိုအခက်တွေ့ရသူမှာ ဦးထက်သော်ဖြစ်သည်။ ကုမ္ပဏီမှာ ကြီးကြပ်ပေးမည့်သူတွေရှိသော်လည်း ဦးထက်သော်က ကိုယ့်သွေးကိုယ့်သားမှ ယုံကြည့်ရသည်ဟု ထင်သည်။ သူမလာနိုင်သော်လည်း နေဝေသော်ကို မရမကစေလွှတ်သည်။ နေဝေသော် မသွားချင်ဘူးဆိုသည့် အခါတိုင်းလည်း သူလိုချင်သည့်ပစ္စည်းတစ်ခုခုနှင့် မြှားကာ ဆွယ်တတ်သည်မို့ ယခုတစ်ခေါက်လည်း....

"ပြော...မင်းကုမ္ပဏီသွားဖို့...
ငါဘာဝယ်ပေးရမလဲ...."

စိတ်ညစ်သည့်အခါနှင့် ဒေါသထွက်သည့်အခါမှသာ ပါးပါးနဲ့သားငယ်ဟု သုံးနှုန်းနေရာမှ ငါနဲ့မင်းဖြစ်သွားတတ်သော်လည်း ဦးထက်သော်အား နေဝေသော်မကြောက်ပေ။ ပြောရလျှင် ဝဝဖိုင့်ဖိုင့်နှင့်ဖြူဖြူဖွေးဖွေး မိဘနှစ်ပါးလုံးက ဒေါသထွက်နေသည့်တိုင်အောင် ကြောက်ဖို့မကောင်းဘဲ ချစ်ဖို့ကောင်းနေသည်မို့ ကြောက်စိတ်ထက်စာလျှင် ချစ်စိတ်ကသာများနေ၍ စနောက်မိသည်။

လိုချင်သည့်အရာမရှိသော်ငြား ပေးမည့်သူက တကူးတကကို အကူအညီတောင်းလာသည်မို့ ခေါင်းကုတ်စဉ်းစားဟန်ပြုရင်း ရွတ်နောက်နောက်ပြောလိုက်သည်။

"ကျွန်တော် ဘာမှမလိုချင်ပါဘူး...
ဒါပေမဲ့ ပါးပါးက အကူအညီတောင်းနေတော့လည်း အားနာသား...

အင်းလေ...ပါးပါးဝယ်ပေးမယ်ဆိုတော့လည်း...
မလိုချင်ဘူးငြင်းရင် ဘယ်ကောင်းမလဲ...ကျွန်တော်အများကြီး မတောင်းဆိုချင်ပါဘူး...ကားအသစ်တစ်စီးလောက်ပါပဲ..."

ဦးထက်သော်မှာ အသားတွေနှင့်ပြည့်နေသော ပေါင်ကိုသာ လက်သီးနှင့်အချက်ပေါင်းမနည်း ထုမိရတော့သည်။

"ကားလဲထားတာ ဘယ်လောက်ကြာသေးလို့...
အသစ်လဲ...နေဝေသော်...ပါးပါးက ပိုက်ဆံသုံးတာဆို ဘာမှမဖြစ်ဘူး...ဖြုန်းတာဆို အရမ်းစိတ်တိုတာ သိတယ်မလား..."

ဦးထက်သော်လေသံမှာ မာနေပြီဖြစ်သော်လည်း နေဝေသော်ကတော့ တဟားဟားရယ်နေလေသည်။ ဒေါ်နုဝေက ကြားထဲမှ မျက်စိမျက်နှာပျက်ကာ တိတ်တိတ်နေရန်အချက်ပြသော်လည်း မြင်ရက်နှင့်အရေးမလုပ်သူသည် ရယ်လိုဝမှ ကားသော့ကို ကောက်ကိုင်ပြီး

"ကျွန်တော်နေ့တိုင်းနောက်တယ်...ကျွန်တော့အကြောင်းမသိတာလည်း မဟုတ်ဘဲနဲ့ ပါးပါးတို့က နေ့တိုင်းခံရတယ်...
ကဲ...ဒီသားနဲ့ ဒီအဖေနဲ့အမေ ဘယ်လောက် လိုက်ဖက်လဲ..." ဟုဆို၍ ထွက်သွားလေပြီ။

"ကုမ္ပဏီသွားဖြစ်အောင်သွားနော်.
တခြားနေရာလျှောက်မသွားနဲ့...ငါတည်တံ့ကို ဖုန်းဆက်မေးမှာ..."

အော်ဟစ်ကာ ကျန်ရစ်ခဲ့သူသည် ဦးထက်သော်သာ ဖြစ်ပါသည်။ နေဝေသော်က နောက်ပင်လှည့်မကြည့် သူ၏စီးတော်ကားဖြစ်သော Honda Fitအနက်လေးကို စမတ်ကျကျ မောင်းသွားပြီဖြစ်သည်။

>>>>>>>>>>>>

နံနက်ခင်းနွေက ပူလွန်းလှသော်လည်း နန္ဒသွေးတို့လို လက်လုပ်မှ ထမင်းစားရသူတွေအတွက်တော့ အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေးထိုင်နားနေ၍ မရ။ ရန်ကုန်မြို့၏ နေ့ဓဒူဝသွားလာလှုပ်ရှားနေကြသော ကားမျိုးစုံကြားတွင် နေအပူခံရင်း လိုရာခရီးကိုရောက်အောင် သွားနေရသည်ပင်။

နန္ဒသွေး...ဆိုသောနာမည်ကိုကြားလျှင် ဆွေကြီးမျိုးကြီးထဲက အထက်တန်းလွှာသူဌေးသားလေး တစ်ယောက်၏နာမည်ဟု ထင်နိုင်သော်လည်း တကယ်တမ်းကျ မိဘတွေ သေဆုံးပြီးနောက် အဘွားဖြစ်သူက ခေါ်ယူမွေးစားထားသော သူဆင်းရဲကလေးသာဖြစ်သည်။

ရှစ်တန်းနှစ်အထိသာ ပညာသင်ခဲ့ရသော်လည်း ကားမောင်းခြင်းအတတ်ပညာ တစ်ခုကို ဖြစ်မြောက်အောင် သင်ယူခဲ့သည့် နန္ဒသွေးအတွက်တော့ အလုပ်ကမရှားပါပေ။ ကားမောင်းတတ်လျှင် အလုပ်လုပ်လို့ရသည်ဟု ဆိုနိုင်သော်လည်း ဆယ်တန်းအောင်မှ ဒရိုင်ဘာခန့်သည့် ပညာရေးခေတ်ကြီးတွင် အတွေ့အကြုံကသာ တစ်ပန်းသာနေ၍ ထမင်းတစ်လုတ်စားရန် မခက်ခဲသော်ငြား တစ်လနှင့်တစ်လ လောက်ငရုံသာ ပိုက်ဆံ ရှာဖွေနိုင်ခဲ့ပါသည်။

နန္ဒသွေးက ကုမ္ပဏီကြီးတစ်ခုအတွက် ဖယ်ရီကားမောင်းပေးရသည်။ ဒီအလုပ်ကို လွယ်လွယ်ကူကူရခဲ့သည်တော့မဟုတ်။ ကုမ္ပဏီပေါင်းစုံအောင် ဒရိုင်ဘာနေရာလိုက်ရှာခဲ့ရပြီးတော့မှ ခက်ခက်ခဲခဲအလုပ်ရခဲ့တာဖြစ်သည်။

တခြားကုမ္ပဏီတွေက တစ်ခါတလေ နိုင်ငံခြားသားတွေကို အပို့အကြို လုပ်ပေးတတ်ရတာကြောင့် အင်္ဂလိပ်စကားအနည်းငယ် ပြောတတ်မှ ဒရိုင်ဘာခန့်ချင်ကြသော်လည်း အခုကုမ္ပဏီကတော့ ရန်ကုန်မြို့တွင်းရှိလမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ရုံနှင့် အဆင်ပြေသည်မို့ နန္ဒသွေးနှင့် အပ်စပ်သည်ဟု ပြောရမလား...အလုပ်လျှောက်သည့်
နေ့မှာတင် တစ်ခါတည်း တန်းခန့်လိုက်သည်။

အမှန်ဆို အသွားအလာအဆင်မပြေ၍ taxiလေးသာမောင်းချင်သော်လည်း စပေါ်ငွေပေးရန် ပိုက်ဆံမရှိသောကြောင့် လူနှင့်အတတ်ပညာသာစိုက်ရသည့် ကုမ္ပဏီကားမောင်းခြင်းအလုပ်ကိုသာ လုပ်မည်ဆုံးဖြတ်လိုက်သည်။

လခကအဆင်ပြေသော်လည်း အေးအေးသက်သာတော့မရှိလှ။ဝန်ထမ်းတွေဆီ အချိန်နှင့်ရောက်အောင် သွားကြိုရသည့်အတွက် ကားလမ်းပိတ်လျှင်အဆင်မပြေ။ နန္ဒသွေးနေတာက သန်လျင်ကျောက်တန်းဘက်တွင် ဖြစ်သည့်အတွက် ရန်ကုန်နှင့် အတော်ဝေးသည်မို့ ကုမ္ပဏီက ကားကို နန္ဒသွေးအိမ်သို့ ယူမသွားခိုင်းပေ။ ထို့အတွက်ကြောင့် မနက်တိုင်း စောစောထ၍ busကားနှင့် ကုမ္ပဏီရောက်အောင် လာပြီးတော့မှ ကားယူကာ ဝန်ထမ်းတွေဆီ တစ်ခေါက်ပြန်ကြိုရသည်။

မနက်ဆိုအိမ်ကအစောကြီးထွက်၊ ညဘက်ဆိုနောက်ကျမှပြန်ရောက်သောကြောင့် ပင်ပန်းသော်ငြား ညည်းညူခြင်းမပြုနိုင်ပါ။ စိတ်ဓာတ်လေးတစ်ခါ နွမ်းနယ်မိရုံနှင့် လူပါလဲကျသွားနိုင်တာကြောင့်
အားတင်းနေရသည်။
.
.
.

ကိုးနာရီထိုးဖို့ဆယ့်ငါးမိနစ်သာလိုတော့သည်။ ကုမ္ပဏီသို့ ရောက်ခါနီးမှ မီးပွိုင့်မိနေသည်မို့ နန္ဒသွေးမောင်းလာသော ကားပေါ် ပါလာကြသည့်ဝန်ထမ်းတွေ မကျေမနပ်ရေရွတ်ကြတော့သည်။

တချို့က မီးပွိင့်ကိုကျိန်ဆဲသည်။ တချို့က ကားထဲကအဲကွန်းကို ကျိန်ဆဲသည်။ တချို့က အရှိန်ပြင်းပြင်းနှင့်ပူနေသော နေမင်းကြီးကို ကျိန်ဆဲကြသည်။ တချို့ကတော့ ကုမ္ပဏီကိုအချိန်မှီမရောက်လျှင် နန္ဒသွေးထံ အပြစ်ဖို့ရန်အတွက် မာန်တင်းထားကြသည်။ လူတိုင်းကိုယ်စီကိုယ်စီ မကျေမနပ်ဒေါသထွက် နေကြသော်လည်း ဒရိုင်ဘာဖြစ်သူ နန္ဒသွေးနှင့် ခေါင်းခန်းတွင် လိုက်ပါစီးနင်းလာသူ ရည်မွန်ဆိုသော ကောင်မလေးတော့ ထိုထဲတွင် မပါဝင်ပေ။

နန္ဒသွေးက ဝန်ထမ်းတွေကို အားနာနေသောကြောင့် အသံတစ်စက်မထွက်ဘဲ မီးပွိုင့်အချိန်ပြည့်ရန်သာ စောင့်နေသည်။ ရည်မွန်ကတော့ နန္ဒသွေးထံ ငဲ့ကြည့်ငဲ့ကြည့်နှင့် အာရုံများနေသည်။

စက္ကန့်ပိုင်းမျှကြာပြီးသောအခါ ရည်မွန့်ထံမှ စကားသံထွက်လာသည်။

"ကိုနန္ဒဘက်မှာပါ လိုက်ကာတပ်ထားသင့်တာ...
အကြာကြီးဆိုဘယ်လွယ်မလဲ နေပူရှိန်ကပြင်းနေတာ..."

ရည်မွန်ပြောတာလည်းမှန်သည်။ ကားမောင်းနေစဉ်တစ်လျှောက်လုံး နေရောင်က ပြတင်းပေါက်ဘက်က ကိုယ်တခြမ်းကို မခံနိုင်အောင်ပူစေသည်။ သို့သော်လည်း နန္ဒသွေးက လက်ရှည်ဝတ်ပြီးမောင်းသည့် အတွက်ကြောင့် ခံနိုင်ရည်ရှိနေသည်ဟု ပြောရမည်။

တခြားသူတွေကိုယ်စီကိုယ်ငှ ကိုယ့်အပူနှင့်ကိုယ် မအေးချမ်းနိုင်ဖြစ်နေသည့်အချိန်တွင် တခြားသူတစ်ယောက်အား ပူပန်ပေးနေသည့် ကောင်မလေးမှာ ရည်မွန်ဆိုသောနာမည်နှင့်လိုက်အောင် ရည်ရည်မွန်မွန်ရှိလှသည်။

ရည်မွန့်စကားကို ပြန်ဖြေပေးမည့်အချိန်တွင် မီးပွိုင့်ကလည်းစိမ်းသွားသည်မို့ ဂီယာပြန်ချိန်းကာ ဆက်မောင်းပြီးမှ

"လိုက်ကာတပ်ရင် ဘေးဘက်သေချာမမြင်ရဘူးထင်လို့ ပူပူနဲ့ပဲမောင်းနေရတာဗျာ...လက်ရှည်ဝတ်ထားသော သိပ်မဆိုးပါဘူး...အဆင်ပြေပါတယ်..."

မီးပွိုင့်ကိုကျော်၍ ညာဘက်ကွေ့လိုက်လျှင် ကုမ္ပဏီရောက်ပြီမို့
ဒီလောက်နှင့်သာ စကားစပြတ်သွားသည်။ တခြားသူတွေက နန္ဒသွေးကို ပိုက်ဆံပေးခိုင်းထားရသဖြင့် အရေးတယူကျေးဇူးတင်စကား ပြောစရာမလိုဘူးဟု ထင်ကြသော်လည်း ရည်မွန်ကတော့ ကားပေါ်ကဆင်းတိုင်း
ကျေးဇူးတင်ပါသည် ဆိုသောစကားကို မမေ့မလျော့ပြောသည်။

ချိုသာသောအပြုံးလေးတစ်ခုတွင် နန္ဒသွေး၏ရင်အစုံ တသိမ့်သိမ့်တုန်လှုပ်ရသည်။ ဝဲခါသွားသော ဆံနွယ်စလေးတွေကြားတွင် ကြည်နူးပီတိတွေ
ပြည့်ဝရသည်။ ရည်မွန့်ထံတွင် နန္ဒသွေးရှေ့တစ်လှမ်း တိုးလိုလျှင်တိုးနိုင်သော အရိပ်အယောင်တွေ ရှိသော်ငြား နန္ဒသွေးကိုယ်တိုင်ကိုက ရှေ့ဆက်မတိုးဘဲ နေရာမှာတင်ရပ်နေတာဖြစ်သည်။ ထို့သို့ ရပ်နေရသည့် အကြောင်းအရင်း ပြည့်ပြည့်စုံစုံလည်း နန္ဒသွေးထံတွင် ရှိနေပါသည်။
.
.
.
.
.
.
.
.

ကုမ္ပဏီရှေ့က ကားပါကင်တစ်နေရာတွင် ကားရပ်ပြီးသည်နှင့် ဆောင်းထားသောဦးထုပ်အနက်ကို ချွတ်ကာ မျက်နှာပေါ် ကျနေသောဆံပင်တို့ရှင်းသွားအောင် စပရိန်ဘီးကုတ်အမဲနှင့် ကုတ်တင်လိုက်သည်။ ကားမှန်တွင်ကြည့်မိတော့ ဆံပင်မှာအတော်လေးရှည်နေပြီ ။

ဖွာလန်ကြဲနေသည့် ဆံပင်တွေက ဂုတ်ပင်ထောက်နေသည်မို့ နေရတာအဆင်မပြေသော်လည်း ရည်မွန့်ထံမှ

"ကိုနန္ဒဆံပင်စတိုင်က နိုင်ငံခြားမင်းသားတွေနဲ့ တောင်တူနေသေး...မညှပ်ပစ်ပါနဲ့ ဒီတိုင်းလေးကြည့်ကောင်းတယ်..." ဟူသော စကားသံကြားပြီးသည့်နောက်တွင် ဆံပင်မညှပ်ဖြစ်တော့ပေ။

ဘီးကုတ်နှင့်ကုတ်တင်လိုက်တော့ မျက်နှာရှင်းသွားသည်။ လက်စွဲတော် တဘတ်တစ်ထည်အား ပခုံးထက် ကောက်တင်ချွေးသုတ်ရင်း မနက်ကဝယ်လာသော ဂျာနယ်တစ်စောင်ကို ယူဖတ်လိုက်သည်။

ကြော်ငြာတစ်ခုဆီသို့အရောက်မှ ကြည်လင်နေသောစိတ်လေးက အနည်းငယ် နောက်သွားရသည်။

ကြော်ငြာက ရေမွှေးကြော်ငြာ။ Love Scentတဲ့...။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေမွှေးကုမ္ပဏီတစ်ခု ဖြစ်သည့်အပြင် နိုင်ငံခြားကုမ္ပဏီတွေနှင့်ချိတ်ဆက်ပြီး လုပ်ကိုင်နေသည့် လုပ်ငန်းအကြီးစားဖြစ်သည်။ နန္ဒသွေးကားရပ်ထားသည့် ကားပါကင်က Love Scent Company၏ ကားပါကင်။ ဆိုလိုသည်က နန္ဒသွေးသည်လည်း Love Scent Companyမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။

"မင်းတို့ဘဝတွေများ သိပ်ကံကောင်းတာပဲ...."

နေဝေသော့်ပုံကိုကြည့်ပြီး ရေရွတ်လိုက်ခြင်းဖြစ်သည်။ ဘဝချင်းမတူလို့ မနာလိုဖြစ်သည်ပဲဆိုဆို..နေဝေသော့်ကို ကြည့်လို့မရသော စိတ်ကလေးသည် နန္ဒသွေးထံတွင် အနည်းငယ်တော့ ကပ်ငြိနေသည်။

ကုသိုလ်ကံအားက ဘယ်လောက်ပင်ကြီးမားခဲ့သည်မသိ။ မွေးကတည်းကရွှေပေါ်မြတင် မွေးဖွားလာခဲ့ရပြီး ပညာဆုံးခန်းတိုင်ခဲ့သည့်အပြင် သင်ယူထားသော ပညာတွေကို အသုံးမချဘဲနှင့်တောင် မိဘစည်းစိမ်တွေကြားမှာ သက်တောင့်သက်သာ ထိုင်စားလို့ရသော ဘဝလေးကို ရထားသူဖြစ်သည်။

နန္ဒသွေးသာ နေဝေသော်နေရာမှာဆို အချိန်ကုန်ခံပြီး သင်ယူထားသည့်ပညာတွေကို အကျိုးရှိရှိ အသုံးချမည်ဖြစ်သော်လည်း ငွေကြေးပိုလျှံနေသူအတွက် ကတော့ အချိန်တွေဟာ အလဟဿဖြစ်စရာဟု မယူဆဘူးထင်ပါသည်။

အပျော်အပါး၌သာမွေ့လျော်နေသော သူဌေးသားလေးတစ်ယောက် အကျိုးဖြစ်စရာလုပ်ခဲ့သည့် ကိစ္စဟူ၍ကား Love Scent Companyအတွက် ရေမွှေးကြော်ငြာရိုက်ပေးခဲ့ခြင်းသာရှိသည်။ အကယ်၍ နန္ဒသွေးသာ နေဝေသော်လို ကိုရီးယားချောချောမည်ဆိုလျှင် ကားမောင်းမနေဘဲ ရုပ်ရှင်မင်းသားလုပ်ပြီးသာ ပိုက်ဆံရှာတော့မည်။

သို့သော်ငြား ပိုက်ဆံရှိမှသာ စိတ်ကူးအိပ်မက်တွေဖြစ်မြောက်နိုင်မည့် ခေတ်ကြီးတွင် နန္ဒသွေး၏စိတ်ကူးတွေသည် ပြာမှုန်တွေလို လေမှာပျောက်ကွယ်သွားရုံသာရှိသည်။

Ring......Ring.....

ပုံလေးတစ်ပုံကြည့်ကာ အတွေးတွေ လေထဲဝဲနေခိုက်...ဖုန်းမြည်သံကြားလိုက်ရလေသည်။
ရုံးကပေးထားသည့်ဖုန်းဖြစ်တာမို့ အသံကြားတာနှင့် ချက်ချင်းကောက်ကိုင်လိုက်သည်။

"ကိုနန္ဒ....ကိုနန္ဒ....
ရည်မွန့်ဖုန်းကျန်ခဲ့လို့ ထိုင်ခုံမှာရှိလား တစ်ချက်ကြည့်ပေးပါလား...."

ရည်မွန့်အသံက အလောတကြီးနှင့်မို့ ပြောသံကြားပြီးပြီးချင်း ရည်မွန်ထိုင်ခဲ့သည့်ထိုင်ခုံပေါ်ကြည့်လိုက်ပါသည်။

"ရှိတယ်ဗျ....ရှိတယ်....
ကျွန်တော်အပေါ်လာပို့ပေးရမလား...."

"အဆင်ပြေရင် ကူညီပေးပါဦး...ကိုနန္ဒ
ရည်မွန် အောက်ဆင်းမရလို့...."

ဖုန်းကျသွားသည်နှင့် ရည်မွန့်ဖုန်းလေးကိုယူကာ ကားထဲမှထွက်ခဲ့သည်။ သူမမျက်နှာလေးကို နောက်တစ်ခေါက်ထပ်တွေ့ရမည့် အတွေးနှင့် ပျော်မြူးလာခိုက် ဓာတ်လှေကားတံခါးပိတ်ခါနီးမှ ဘုရားတမိရသည်။

ရုံးဝန်ထမ်းတွေရှိသည့်အထပ်က ခုနှစ်လွှာမှာမို့ ဓာတ်လှေကားနှင့်သာ သွားမည်ကြံရွယ်ပြီး ခလုတ်နှိပ်ဖွင့်ဝင်တော့ အထဲတွင်ဘယ်သူမှ မရှိသေး...။တံခါးပိတ်ခါနီးဆဲဆဲတွင် ဖန်စီလက်စွပ်တွေ အပြည့်ဝတ်ထားသော လက်တစ်ဖက်ကို တွေ့လိုက်ရသည်။

ယောကျ်ားလေးလက်တွင် လက်စွပ်များများဝတ်ထားတာမြင်တိုင်း လမ်းသရဲဟုထင်မြင်ယူဆတတ်သည့် နန္ဒသွေးသည် ဓာတ်လှေကားထဲဝင်လာသူကို သေချာမြင်လိုက်ရတော့မှ မျက်လုံးတွေပြူးကျယ်သွားရသည်။

အစောပိုင်းကတင် ကြည့်ခဲ့သောဂျာနယ်ထဲမှ နေဝေသော်မှာ နန္ဒသွေးရှေ့တွင် အရှင်လတ်လတ်ရောက်နေပြီဖြစ်သည်။ ဂျာနယ်နှင့်tvထဲမှာသာ တစ်ခါတလေမြင်ဖူးပြီး အပြင်တွင်မမြင်ဖူးသည်မို့ နေဝေသော့်ကို သေသေချာချာကြည့်နေမိသည်က ထူးဆန်းလိမ့်မည် မထင်။နေဝေသော်ကလည်း နန္ဒသွေးကိုဂရုမစိုက်ဘဲ ပီကေဝါးရင်း ဖုန်းကြည့်နေသည်။

နန္ဒသွေးက နေဝေသော့်အနောက်ဘက်တွင် ရပ်နေသည်မို့ သူ့ကိုစူးစိုက်ကြည့်နေသော အကြည့်တစ်စုံကို နေဝေသော် သတိမထားမိ။ နန္ဒသွေးသည် ဘာရယ်မဟုတ်..
နေဝေသော့်ကို ပုံထဲကနှင့်တူမတူသာ ကြည့်ရှုနေခြင်းဖြစ်သည်။

နေဝေသော်က အသားတော်တော်ဖြူသည်။ အရပ်ကလည်း နန္ဒသွေးနှင့်တစ်တန်းတည်း။ နန္ဒသွေးအရပ်က ငါးပေနဲ့ဆယ့်တစ်လက်မ ရှိသည်မို့ အရပ်ရှည်သည့်အထဲတွင် ပါသည်ဟုဆိုလို့ရသည်။ ခန္ဓာကိုယ်ကလည်း နန္ဒသွေးလိုမျိုး ပိန်ပိန်ပါးပါးပေမဲ့ နေဝေသော်ကပိုပြီး ကျစ်ကျစ်လစ်လစ်ရှိသည်။

နန္ဒသွေးမျက်နှာက အနည်းငယ်ပြည့်သော်ငြား နေဝေသော့်မျက်နှာကတော့ သွယ်ပြီး မေးရိုးထင်းသည်။ ဆံပင်ရှည်တာချင်းလည်းတူသည်။ နေဝေသော့်ဆံပင်က အပြည့်စည်းလို့ရလောက်အောင် မရှည်သေးသော်ငြား အပေါ်တစ်ဝက်ကို မရမကစည်းထားသောကြောင့် ကလေးတွေကို ကြက်တောင်စည်းပေးသလို ဆံပင်ငုတ်စိလေးနှင့်သွားတူနေသည်။

အရှေ့ဦးခေါင်းပိုင်းက ဆံပင်အချို့ကိုသပ်သပ်ယူပြီး လှိုင်းတွန့်ပုံစံလုပ်ထားကာ နဖူးပေါ်တွင် တစောင်းချထားသည်မို့ ကပိုကရိုလေးနှင့် ကြည့်လို့ကောင်းသော်ငြား နန္ဒသွေးကတော့ မျက်စိနောက်မိသည်။ ဘယ်ဘက်နားတွင်လည်း တြိဂံပုံစံနားကပ်အမည်းတစ်ခု ပန်ထားသည်။
ဘယ်ဘက်လက်တစ်ဖက်တည်းမှာတင် လက်စွပ်တွေရော၊ လက်ပတ်တွေပါ ဝတ်ထားသည်ကိုကြည့်ပြီး မျက်မှောင် ကြုတ်မိသည်က နန္ဒသွေးပါပင်။

ဝတ်ထားသည်မှာ အနောက်တိုင်းဝတ်စုံတော့ ဝတ်စုံပေမဲ့ သူ့ဘာသာ ထွင်ဝတ်ထားသည်လားမသိ။ ကုတ်နှင့်စတိုင်ဘောင်းဘီနှင့် သပ်သပ်ရပ်ရပ်မဝတ်ဘဲ ကုတ်အကျႌလက်ကို တံတောင်ဆစ်တွင် ဖြတ်ထားပြီး အောက်ကရှပ်အကျႌကို ရင်ဘတ်ကြယ်သီး ဟဝတ်ထားသည်။
ဘောင်းဘီက ကိုယ်ကျပ်ဘောင်းဘီကိုမှ ဒူးနှင့်ပေါင်တွင် ဖြဲထားသည်။

တစ်ကိုယ်လုံးပြည့် ကြက်သွေးရောင်သာ ဆင်မြန်းထားသူ.။ အသားကဖြူသည်မို့ ဝတ်စုံအရောင်လေးနှင့် လိုက်နေသည်ကိုတော့ ဝန်ခံရမည်။.ဘောင်းဘီအိတ်ထဲ လက်တဖက်ထည့်၍.မတ်တပ်ရပ်နေပုံမှာလည်း စမတ်ကျသည်မို့ သူ့နောက်တွင်ရပ်နေရသည့် နန္ဒသွေးမှာ ရွယ်တူချင်းကို သိမ်နုတ်သွားသလို။

တိတ်ဆိတ်နေသောဓာတ်လှေကားသည်
သုံးထပ်မြောက်အရောက်မှ ဆူညံသွားတော့သည်။
အကြောင်းမှာ ဓာတ်လှေကားတံခါးပွင့်လာပြီး မိန်းကလေးအချို့၏အော်ဟစ်သံကို ကြားလိုက်ရပြီးသည့် နောက် နန္ဒသွေးမျက်စိရှေ့တွင်ရှိနေခဲ့သော နေဝေသော်မှာ နန္ဒသွေးနောက်ကျောနောက်သို့ ရောက်လာပြီး အထိတ်တလန့်နှင့် အော်ဟစ်လေသည်။

"ကျွန်တော့ကိုကာပေးထားပါဗျာ...ကာပေးထားပါ...."

နန္ဒသွေးလည်း အယောင်ယောင်အမှားမှားနှင့် နေဝေသော်ဆွဲခေါ်သွားသည့် ဓာတ်လှေကားထောင့်သို့ ရောက်သွားပြီး မိန်းကလေးတွေ အနားကပ်မလာအောင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရတော့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

TBC........

AN/

ပထမစရေးတဲ့အပိုင်းဆို ဆက်ဖတ်ချင်လာအောင်ဆွဲဆောင်ရေးရတာ မလွယ်ပါဘူး...
ရေးတာတွေများလာပေမဲ့ ကိုယ့်အတွက် စာဖတ်သူဖတ်ချင်လာအောင်ရေးရတာ ခက်တုန်းပါပဲ...

ဘယ်လိုနေလဲ အခြေအနေလေး ပြောပြကြပါ😁

Love you all😘
Han_Me
(4.5.2019)

Continue Reading

You'll Also Like

290K 27.1K 49
ရင်ခုန်သံကို မျက်ကွယ်ပြုချိန် အချစ်ကတော့ နှလုံးသားထဲကို တိုးတိတ်ညင်သာစွာ ဝင်လာခဲ့တယ်။ ရင်ခုန်သံကို မျက်ကွယ်ပြုချိန် အချစ်ကတော့ နှလုံးသားထဲကို တိုးတိတ...
86.5K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
412K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
401 57 14
အချစ်ကတကယ်တော့ ခါးတယ်။ ချစ်မိတိုင်း ပျော်ရွှင်ရတယ်မှ မဟုတ်ဘဲ။ ဒါဆို အလွမ်းကလား... ချန်ရစ်သူရှိ‌မှတော့ မိန့်မိန့်ကြီး အလွမ်းနာကျရတော့တာပေါ့။ Feeling...