အခန်း ၂၁၆
"အုတ်ခဲကိုပဲ ယူမယ်"
ရီယွမ်က ယခုအခါတွင် ထင်ပေါ်ကျော်ကြားသူ တစ်ယောက် ဖြစ်နေချေပြီ ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ယန်ကုနှင့် ချူရှောက်ယန်တို့က အဓိက ဇာတ်ကောင်များဟု ပြောပါက ရီယွမ်က အကောင်းဆုံး ဇာတ်ပို့အနေအထားတွင် ရှိသည်။
ရီယွမ်နှင့် ဟောင်ဒုန်အဖွဲ့အစည်းကြား ပြိုင်ပွဲ့တော့ ပရိတ်သတ်များ၏ အာရုံစိုက်ခြင်းကို ခံရပေသည်။ လူအချို့ကတော့ ရီယွမ်ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတာ သိလိုကြသော်လည်း လူအချို့က ရီယွမ်က ပထမပွဲမှာတိုင် ဖန်ဟိုင်လက်ချက်ဖြင့် ရှုံးနိမ့်သွားမည်ဟု ထင်ကြေးပေးနေကြသည်။
မြို့တော်သခင်လေးပါးဆိုသည်မှာ ခပ်ညံ့ညံ့ လူများ မဟုတ်ကြချေ။ ဖန်ဟိုင်၏ အမှတ်စဉ်က ၁၀၇၅၀ ဖြစ်သော်လည်း သူ့အရှေ့တွင် နှစ်ဟောင်းသင်တန်းသားများ အတော်များများရှိကြသည်။ ဖန်ဟိုင်၏ နဂိုအဆင့်က လူသစ်များထဲတွင် အမှတ်စဉ် ၃၀၀ ခန့်တော့ရှိပေလိမ့်မည်။
ထိုအဆင့်က အတော်လေး ထူးချွန်သည်ဟု ပြောလို့ရသည်။ လူအုပ်ကြီးထဲတွင်တော့ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ရှိသည်။ သူမက ရီယွမ်ကို စိုက်ကြည့်လိုက်ပြီးနောက် “အင်း … အဲဒါက ရီယွမ်လား” ဟု တီးတိုးရေရွတ်လိုက်မိသည်။
ထိုအစိမ်းရောင်ဝတ်စုံနှင့် ကလေးမက အသက်ငယ်ရွယ်ပြီး ချစ်စရာကောင်းသည့် ဟန်ရှိသည်။ သူမက ကာကွယ်ရေးဝန်ကြီးချုပ်အိမ်တော်မှ ချူရှောက်ယန်ပင် ဖြစ်၏။ သူမ၏ နံဘေးတွင်တော့ အရပ်ခြောက်ပေနီးပါးခန့်ရှိသော လူငယ်တစ်ယောက်ရှိသည်။ ထိုလူငယ်၏ မျက်ခုံးမွေးများ ဆံပင်များ အကုန်နီးပါးကို ရိတ်ထားပြီး သူ့ခေါင်းအလယ်တည့်တည့်တွင် တစ်လက်မစာ ဆံပင်တစ်စုသာ ကျန်ရှိသည်။ ထိုတစ်လက်မစာ ဆံပင်လေးက အလွန်ရှည်လျားသည့်အပြင် သူ့ကျောကုန်းနောက်သို့တိုင်အောင် ကျဆင်းနေလေ၏။
ထိုလူငယ်က လက်နှစ်ဖက်ကို အရှေ့တွင် ပိုက်ထားပြီး ခြေနှစ်ချောင်းကို ခပ်ကြဲကြဲလေးခွဲကာ ရပ်နေလေ၏။ ထိုလူငယ်လေးက အသက် ၁၈ ၊ ၁၉ ခန့်ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ်က သူ၏ အသက်မှာ ၁၃ နှစ်ကျော်ခန့်ပင် ရှိသေးသည်။ ထိုလူငယ်ကတော့ ယန်ကုပင် ဖြစ်၏။
ယန်ကုက အသာအယာ ပြုံးလိုက်ပြီး “ အဲဒီကလေးက စိတ်ဝင်စားဖို့ကောင်းတယ် ၊ သူအဆုံးမဲ့ကန္တာရထဲကနေ လာတယ်ဆိုတာ နင်သိမှာတောင် မဟုတ်ဘူး ၊ ဘာမှမရှိပဲ ဆင်းရဲစုတ်ပြတ်နေတဲ့ နောက်ခံအင်အားစုကနေ လက်ရှိအခြေအနေထိ ဖြစ်လာဖို့ဆိုတာ တော်ရုံအရည်အချင်းနဲ့ မရဘူး”
“ ငါကြိုပြီးပြောရမယ်ဆိုရင် ရီယွမ်က အခုလောလောဆယ် ငါတို့ကို ခြိမ်းခြောက်နိုင်စရာ မဟုတ်ပေမယ့် ကျောက်ရိုင်းတစ်ပွင့်လို့ ပြောလို့ရတယ်၊ နောက်လာမယ့် သုံးလေးနှစ်မှာဆိုရင် သူငါတို့နှစ်ယောက်လုံးကို ခြိမ်းခြောက်နိုင်လိမ့်မယ်”
“ ဟုတ်လား” ချူရှောက်ယန်၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။ “ဒါဆိုရင် အနာဂတ်မှာ သူက ငါတို့နဲ့အတူ ကောင်းကင်မြေပြင်သင်ပုန်းတွေထဲက နံပါတ် တစ်နေရာကိုတောင် လုယူလာနိုင်လောက်တယ်ပေါ့ … ဟုတ်လား”
“အင်း … ဖြစ်နိုင်တယ်” ယန်ကုက ခေါင်းညိတ်ပြလိုက်သည်။ ယန်ကုနှင့် ချူရှောက်ယန်တို့ နှစ်ယောက်စလုံး၏ ရည်ရွယ်ချက်က ကောင်းကင်သင်ပုန်းနှင့် မြေပြင်သင်ပုန်းတွင် နံပါတ် တစ် ဖြစ်လာကြရန် ဖြစ်သည်။
“ရှောက်ယန် …ငါက သင်တန်းသားသစ် ပထမနေရာကို လိုချင်နေတာ ၊ စင်ကြယ်ခြင်း အမှတ်တွေ ငါရဖို့လိုအပ်တယ် ၊ ငါနဲ့ယှဉ်ပြီး မပြိုင်စမ်းပါနဲ့” ယန်ကုက နူတ်ခမ်းတွန့်ကာ ချူရှောက်ယန်ကို ပြုံးကာ ပြောလိုက်သည်။
ချူရှောက်ယန်က သဘောကျစွာ ရယ်မောလိုက်ပြီး “နင်ပထမလိုချင်ရင် နင်လာပြိုင်ပေါ့ ၊ ငါနဲ့နင်နဲ့ မပြိုင်ရတာလဲ အတော်လေးကြာပြီ”
ယန်ကုနှင့် ချူရှောက်ယန်တို့နှစ်ဦးသား သိကျွမ်းရင်းနှီးခဲ့သည်မှာ အတော်ကြာပြီး သူငယ်ချင်းများလည်း ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံး အားသာချက်ကိုယ်စီရှိကြပြီး အရည်အချင်းကလည်း တစ်ဦးနှင့်တစ်ဦး မတိမ်းမယိမ်းစီရှိကြသည်။
…………………………
“ ရီယွမ် … စင်ပေါ်တက်လာခဲ့ … မင်းဆီကနေ ငါတို့ တရားမျှတမှု ပြန်ယူမယ်” တရားအရေးပိုင်မင်းကြီးက သူ့နာမည်ကို ခေါ်သံကြားလိုက်ရကတည်းက ဖန်ဟိုင်က လုံးဝ မစောင့်ဆိုင်းနိုင်တော့ပဲ စင်ပေါ်သို့ ရုတ်ခနဲ ခုန်တက်သွားလိုက်သည်။ သူ၏ လက်ထဲတွင် ဗြက်ကျယ်သော ဓါးမော့တစ်လက်ကို ကိုင်ဆောင်ထားပြီး တိုက်ခိုက်လိုစိတ်များအပြည့်ဖြင့် တက်ကြွနေပေသည်။
ငါ ဒီနေ့ ကစပြီး ထင်ပေါ်လာရမယ်၊ ဖန်ဟိုင်က ထိုကဲ့သို့ ရင်ထဲမှ ကြုံးဝါးလိုက်မိသည်။ သူ့ဘဝ၏ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ရီယွမ်သာ သူ၏ အနင်းခံ ကျောက်တုံးတစ်တုံးဖြစ်ရပေလိမ့်မည်။
ရီယွမ်က စင်ပေါ်သို့ အေးအေးလူလူပင် တက်လာခဲ့လိုက်သည်။ တပ်မတစ်ထောင်ဓါးမော့ကို သူ၏နောက်ကျော်တွင် အလံတိုင်တစ်ခုပမာ လွယ်ပိုးထားသည်ကတော့ အနည်းငယ် ထူးဆန်းနေပေသည်။
“ဟားဟား … မင်းက ဓါးမော့ကို ဒီလောက်သုံးတာတောင် ဓါးမော့က မင်းထက်ရှည်နေသေးတယ်” ဖန်ဟိုင်က ပုံမလာပန်းမလာ မြို့တော်သခင်လေးယောက်ထဲတွင် အရပ်အမြင့်ဆုံး ဖြစ်သည်။
“ မင်းရဲ့ ဓါးမော့ကို ဓါးအိမ်ထဲကနေ ထုတ်လိုက်စမ်းပါ ၊ ဓါးမော့ကို ဘယ်လိုသုံးရလဲဆိုတာ ငါမင်းကို ဒီနေ့ ကောင်းကောင်းပြပေးမယ်”
ဖန်ဟိုင်၏ ဓါးမော့က ရီယွမ်၏ ဓါးမော့နှင့်မတူပေ ၊ ရီယွမ်၏ ဓါးမော့က သေးသွယ်ပြီး အလျားရှည်ကာ နှစ်ဖက်သွား ဓါးတစ်ချောင်းကဲ့သို့ တိုက်ခိုက်ရခြင်း ဖြစ်ပြီး အမြန်နှုန်းနှင့် ထက်ရှမှုတို့အပေါ် မှီခိုထားရသည်။
သို့သော် ဖန်ဟိုင်၏ ဓါးမော့က ထူထဲပြီး ဗြက်ကျယ်ကာ အလေးချိန်အတော်စီး၏။ မတူညီသော လက်နှက်နှစ်ခုနှင့် မတူညီသော တိုက်ခိုက်မှုပုံစံတစ်ရပ်ဟု ဆိုနိုင်ပေသည်။
“ငါ့ရဲ့ ဓါးမော့ကို ဓါးအိမ်ထဲက ထုတ်ရမှာလား” ရီယွမ်က ဖန်ဟိုင်ကို စောင်းငဲ့ကြည့်လိုက်သည်။
ဖန်ဟိုင်နှင့် ယှဉ်ပြိုင်ရန်အတွက် သူ၏ ဓါးမော့ကို ထုတ်သုံးရန် မလိုပေ ၊ ထုတ်သုံးဖို့လည်း မလွယ်ကူပေ။ တိုင်အီမြို့တော်၏ စည်းမျဉ်းများအရ သင်တန်းသားတစ်ယောက်က အခြားတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်သည်ဟု သိသာထင်ရှားပါက ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရပေလိမ့်မည်။
ဟောင်ဒုန်အဖွဲ့အစည်းက ရီယွမ်ကို တမင်ဦးတည်ပြီးတိုက်ခိုက်ကာ လပေါင်းများစွာအထိ ဒုက္ခိတဘဝဖြင့် ခံစားရစေလိုသော်လည်း ရီယွမ်၏ အသက်အန္တာရယ်ကို ခြိမ်းခြောက်ရန်အတွက် မဝံ့ရဲပေ။
အကယ်၍ ရီယွမ်သာ သူ၏ နေရောင်ခြည်ယန်စွမ်းအင်ကို တပ်မတစ်ထောင်ဓါးမော့ဖြင့် တွဲဖက်ပြီး ခုတ်လိုက်ပါက အဖြိုင်နက်သတ္တုနံရံကြီးသည်ပင် နှစ်ပိုင်းပြတ်ထွက်သွားပေလိမ့်မည်။ ထိုကဲ့သို့ ပြင်းထန်အားကောင်းသော ခွန်အားတစ်ရပ်က ဖန်ဟိုင်ကို မတော်တဆ ထိခိုက်မိပြီး သေဆုံးသွားစေနိုင်သည်။
ထြို့ပင် တပ်မတစ်ထောင် ဓါးမော့က အသွားနှစ်ဖက်လုံး ချွန်မြနေသည်ဖြစ်ရာ သူက ဓါးပြားကိုသာ အသုံးချပြီး တိုက်ခိုက်လျှင်ပင် ဖန်ဟိုင်အနေဖြင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ … ထို့ကြောင့် သူ၏ ဓါးမော့ကို သုံးရန် မဖြစ်နိုင်ပေ။
နေရောင်ခြည်ယန်စွမ်းအင်များကို ထုတ်မသုံးဘဲနှင့်ပင် ဖန်ဟိုင်၏ ခုခံမှုကို သူကောင်းစွာ ချိုးဖျက်နိုင်မှန်း ရီယွမ်က သိထားသည်။ သူ၏ ဓါးမော့က မြင်းတစ်ကောင်လုံးကိုပင် အလျားလိုက်နှစ်ခြမ်းခွဲနိုင်သည့် အထိရှည်လျားသည့်အပြင် ဖန်ဟိုင်ကို မထိခိုက်ရန်အတွက် သူ၏ ခွန်အားများကို ထိန်းချုပ်ထားရပေဦးမည် ။ ထို့ကြောင့် သူ၏ ဓါးမော့ကို မသုံးပဲထားတာက ပိုကောင်းပေလိမ့်မည်။
ရီယွမ်က တည်ငြိမ်စွာ ခေါင်းခါလိုက်သည်။ အရင်ဘဝက သိုင်းစာအုပ်များထဲတွင် သူဖတ်ထားခဲ့ဖူးသော စာသားများကို ပြန်အမှတ်ရသွားသည်။ သို့နှင့် ဖန်ဟိုင်ကိုကြည့်ကာ သူတစ်လုံးချင်း ပြောချလိုက်သည်။
“ ငါ့ရဲ့ ဓါးကို လွယ်လွယ်ကူကူနဲ့ ဆွဲမထုတ်နိုင်ဘူး ၊ တကယ်လို့ ငါဓါးထုတ်လိုက်ရင်လည်း ငါ့ဓါးက သွေးသောက်ရမှ ဖြစ်မယ်”
ရီယွမ် ထိုသို့ပြောလိုက်သည်နှင့် လူအများအံ့သြသင့်သွားကြကုန်သည်။
ထိုစကားက ဘာကိုဆိုလိုခြင်းလဲဆိုတာ သူတို့ကောင်းစွာ သိကြသည် ။ ဆိုလိုသည်က ဖန်ဟိုင်က ရီယွမ်၏ ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
ဒီကလေး တော်တော်ရင့်ပါလား ၊ သူ့ကို လူတွေ မျက်စိကျပြီး ကျားချောင်းချောင်းနေတယ်ဆိုတာ ဒင်းမသိနေဘူးလား…
ဖန်ဟိုင်သည်လည်း ရီယွမ်စကားကြောင့် အနည်းငယ် အံ့သြသင့်သွားပြီး သတိပြန်ဝင်လာကာ ဒေါသထွက်သွားခဲ့ရသည်။ ရီယွမ်ကို အံစာတုံး လုပ်ပစ်လိုက်ချင်သည့်အထိ ဒေါသထွက်သွားသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည် ။ အရူးတစ်ယောက်ကို ဒေါသထွက်နေလည်း အပိုပဲ … အသုံးမှ မဝင်တာ ၊၊
ဟောင်ဒုန်အဖွဲ့အစည်းမှ သိုင်းသမားများကတော့ ရီယွမ်ကို ကြည့်ပြီး တဟားဟား အော်ရယ်လိုက်ကြသည်။ သူတို့စိတ်ထဲတွင် ရီယွမ်က အရူးတစ်ယောက်သာ ဖြစ်ပြီး အကြောက်အလန့်ရှိမည့်ပုံလဲ မပေါ်ချေ။ ထို့ကြောင့်ပဲ အလွန်တည်ငြိမ်နေခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်ကြသည်။
“ တလွဲတွေ ထင်မနေနဲ့ … ငါ့ရဲ့ ဓါးမော့ကို ငါမသုံးဘူးဆိုပေမယ့် တခြားလက်နှက်တွေ ရွေးဦးမှာပေါ့ ၊ ရီယွမ်က သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဖန်ဟိုင်ကို ထိခိုက်မည်စိုး၍ သူ၏ ဓါးမော့ကို အသုံးမပြုသေးသော်လည်း လက်နှက်မရှိပဲ ယှဉ်ပြိုင်ရန်အတွက် မဖြစ်နိုင်ပေ။
လက်နှက်မဲ့တိုက်ခိုက်ခြင်းက သူ့အတွက်ဆိုးကျိုးသာ ဖြစ်လာဖို့များသည်။ သူဆက်လက်ယှဉ်ပြိုင်ရမည့် ပွဲစဉ်ကလည်း များစွာရှိသေးသည်ဖြစ်ရာ သူသာ လက်သီးကို အသုံးပြုပြီး တိုက်ခိုက်ပါက မတော်တဆ ဒဏ်ရာအနာတရ ဖြစ်သွားပါက အခြေအနေကောင်းတော့မည် မဟုတ်ပေ။
ထို့ကြောင့် လက်နှက်တစ်ခုခုကိုတော့ သူရွေးချယ်ရပေလိမ့်မည် ။ ထို့ပြင် ရီယွမ်က သူ၏ စီးမျောခြင်းပြဒါးဝတ်စုံကို ချွတ်ထားခဲ့ခြင်းကြောင့် သူ့တစ်ကိုယ်လုံး ဖက်ရွက်လေးတစ်ခုပမာ ပေါ့ပါးလျက်ရှိ၏။
ရီယွမ်က ပြိုင်ပွဲစင်မြင့်၏ အစွန်းနားသို့ ခပ်တည်တည်ဖြင့် လျှောက်သွားလိုက်သည်။
လူအများက ရီယွမ်ဘာဆက်လုပ်မလဲဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ ထိုစင်ပေါ်တွင် လက်နှက် ဆယ့်ရှစ်မျိုး ရှိသည်။
“ မင်းက ဒီစင်ပေါ်က လက်နှက်တွေကို ရွေးချင်လို့လား” အစီအစဉ်ကြေငြာသူက ရီယွမ်ကို လှမ်းမေးလိုက်သည်။
“ဟုတ်ကဲ့” ရီယွမ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး စင်ပေါ်ရှိ အမျိုးမျိုးသော ဓါး ၊ ပဲခွပ် ၊ ပုဆိန် စသော လက်နှက်များကို အကြမ်းဖျင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။
သို့သော် ထိုအရာများကို သူအသုံးပြု၍ မဖြစ်ချေ။ ရီယွမ်က တုံးသော အသွားပုံရှိသည့် လက်နှက်မျိုးကို ရွေးချယ်ချင်သည်။ သို့မှသာ အခြားသူများကို မတော်တဆ ထိခိုက်သေဆုံးခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။
“ အင်း .. ကြည့်ရတာ မဆိုးပါဘူး ၊ ဟိုဒါက ဘာလေးပါလိမ့်” ရီယွမ်က ထောင့်မှန်စတုဂံပုံ သတ္တုတုံး တစ်ခုကို စင်ပေါ်မှ ကောက်ယူလိုက်သည်။ ထိုသတ္တုတုံးက တစ်ပေခန့်ရှည်ပြီး ဗြက်က လက်တစ်ဝါးစာခန့် ကျယ်သည်။
“အိုး… အဲဒီ ပစ္စည်းကို မင်းသုံးလို့မရဘူး အဲဒါက မှော်ပစ္စည်းတစ်မျိုးပဲ … ကောင်းကင်ဆူပူခြင်းချိတ်တံဆိပ် လို့ခေါ်တယ် … ယွမ်အခြေတည်အဆင့်က သိုင်းသမားတစ်ယောက်သာ အဲဒီတံဆိပ်ထဲကိုယွမ်ချီထည့်ပြီး အသုံးပြုနိုင်တယ်”
“ပြီးတော့ အထဲမှာ မှော်အစီအရင်တစ်မျိုးကိုလည်း ထည့်ထားသေးတယ် ၊ မင်းဘယ်လိုသုံးရမှန်းမသိရင် ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်က သိပ်ပြီးအသုံးဝင်မှာ မဟုတ်ဘူး”
ရီယွမ်က မှော်အစီအရင်များကို ကျွမ်းကျင်ပိုင်နိုင်နေလိမ့်မည်ဟု မည်သူမှလည်း မထင်မှတ်ထားခဲ့ကြပေ။
“ ဟုတ်ကဲ့ … ကျွန်တော်သိပါပြီး” ၊ ရီယွမ်က အစီအစဉ်ကြေငြာကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ၏ နားထဲသို့ ထိုစကားများ တစ်လုံးမျှ မဝင်ချေ။
ဘာကောင်းကင်ဆူပင်ခြင်း ချိတ်တံဆိပ်လဲ ၊ အဲဒီလောက်ကောင်းတဲ့ နာမည်ပေးထားစရာလိုလို့လား … သူ့အစွမ်းတွေ ထုတ်မသုံးရလဲ ဘာဖြစ်လဲ … ခပ်တုံးတုံးပုံစံလေးက အုတ်တစ်ချပ်နဲ့ဆင်သားပဲ … ဟိဟိ.. ဘာယွမ်ချီတွေသုံးပြီး သတ်ရမှာလဲ … တစ်ယောက်ယောက်ခေါင်းကို ထုထည့်လိုက်ရင် ရနေပြီးပဲကို ..
ရီယွမ်က ကောင်းကင်ဆူပူခြင်းချိတ်တံဆိပ်တုံးကို လက်ထဲတွင်ချိန်ဆရင်း ကိုင်ကြည့်လိုက်သည်။ အုတ်တစ်ချပ် အရွယ်အစားမျှသာ ရှိပြီး သူ၏ လက်ဖြင့် ကောင်းစွာ ကိုင်တွယ်နိုင်လေသည်။
“ မင်း အဲဒါကို တကယ်ရွေးတော့မလို့လား” အစီအစဉ်ကြေငြာသူက ရီယွမ်တစ်ယောက် ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်တုံးကို ကိုင်ပြီး စင်မြင့်အလယ်တည့်တည့်သို့ လျှောက်သွားသည်ကို သူအကြောင်သားငေးကြည့်နေမိသည် ။ သူ့ဘက်က ဒီလောက်အထိ ပြည့်ပြည့်စုံစုံ ရှင်းပြထားသည့်တိုင် ရီယွမ်က ဘာဖြစ်လို့ အဲဒါကိုပဲ ရွေးရတာလဲ … ဒင်း ရူးနေတာလား …
“ ဟုတ်တယ် … ကျွန်တော်ဒါကိုပဲသုံးမယ် ” … ရီယွမ်က တည်ငြိမ်စွာပြောလိုက်ပြီးနောက် စင်မြင့်အလယ်တည့်တည့်သို့ လျှောက်လှမ်းသွားလေတော့သည်။