C-238

149 19 0
                                    

အခန်း ၂၃၈

“သူ့ရဲ့ သံချပ်ကာကို ချွတ်ပြီး တိုက်မလို့လား …”

ယန်ကု၏ စကားများကို ကြားရသောအခါ ပရိတ်သတ်များ အံ့အားသင့်သွားကြကုန်သည်။ လူအများစုက သံချပ်ကာဝတ်ထားမှ ပိုပြီး တိုက်ခိုက်နိုင်မည်ဟု မှတ်ထင်ထားခဲ့ကြသည်။

အကယ်၍ ယန်ကုသာ သူ၏ သံချပ်ကာကို ချွတ်လိုက်ပါက သူ၏ ခုခံမှုစွမ်းအားက သိသိသာသာ လျော့ကျသွားလိမ့်မည် ဖြစ်သည်။ ယန်ကုက သံချပ်ကာ ဝတ်ဆင်ထားတာတောင်မှ ရီယွမ်၏ တိုက်ခိုက်မှုကို လုံးဝ လက်မခံနိုင်ပေ။

“ကြောက်စရာကောင်းလိုက်တာ … ရီယွမ်ရဲ့ ဓါးမော့က ဘာဖြစ်လို့ အဲဒီလောက်ထိ ထက်နေရတာလဲ … ယန်ကုက တိုက်ခိုက်နေစဉ်အတွင်း ဘာဒဏ်ရာမှ မရထားခဲ့ဖူးဘူး”

မည်သူမျှ နားမလည်နိုင်ကြသေးပေ။ ယန်ကုက အဆင့်၃၀၀၀ အတွင်းရှိ ပုဆိန်အသုံးပြုပြီးတိုက်ခိုက်သော သင်တန်းသားဟောင်းတစ်ယောက်ကို အနိုင်ယူခဲ့သည်။ ထိုလူ၏ တိုက်ပွဲပုဆိန်က အလွန်တရာမှ လေးလံလှသော်လည်း ယန်ကု၏ သံချပ်ကာကို လုံးဝမထိုးဖောက်နိုင်ခဲ့ပေ။

ရီယွမ်၏ ဓါးမော့က တိုက်ပွဲဝင် ပုဆိန်လောက် လေးလံပြီး အစွမ်းထက်မည့်ဟန်လဲ မပေါ်ပေ။ “အဲဒါဆိုရင် ယန်ကုရဲ့ ယွမ်ချီအကာအကွယ်တွေကို သူဘယ်လို ချိုးဖျက်သွားတာလဲ”

လူအများက ရီယွမ်၏ ဓါးမော့ကို အထူးအဆန်းအရာတစ်ခုလို လှမ်းကြည့်လိုက်ကြသည်။
ထက်မြသော ဓါးမော့အသွားမှ သွေးများက သတ္တုကြမ်းပြင်ပေါ်သို့ တစ်စက်တစ်စက် ကျဆင်းနေကြသည်။ ထို ဓါးမော့ကြီးက ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

ယန်ကုက သူ၏ခေါင်းဆောင်းကို ဆွဲချွတ်လိုက်ပြီး သူ၏ ရင်ဘတ်နှင့် နောက်ကျောမှ သံချပ်ကာများကို ဆွဲချွတ်လိုက်သည်။ အလွှာများ အချပ်ချပ် အထပ်ထပ် ရစ်ပတ်ထားသည်ကို ကြည့်ခြင်းဖြင့် မည်မျှအထိ လေးလံသလဲဆိုခြင်းကို သိနိုင်ပေသည်။

သံချပ်ကာဆိုတာ ခုခံကာကွယ်ဖို့အတွက်ပဲ … “ဒါပေမယ့် ဒီအဖြူရောင် သတ္တုသံချပ်ကာကတော့….” ယန်ကုက ထိုသို့ပြောပြီးသည်နှင့် သူ၏လက်အိတ်ကြီးကို အဝေးသို့ လွှင့်ပစ်လိုက်လေတော့သည်။

True Martial World (BOOK 15-16) Where stories live. Discover now