သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၂၂၄
ကျိုးခိုင်၏ စကားကို ကြားလိုက်ရသောအခါ ရီယွမ်က ခေတ္တမျှ အံ့သြသင့်သွားမိသည်။ ကျိုးခိုင်ပြောသည့်ပုံအရဆိုပါက လွေယုရှင်းက အတော်သန်မာသော လူတစ်ယောက် ဖြစ်ရပေလိမ့်မည် ။ မဟုတ်ပါ သူ့ကိုလာပြီး တကူးတကပြောစရာအကြောင်းမရှိပေ။
လူသစ်များထဲတွင်တော့ ရီယွမ်က ချူရှောက်ယန်နှင့် ယန်ကုကိုတော့သိသည်။ တခြား လူတော်များကိုတော့ သူလုံးဝမသိပေ။
အဘယ့်ကြောင့်ဆိုသော် ရီယွမ်က တိုင်အီနတ်ဘုရားမြို့တော်ကို ရောက်သည့်အချိန်ကတည်းက ဆေးပင်ခူးပြီး တစ်ချိန်လုံး စွမ်းအင်ကျင့်ကြံနေသည့်အတွက် သူ့ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသလဲဆိုခြင်းကို သူလုံးဝ သတိမထားမိနေပေ။ ထို့ကြောင့် လူအနည်းကိုသာ သူကောင်းစွာသိသည်။
“အဲဒီ လွေယုရှင်းဆိုတဲ့ကောင်က တော်တော်သန်မာလို့လား”
“သေချာတာပေါ့ သူက ဝန်ကြီးအိမ်က သားတစ်ယောက်ပဲ။ ပြီးတော့ စစ်ပွဲမှာလည်း ဝင်တိုက်ဖူးတယ်။ သူ့ရဲ့အဆင့်က အဆင့်၆ ကွ”
“လူသစ်တွေထဲမှာမှ အဆင့်၆ တဲ့လား”
ထိုစကားကို ကြားလိုက်ရသောအခါ ရီယွမ်က ကောင်းပြီ ဟုသာ ရိုးရိုးလေးပြန်ဖြေလိုက်သည်။
ကျိုးခိုင်ပြောသလိုဆိုရင် လွေယုရှင်းက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားနိုင်လောက်သည်။ ရီယွမ်က ထိုစကားကို လုံးဝ အတိတ်တလန့်မဖြစ်သွားပဲ ခပ်ရိုးရိုးလေးသာ ခေါင်းညိတ်ပြလိုက်သည်။
“အင်း … ဘာပဲပြောပြော မဆိုးပါဘူး …”
“ဘာ … မဆိုးဘူး … မဆိုးပါဘူးတဲ့လား … ကြယ်ခြွေလက်သိုင်းကိုမင်းသိလို့လား .. အဲဒီသိုင်းက လူတစ်ယောက်ကို မီတာတစ်ရာလောက်အကွာကနေတောင် သတ်ပစ်လိုက်နိုင်တယ်…”
ကျိုးခိုင်က ကြယ်ခြွေလက်ဝါးအကြောင်းသိသော်လည်း သိပ်ပြီး အတွင်းကျကျမသိပေ။
“ကြယ်ခြွေလက်သိုင်း တဲ့လား ..”
ရီယွမ်က ထိုသိုင်းပညာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။ လူတစ်ယောက်ကို မီတာတစ်ရာအကွာအဝေးအတွင်းမှ သတ်နိုင်ဖို့ဆိုခြင်းက လုံးဝမလွယ်ကူပေ။
သို့သော် ရီယွမ်က တိုင်အီနတ်ဘုရားမြို့တော်ထဲတွင် အကောင်းဆုံးဖြစ်သော တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ထားခဲ့သည်။ လေ့ကျင့်နိုင်ဖို့ အလွန်ခက်ခဲသည့်အပြင် ထိုသိုင်းပညာကို ရရှိရန်အတွက် လုံးဝ မလွယ်ကူပေ။
လွန်ခဲ့သော နှစ်ဆယ်သန်းလောက်က မရေတွက်နိုင်သော ဆာဂီများက တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည်။ ထိုသူများထဲမှ အချို့လူများက သူတို့၏ ကိုယ်ပိုင်နားလည်ခြင်းများကိုပါ ထပ်ပေါင်းထည့်ပြီး တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်နိုင်ခဲ့ကြသည်။
တကယ်တမ်းတွင် သိုင်းဓိဌာန်များကို တိုင်အီဝိညာဉ်ကျင့်စဉ်ထဲတွင် ပေါင်းစပ်ပြီး လေ့ကျင့်နိုင်ဖို့က တကယ့်ထိပ်သီး ဆာဂီများသာ ပြုလုပ်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော ထိပ်သီး ပါရမီရှင်များ တိုင်အီနတ်ဘုရားမြို့တော်ထဲတွင် ပေါ်ထွန်းလာနိုင်ရန်အတွက် မလွယ်ကူပေ။
ရီယွမ်က သိုင်းပြိုင်ကွင်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ယခင်နေ့ထက်စာရင် ဒီနေ့က ပရိတ်သတ်များ ပိုများနေသည်။
ဒုတိယနှစ် နှင့် တတိယနှစ် ကျောင်းသားများသည်ပင်လျှင် သိုင်းပြိုင်ပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။ ရီယွမ်၏ အံ့မခန်း အစွမ်းပြမှုက လူသစ်များထဲတွင် အတော်လေး နာမည်ကြီးသွားသည်။
ရီယွမ်၏ အစွမ်းက ယွမ်တန်နှင့် ရောက်တာအိုကဲ့သို့ ယွမ်အခြေတည်အဆင့်သို့ ရောက်ရှိထားကြသော စီနီယာများကို မခြိမ်းခြောက်နိုင်သေးသော်လည်း အမှတ်စဉ် ၂၀၀၀-၃၀၀၀ အကြားရှိ လူများအဖို့တော့ ခြိမ်းခြောက်ဖွယ်ရာကိစ္စတစ်ရပ် ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိသည်။
ရီယွမ်က ဒီကိုရောက်လာတာ တစ်နှစ်တောင်မပြည့်သေးပေ။ ထို့ကြောင့် ရီယွမ်ကို သူတို့၏ အနာဂတ် ပြိုင်ဘက်တစ်ယောက်အဖြစ် အာရုံစိုက်နေခြင်း ဖြစ်သည်။
“ဟိုမှာ ရီယွမ်ဆိုတာ သူပဲ ..”
ရီယွမ်ပေါ်ထွက်လာသည်နှင့် လူအများစု၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
“လွေယုရှင်းလဲ ရောက်လာပြီး … ဟိုမှာလွေယုရှင်းပဲ..”
လူအများ၏ တီးတိုးထင်ကြေးပေးမှုများအကြားထဲတွင် လွေယုရှင်းက စင်မြင့်ထက်သို့ လျှောက်ဝင်လာခဲ့သည်။
လွေယုရင်းက နူးညံ့သော ကျောက်စိမ်းတစ်ခု နှင့်ဆင်တူသည်။ သူ၏ အဖြူရောင်ဝတ်စုံနှင့် ဖိနပ်က တဖိတ်ဖိတ် ပြောင်လက်တောက်ပနေပေသည်။
လွေယုရှင်းက ရီယွမ်ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် လှည့်မကြည့်တော့ပေ။ သူ၏ နေရာတွင်သာ ဝင်ထိုင်ပြီး အာရုံစိုက်နေလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးရှိလူများက သူနှင့်မတူမတန်သလိုမျိုး လုံးဝ လူပါးဝသည့်ပုံ ပေါ်လွင်နေပေသည်။
ရီယွမ်က သူ၏စိတ်စွမ်းအင်များကို ကောင်းကင်မျက်လုံးနှင့် အတူရောစပ်လိုက်ပြီးနောက် လွေယုရှင်းကို မီတာသုံးဆယ်ခန့် အကွာအဝေးမှ အကဲခတ်နေလိုက်သည်။
ကောင်းကင်မျက်လုံးပုံစံကို အခြေတည်နိုင်ခြင်းကြောင့် ရီယွမ်က လူတစ်ယောက်၏ ခန္ဓာကိုယ်မှ ယွမ်ချီများ ဖြာထွက်နေသည်ကိုကြည့်ကာ ထိုလူ၏ သိုင်းအဆင့်ကို အဝေးမှပင် အကဲခတ်နိုင်သည်။
“အင်း …သူက ခရမ်းရောင်သွေးနောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ ဖြစ်မယ်”
လွေယုရှင်း၏ သိုင်းအဆင့်က သူ့ထက် အနည်းငယ် ပိုမိုမြင့်မားလိမ့်မည်ဟု ရီယွမ်က သုံးသပ်လိုက်သည်။
…………………………
လူသစ်တန်း ဒုတိယမြောက် သိုင်းပြိုင်ပွဲကတော့ စတင်ပြီ ဖြစ်သည်။
ရီယွမ်၏ ပြိုင်ဘက်များကတော့ စတင်ပြီး အရှုံးပေးလိုက်ကြသည်။ သို့သော် …
“နတ်ဘုရားဒေသ ပြိုင်ပွဲစင် အမှတ်စဉ် ၁၀၀၀၃ … အမှတ်စဉ် ၁၀၀၀၆”
အစီအစဉ်တင်ဆက်သူက စင်မြင့်ထက်မှနေ၍ ကျယ်လောင်စွာ ကြေငြာပေးလိုက်သည်။
“သူတို့အလှည့်ပဲ…”
ပြိုင်ပွဲများကို စိတ်မဝင်စားပဲ ဘာသိဘာသာ နေနေကြည့် လူများသည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ပြိုင်ပွဲစင်မြင့်ထက်သို့ စူးစိုက်ကြည့်လိုက်သည်။
သူတို့အားလုံး ရီယွမ်နှင့် လွေယုရှင်း၏ ပြိုင်ပွဲကို ကြည့်ရန် လာရောက်ကြသည် မဟုတ်ပါလား …
နောက်ဆုံးတွင်တော့ သူတို့စတိုက်ကြပြီ ဖြစ်သည်။
လွေယုရှင်း၏ အဖြူရောင် အဝတ်အစားများက လေနှင့်အတူ တဖျတ်ဖျတ် လွင့်ခါနေကြသည်။ အဖြူရောင် ငွေငန်းတစ်ကောင်ပမာ စင်မြင့်ပေါ်သို့ လှလှပပလေး ခုန်ပျံတက်လာခဲ့လိုက်သည်။
ခရမ်းရောင်သွေးအဆင့်သိုင်းသမားများက ပျံသန်းနိုင်စွမ်းမရှိကြပေ ။ သို့သော် လွေယုရှင်း၏ ကိုယ်ဖေါ့ပညာက လေပေါ်ပျံသန်းနေသည်ဟုပင် ထင်ရစေသည်။
ရီယွမ်က စင်မြင့်ပေါ်သို့ တက်သွားခဲ့လိုက်သည်။ ထို့နောက် လွေယုရှင်းနှင့် မီတာ သုံးဆယ်ခန့်အကွာအဝေးတွင် မတ်တပ်ရပ်ကာ ဝင်ထိုင်လိုက်သည်။
လွေယုရှင်းက ရီယွမ်ကို စောင်းငဲ့ကြည့်လိုက်ပြီးနောက် “မင်းရဲ့ နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်ဖို့အတွက် လူတစ်ယောက်က ငါ့ကို နဂါးအကြေးခွံ အခု ရှစ်ထောင်ပေးထားတယ် ၊ ငါဒီမှာ ရှိနေတာက မင်းကို စိန်ခေါ်ချင်လို့မဟုတ်ဘူးဆိုတာ မင်းသိထား …”
ထိုသို့ပြောပြီးသည်နှင့် လွေယုရှင်း၏ လက်ထဲတွင် ဓါးတစ်ချောင်း ပေါ်ထွက်လာသည်။
ထိုဓါးက မှော်ဆန်သည့် သွင်ပြင်ရှိကာ လွေယုရှင်းက အနည်းငယ်လွှဲယမ်းလိုက်ပြီး ရီယွမ်ရှိရာသို့ ဓါးဦးထိပ်ဖြင့် ထိုးချိန်ထားလိုက်သည်။ သို့သော် ဓါးကိုတော့ ဓါးအိမ်ထဲမှ မချွတ်ရသေးပေ။
“လွေယုရှင်းက ကဲ စလိုက်ရအောင် ၊ မင်းသာ ငါ့ကို ဆယ်ကွက်အတွင်း ဓါးအိမ်ထဲက ဓါးဆွဲထုတ်အောင် လုပ်နိုင်ရင် … ပြီးတော့ ငါ့ရဲ့သိုင်းကွက် သုံးကွက်ကို မင်းခံနိုင်မယ်ဆိုရင် ငါ့တို့မိသားစုရဲ့ လျှို့ဝှက်သိုင်းပညာ ဖြစ်တဲ့ ကြယ်ခြွေလက်သိုင်း ကဘာလဲဆိုတာ မင်းသိအောင် ပြပေးလိုက်မယ်”
လွေမျိုးနွယ်ရှိ ဘိုးဘေးများက ကြယ်ခြွေလက်သိုင်းကို လွယ်လွယ်ကူကူ ထုတ်မသုံးရန် သွန်သင်ခဲ့ကြသည်။ လူအများကို သူတို့၏ မိသားစုပိုင် သိုင်းပညာအကြောင်း တော်ရုံနှင့် ထုတ်မပြလိုကြပေ။
ထို့ကြောင့် လွေယုရှင်းက ရီယွမ်ကို အဆုံးသတ်ရန်အတွက် ကြယ်ခြွေလက်သိုင်းကို အသုံးမချလိုခြင်း ဖြစ်သည်။
လွေယုရှင်း၏ စကားကို ကြားလိုက်ရသော လူအများက အတော်လေး ဒေါပွသွားကြသည်။
ရီယွမ်ကိုတောင် ဓါးမထုတ်ပဲ တိုက်မလို့လား …
ရီယွမ်က ခပ်ညံ့ညံ့ကောင်တစ်ကောင်မဟုတ်ချေ ။ မြို့တော်သခင်လေးယောက်ကို အသာလေး အနိုင်ယူခဲ့သည်ကို ကြည့်ခြင်းဖြင့် သူ၏ ခွန်အားကို အကဲခတ်နိုင်သည်။
လွေယုရှင်း၏ စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် ရီယွမ်ကို သူလုံးဝ မျက်စိထဲ မထည့်ထားဘူးဆိုခြင်းကို ပြောနေသည်နှင့် အတူတူပင် ဖြစ်သည်။
ဒီတိုက်ပွဲ၏ ရလာဒ်ကတော့ ရီယွမ်၏ စွမ်းရည်ပေါ်တွင် မူတည်နေပေသည်။
ရီယွမ်တွင်သာ မည်သည့်ဝှက်ဖဲမှ မကျန်ရှိတော့ပါက သေချာပေါက် ရှုံးနိမ့်မည်ပဲ ဖြစ်သည်။
လွေယုရှင်းက အလွန်ကြောက်ဖို့ကောင်းသော သိုင်းလူငယ်တစ်ယောက်ပင် ဖြစ်သည်။
“မင်းကို ဆယ်ကွက်အတွင်း ဓါးဆွဲထုတ်နိုင်အောင် ဖိအားပေးရမယ် ဟုတ်လား” .. ရီယွမ်က အသာအယာ ပြုံးလိုက်သည်။ သူ၏ ညာလက်ဖြင့် ဘယ်လက်တွင် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်လေးကို အသာထိတို့လိုက်သည်။ သူ၏ လက်ကို ဖျတ်ခနဲ လှုပ်လိုက်သည်နှင့် ကောင်းကင် ဆူပူခြင်း ချိတ်တံဆိပ်က ရီယွမ်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအားလုံး မှင်တက် အံ့သြသွားကြပြန်သည်။
ဒီလိုအချိန်မှာတောင် ရီယွမ်က အုတ်ခဲကို သုံးနေတုန်းပဲလား .. အုတ်ခဲကိုသုံးပြီး လွေယုရှင်းနဲ့ ပြိုင်ဦးမှာလား ..
မြို့တော်သခင်လေးယောက်ထက် ပိုပြီး ထင်ပေါ်ကျော်ကြားပြီး အဆင့်အတန်းရှိသည့် လွေယုရှင်းလိုလူကို အုတ်ခဲနဲ့ ထုမလို့လား ..
“သူရူးနတောလား ….”
အုတ်ခဲကို ကိုင်ထားရင်းမှ ရီယွမ်က သူ၏ လက်ကောက်ဝတ်ကို အသာလေးဖြေလျော့လိုက်ပြီး
“မင်းသာ ငါ့ရဲ့ ဓါးမော့ကို ဆယ်ကွက်အတွင်း ဓါးအိမ်ထဲက ဆွဲထုတ်အောင် လုပ်နိုင်ရင် .. ဒါမှမဟုတ် ငါ့ရဲ့ သိုင်းသုံးကွက်ကို ခုခံနိုင်ရင် ငါမကြာသေးခင်က လေ့ကျင့်ထားတဲ့ ငါ့ရဲ့သိုင်းအသစ်က ဘာလဲဆိုတာ မင်းကို ပြပေးမယ်”
ရီယွမ်က လွေယုရှင်း၏ စကားများအတိုင်းပင် ပြန်လည်ချေပလိုက်သည်။
လွေယုရှင်း တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်။
“မင်း .. ဘာပြောလိုက်တာလဲ ..”
လွေယုရှင်း၏ မျက်နှာတစ်ခုလုံး မဲပြာကျသွားပြီး နဖူးပေါ်မှ သွေးကြော အစိမ်းများသည်ပင် ထောင်တက်လာခဲ့သည်။
ရီယွမ်က အတော်လေး အစွမ်းထက်သည်ဟု သူတွက်ဆထားပြီး ဖြစ်သော်လည်း ထိုမျှလောက်အထိ မျက်ခွက်ပြောင်ပြီး သူ့ကို အရွဲ့တိုက်လိမ့်မည်ဟု သူမတွေးထားမိခဲ့ပေ။
“ငါ့ကိုတောင် အဲဒီလိုမျိုး ပြောရဲတာလား …”
လွေယုရှင်းက သူ၏ ဓါးကို ဓါးအိမ်ထဲမှ မဆွဲထုတ်သေးသော်လည်း ဓါးကို အသုံးမပြုဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ သူ၏ ဓါးအိမ်သည်ပင် အုတ်ခဲတစ်လုံးထက် ပိုပြီး အစွမ်းထက်နေသေးသည် မဟုတ်ပါလား …
“မင်းကို ဆယ်ကွက်အတွင်း ဓါးထုတ်နိုင်အောင် လုပ်မှ မင်းရဲ့ သိုင်းအသစ်ငါ့ကို ပြပေးမယ် ဟုတ်လား ..ဟား ဟား” .. လွေယုရှင်း၏ ရယ်သံများထဲတွင် ဒေါသတရားများ ပါဝင်နေပေသည်။ သူ၏ မိသားစုပိုင် သိုင်းပညာဖြစ်သော ကြယ်ခြွေလက်သိုင်းကို အသုံးပြုမည်ဟု သူစဉ်းစားထားခဲ့သော်လည်း ရီယွမ်က သူ၏ စကားအတိုင်း သံယောင်လိုက်ပြီး သူ့ကို ပြန်ချေပလိုက်သည်။
“မင်း သေချင်နေတာပဲ ..”
လွေယုရှင်းက စတင်တိုက်ခိုက်လိုက်သည်။ နတ်ဘုရားဒေသ သိုင်းစင်မြင့်တစ်ခုထက်ရှိ လေများ တဖြည်းဖြည်း ကြမ်းရှစွာ တိုက်ခိုက်လာခဲ့ကြသည်။
ဓါးစွမ်းအင်လှိုင်းများက အကန့်အသတ်မရှိ လွင့်ပျံလာခဲ့ကြသည်။
လွေယုရှင်းက ရီယွမ်၏ အရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ ပေါ်လာခဲ့သည်။
လေထုများ ပြင်းရှစွာတိုက်ခိုက်နေခြင်းက သူ၏ မြန်ဆန်လှသော လှုပ်ရှားမှု အရှိန်အဟုန်များကြောင့် ဖြစ်သည် ။ အလွန်တရာမှပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။
“ဝှီး ..”
လွေယုရှင်းက ရီယွမ်၏ လည်ပင်းသို့ ချိန်ရွယ်ပြီး ဓါးအိမ်ဖြင့် ရိုက်ချလိုက်သည်။ ဓါးအိမ်ဖြင့် ရိုက်ချလိုက်ခြင်းက ဓါးတစ်စင်းကဲ့သို့ ထက်မြခြင်း မရှိသော်လည်း လွေယုရှင်းက သူ၏ ယွမ်ချီများကို ထည့်သွင်းထားခြင်းကြောင့် အလွန်တရာမှ ကြောက်စရာကောင်းသေား အားလှိုင်းကြီးတစ်ရပ် ဖြစ်ပေါ်လာသည်။
“ဖတ် .. ဖတ် … ဖတ် ..”
ဓါးလှိုင်းများ ရီယွမ်ဆီသို့ မရောက်လာခင်ကတည်းကပင် လွင့်စင်ထွက်လာသော အရှိန်အဝါများက ခရမ်းရောင်အဖြိုင်နက် သတ္တုကြမ်းပြင်ကို ရှပ်ထိသွားက ဓါးရာများ ပေါ်ထွက်လာခဲ့သည်။
ထိုသတ္တုကြမ်းပြင်က အလွန်တရာမှ မာကြောလွန်းလှသော်လည်း လွေယုရှင်းက ဓါးရာထင်နိုင်အောင် ပြုလုပ်နိုင်သည် ။ အလွန်မှပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
သူ့ထံသို့ ဓါးလှိုင်းများ တိုးဝင်လာသည်ကို တွေ့လိုက်သည်နှင့် ရီယွမ်က ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်ဖြင့် ကာကွယ်လိုက်သည်။
“ထန်း …”
သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာပြီးနောက် သူ့လက်ထဲရှိ အုတ်ခဲက ဆတ်ခနဲ တုန်ခါသွားသည်ကို ရီယွမ်က ခံစားလိုက်ရသည်။ အထိန်းအကွပ်မဲ့စွာ တိုးဝင်လာကြသော ဓါးလှိုင်းများက ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
“ကာကွယ်လိုက်နိုင်တာလား …”
လူအများစုက အံ့သြသင့်သွားကြသည် ။ ရီယွမ်က အုတ်ခဲကို အသုံးပြုပြီး ဓါးလှိုင်းများကို ကာကွယ်လိုက်နိုင်သည် ။ ပထမသိုင်းတစ်ကွက်ကတော့ ပြီးဆုံးသွားပြီ ဖြစ်၏ ။
“ဟင် …”
လွေယုရှင်း၏ မျက်နှာက အကျည်းတန်စွာ မဲ့ကျသွားသည်။ သေးငယ်ပြီး တိုသော အုတ်ခဲလေးတစ်ခုက လူတစ်ယောက်ကို တိုက်ခိုက်နိုင်သော်လည်း ဒိုင်းတစ်ခုသဖွယ် အကာအရံသဘောမျိုးအဖြစ် အသုံးချဖို့ဆိုခြင်းက လုံးဝမဖြစ်နိုင်ပေ။
သို့သော် ရီယွမ်ကထိုအုတ်ခဲကိုသုံးပြီး သူ၏ တိုက်ခိုက်မှုများကို အပြည့်အဝ ကာကွယ်ထားလိုက်နိုင်သည်။
“တောင်တော် ချိတ်ပိတ်ခြင်း”
လွေယုရှင်းက သိုင်းနောက်တစ်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် ဓါးလှိုင်းများက ရီယွမ်ဆီသို့ မိုးသီးမိုးပေါက်များပမာ တိုးဝင်သွားကြလေတော့သည်။
ဓါးလှိုင်းများက မျက်စိနောက်စရာကောင်းအောင် ရှုပ်ထွေးနေပြီး အလင်းတန်းများကိုသာ တွေ့မြင်နေရသည်။ သာမန်လူတစ်ယောက်အတွက် ဓါးကို ဓါးအိမ်မှ မချွတ်ပဲ ဓါးလှိုင်းများစွာ ထွက်အောင် ဖန်တီးနိုင်ဖို့ဆိုခြင်းက လုံးဝ မလွယ်ကူပေ။
ထိုဓါးလှိုင်းများက ကိုးမီတာ ပတ်ပတ်လည်ခန့်ကို လွှမ်းခြုံသွားသည်။ ကိုးမီတာ ပတ်ပတ်လည်ရှိ အရာများအားလုံး လွေယုရှင်း၏ လွှမ်းမိုးမှုအောက်မှ မလွတ်နိုင်ကြပေ။
ရီယွမ်က ထိုလွှမ်းမိုးမှုများအောက်သို့ ကျရောက်နေပြီ ဖြစ်သည်။ ရီယွမ်က မျက်တောင်တစ်ခတ်အချိန်လေးအတွင်းမှာပင် ဓါးလှိုင်းများ ရာပေါင်းများစွာ၏ တိုက်ခိုက်ခြင်းကို တစ်ပြိုင်တည်း ခံနေရသည်။
“အမြန်နှုန်းချင်း လာယှဉ်နေတာလား” ရီယွမ်က အသာအယာ ပြုံးလိုက်သည်။ အမြန်နှုန်းချင်းယှဉ်မည်ဆိုပါက သူ့အတွက်တော့ လုံးဝ ကြောက်နေစရာကို မလိုတာ ဖြစ်သည်။