အပိုင်း(၂၃)(Unicode)
2.3K 192 6
မိုးမလင်းခင်ကတည်းက နိုးနေပြီး ထိုင်မရ၊ထမရဖြစ်နေသူကတော့ နန္ဒသွေးဖြစ်သည်။ မနေ့ကတစ်နေ့လုံး အိပ်ရာထဲအချိန်ကြာကြာ အနားယူပြီးနောက် ခေါင်းထိုးကိုက်ခြင်းက ပျောက်သွားသော်လည်း ခန္ဓာကိုယ်အတွင်းပိုင်းထဲ၌ ပူနွေးနွေးဖြစ်နေသေးသည်။
မိမိလက်ထဲက Nokiaဖုန်းလေး အလုပ်မလုပ်သည်က အရေးကြီးကိစ္စမဟုတ်သော်လည်း ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး သက်ပြင်းတစ်ချချ ဖြစ်နေခဲ့သည်က အချိန်ကြာလေ ပိုဆိုးလာလေ....။ ဤသို့သောအခြေအနေကြောင့်ပဲ ကျန်းမာရေးမှာ အလုံးစုံကောင်းမွန်သော အနေအထား၌ မရှိသေးသော်လည်း ရန်ကုန်ဘက်သွားရန်အကြံနှင့် သေတ္တာထဲက အဝတ်တချို့ထုတ်လဲလိုက်ပါသည်။
ဘွားညွန့်တစ်ယောက် ဆေးတိုက်ရန်အပေါ်တက်လာချိန်တွင် နန္ဒသွေးမှာ လျှာဦးထုပ်အနက်လေးကို ခေါင်းပေါ်တွင် ကျကျနနဆောင်းပြီးနေပြီ....။ တီရှပ်တစ်ထပ်၊ ရှပ်အကျႌလက်ရှည်တစ်ထပ် နှင့် ဂျင်းဘောင်းဘီ ဝတ်ထားသော နန္ဒသွေးပုံစံကိုကြည့်ပြီး ဘွားညွန့်ကပြောသည်။
"နေလည်းမကောင်းသေးဘဲနဲ့ အပြင်သွားမလို့လား...."
မျက်မှောင်ကြုတ်ကြည့်နေသော အဘွားဖြစ်သူကြောင့် နန္ဒသွေး၏ ပြန်ဖြေသံက ပုံမှန်ထက် တိုးညှင်းသွားပါသည်။
"ဟုတ်......"
မသွားရဘူးဆိုသော.....တစ်ချက်လွှတ်အမိန့်ထုတ်မည်ဟု ထင်ခဲ့သော်လည်း လက်ဖဝါးနွေးနွေးနှင့် နဖူးပေါ်သို့ မမှီမကမ်းလာစမ်းပြီး ရင်ဘတ်အတွင်းခံထဲက ပိုက်ဆံအချို့ထုတ်ပေးလာသည်။
"လိုင်းကားမစီးသွားနဲ့....ကားငှါးသွား...."
ထောင်တန်ပိုက်ဆံလေးငါးခြောက်ရွက်ကို မငြင်းဘဲယူထားမိသောအခါ တုန်တုန်ချိချိခန္ဓာကိုယ်မှာ သစ်သားကြမ်းပြင်ထက်တွင် ကျနစွာထိုင်ချရင်း ကျွန်တော့်လက်ကိုလည်း ဆွဲယူပါသည်။ ကြမ်းပြင်ပေါ်တွင် ဘွားဘွားနှင့် တပြေးညီဖြစ်သွားသောအခါ ပါးစပ်ထဲသို့ထိုးထည့်ခြင်းခံလိုက်ရသော ဆေးလုံးလေးများက ခံတွင်းထဲသို့အရောက် ခါးသက်ခြင်းအရသာကို စက္ကန့်မလပ်ပေးသည်။