C-234

149 19 0
                                    

အခန်း ၂၃၄

“ကနဦး အရင်းအမြစ်များဆီသို့”

ရီယွမ်က ဝါကျ လေးကြောင်း ရေးထားသော နံရံရှေ့တည့်တည့်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ အဘိုးကြီးက ထိုစာလေးကြောင်းအတွက် သူ့ကို အထဲသို့ ခေါ်ခဲ့ခြင်း ဖြစ်ရမည်ဟု သူတွေးထင်လိုက်သည်။

ရှေးဟောင်းအုတ်ဂူကြီးက မည်သည့်အရာမှ မရှိတော့ပဲ အခွံလွတ်သာ ကျန်ခဲ့သည်။ ထိုမတိုင်မှီကတည်းက တိုက်ပွဲဝင် ဓါးမော့များ ၊ ရတနာများ နှင့် အမွေအနှစ်များ အားလုံးကို ဤနေရာတွင် မြုပ်နှံထားခဲ့သည်။ သို့သော် ထိုအရာများအားလုံး မကျန်ရှိကြတော့ပေ။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသော အရာက အုတ်ဂူပိုင်ရှင်၏ စကားလုံးများသာ ဖြစ်ကြသည်။

ထိုစကားလုံးများထဲတွင် ပါဝင်သော အနှစ်သာရများက လူတစ်ဖက်သား၏ စိတ်ကို အပြည့်အဝ လွှမ်းမိုးနိုင်စွမ်းရှိသည်။

“အိုး … အဲဒီစကားလုံးတွေ”

ရီယွမ်က ထိုဝါကျလေးကြောင်းကို ခေတ္တမျှလှမ်းကြည့်လိုက်မိသည်နှင့် ထိုအထဲတွင် စကားဖြင့်မဖော်ပြနိုင်သော အကြောင်းအရာများစွာ ပါဝင်နေသည်ကို သိမြင်လိုက်ရသည်။ စကားလုံးတိုင်း ၊ ဓါးချက်စီတိုင်းက တောက်ပ လင်းလက်နေကြသည်။ ထိုဓါးမော့ ဓါးချက်များက နံရံကိုပင် ဖောက်ထွင်းသွားတော့မည်ဟုပင် ထင်နေရသည်။ ထိုစကားလုံးများထဲတွင် ဓါးမော့ ဓါးချက်များ ပါဝင်ပေါင်းစပ်ထားနေသလို …

ထိုသို့ ရှာဖွေလေ့လာပြီးသည်နှင့် ရီယွမ်က အာရုံစူးစိုက်လိုက်ကာ စာကြောင်းလေးကြောင်းကို မျက်တောင်မခတ် စူးစိုက်ကြည့်နေလိုက်သည်။

စကားလုံး တစ်လုံးချင်းစီတိုင်းက အကြောင်းအရာများစွာ ပါဝင်နေသကဲ့သို့ပင် … သို့သော် ထိုစာလုံးများကို တစ်ခုထဲအဖြစ်သို့ ပေါင်းစပ်ဖတ်ရှုလိုက်ပါက သဘာဝနှင့်အလွန်နီးစပ်သော ခံစားချက်မျိုးကို ရရှိလိုက်မိသည်။

“ငါသိပြီး” …  ရီယွမ်၏ မျက်ဝန်းများ တောက်ပလင်းလက်ခဲ့ကြသည်။ ထိုစာလုံးများကို ရေးထွင်းထားခဲ့သည့်လူက  သူတစ်သက်လုံးကျင့်ကြံ ဆည်းပူးထားခဲ့သည့် ဓါးမော့တရားများကို ထိုစာလုံးများဖြင့် သရုပ်ဖော်ထားခဲ့ခြင်း ဖြစ်သည်။

True Martial World (BOOK 15-16) Where stories live. Discover now