အခန်း ၂၁၂
ကမျောကသောနှင့် အခန်းထဲသို့ဝင်လာသော အစေခံမလေးက အရွယ်မရောက်သေးသော အပျိုပေါက်မလေး တစ်ယောက်သာ ဖြစ်၏ ။ သူမက ရီယွမ်ထက်ပင် အသက်ငယ်နေသေးသည် ။ သူမ၏ လျော့တိလျော့ရဲဖြစ်နေသော ဝတ်စုံကြောင့် ပြေးလွှားရာတွင် အခက်အခဲတွေ့နေရသည် ။ ထို့ကြောင့် သူမ၏ လက်သေးသေးလေးနှစ်ဖက်ဖြင့် ဂါဝန်အနားစကို မတင်ကာ ဖရိုဖရဲ ပြေးလာနေရခြင်း ဖြစ်သည် ။
လျိုဟွားအာက သူမ၏ မျက်ခုံးလှလှလေးနှစ်ဖက်ကို တွန့်ကွေးထားလိုက်မိသည် ။
“ဘာတွေအလျင်လိုနေတာလဲ .. ငါအတည်ပြောနေတာ … မိန်းကလေးဖြစ်ပြီး မိန်းကလေးပီပီသသနေပါလား … မိန်းကလေးပီသတာ ဘာကိုပြောတာလဲဆိုတာ နင်သိရဲ့လား” ….. လျှိုဟွားအာက ထိုမိန်းမငယ်လေး၏ ခေါင်းကို လက်ညှိုးဖြင့်ထိုးကာ ဆုံးမလိုက်သည် ။ သူမ၏ ဆူပူမာန်မဲမှုကြောင့် ထိုကလေးမလေး၏ မျက်နှာက အနီရောင်သမ်းသွားသည် ။
ထိုမိန်းကလေးက သူမမှားမှန်း သိပါပြီဟူသော အမူအရာဖြင့် … “ဟုတ်ကဲ့ … ဒုံအာ သိပါတယ် သခင်မ ..”
ထိုမိန်းမငယ်လေးက လျှိုဟွားအာ၏ အစေခံမလေးပင် ဖြစ်သည် ။ လျှိုဟွားအာက တိုင်အီမြို့တော်သို့ စရောက်လာခဲ့စဉ်က အစေခံမလေးတစ်ယောက်ကို ဝယ်လာခဲ့သည် ။ တော်ဝင်မိသားစုမှ ယန်ကုကဲ့သို့ လူများသည်ပင် ထိုကဲ့သို့ အစေခံတစ်ယောက်ကို တစ်ပါးတည်း မခေါ်ဆောင်နိုင်ခဲ့ပေ …
“ပြောစမ်းပါဦး … ဘာကိစ္စများဖြစ်နေလို့လဲ … ကိစ္စကြီးမဟုတ်ဘဲ ငါ့ကိုလာရှုပ်လို့ကတော့ နင့်ကို ရော မီမီကိုပါ ထမင်းတစ်နပ်မကျွေဘူး …”
မီမီဆိုသည်မှာ လျှိုဟွားအာ၏ ကြောင်ကလေး ဖြစ်သည် ။ သူမတိုင်အီနတ်ဘုရားမြို့တော်သို့ လာခဲ့စဉ်အခါက အစေခံတစ်ယောက်တင်မဟုတ် .. ကြောင်တစ်ကောင်ကိုပါ ဝယ်ယူခဲ့သေးသည် ။
“အဲ .. အာ .. အဲဒီလိုမဟုတ်ပါဘူး” .. ဒုံအာက သူမ၏ ခေါင်းကို ခလောက်ဆံကဲ့သို့ တွင်တွင်ခါယမ်းလိုက်သည် ။ သူမ၏ ဆံပင်များကို ခေါင်းထိပ်တွင် မှိုပွင့်ပုံစံ စီးထားပြီး ဆံပင်များက ဖွာလန်ကြဲလျက် ရှိကြသည် ။
“သ .. သခင်မ .. တစ်ယောက်ယောက်က စံချိန်ချိုးလိုက်ပြီတဲ့ ..”
“ စံချိန် အသစ်တင်လိုက်တာပေါ့ … ဟုတ်လား” … လျှိုဟွားအာက ခေတ္တမျှ ကြက်သေသေသွားခဲ့ရသည် ။
“နင် … ပြောတာက တစ်ယောက်ယောက်က စံချိန်အသစ်တင်လိုက်တာပေါ့ .. ဘယ်သူကလဲ ...ပြောစမ်း …”
လျှိုဟွားအာ၏ မျက်လုံးများက မယုံနိုင်ခြင်းများနှင့် ပြူးကျယ်လျက်ရှိကြသည် ။
တစ်ခုခုများ မှားနေတာလား … တိုင်အီနတ်ဘုရားမြို့တော်တွင် မည်သူမှ စံချိန်မချိုးနိုင်ခဲ့သည်မှာ နှစ်ပေါင်းထောင်ကျော်နေပြီ မဟုတ်ပါလား .. သူမက ယခုမှ တစ်ခုနှစ်ခုလေး ချိုးမလို့လုပ်တုန်း ရှိသေးသည် …တစ်ယောက်ယောက်က သူမကို ကြောသွားသည်တဲ့လား .. ဒါ .. ဘယ်လောက်အထိ တိုက်ဆိုင်လိုက်တာလဲ …
“ဟုတ် … ဟုတ် .. အဲဒီလူနာမည်က ရီယွမ်ပါ .. သူက ဆေးပင်ခူးတဲ့နေရာမှာ စံချိန်ချိုးလိုက်တာပါ .. ဒုံအာစိတ်ထင်တော့ သူအခုမှ အသက် ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ရှိဦးမယ်လို့ထင်တယ် …”
“ ရီယွမ် လား … ဟိုတစ်လောက ကံကောင်းပြီးတော့ ရှေးဦးမူလဆေးပင်ကို ခူးနိုင်ခဲ့တယ်ဆိုတဲ့ တစ်ယောက်လား” .. ရီယွမ်က ကံကောင်းထောက်မစွာဖြင့် ခရမ်းရောင်ကောင်းကင် ဂျင်စင်းကို ခူးနိုင်ခဲ့ပြီး သေဘေးမှ သီသီလေး လွတ်ခဲ့သည်ကို သူမကြားခဲ့ရသည် ။
ရီယွမ်၏ ကံကောင်းမှုကို သူမလုံးဝ မနာလိုပေ … သူမကျတော့ ဘာဖြစ်လို့ မရတာလဲ .. ခရမ်းရောင်ကောင်းကင် ဂျင်စင်းနှင့်ဆိုပါက သူမကောင်းစွာလေ့ကျင့်နိုင်လိမ့်မည် ဖြစ်သည် ။ ထိုအရာက ရှေးဦးမူလ ဆေးပင်ဖြစ်ပြီး သူမအနေနှင့် ရှေးဦးမူလဆေးပင်ကို သုံးပြီး တစ်ခါမှ ဆေးမဖော်စပ်ခဲ့ဖူးပေ ….
သို့သော် … ရက်အနည်းငယ်အတွင်းမှာပင် ရီယွမ်က ဆေးပင်ခူးသည့် စံချိန်ကို ထပ်ချိုးလိုက်ပြန်သည် ။
လျှိုဟွားအာ အတော့်ကို ပေါက်ကွဲနေလေသည် ။ ရီယွမ်၏ နောက်မှ စံချိန်ချိုးလိုက်မည်ဆိုပါက သူမကို မည်သူမှ အထင်ကြီးကြတော့မည် မဟုတ်ပေ ….
“ဒီကောင်ကငါ့ကို သက်သက်လာစနေတာ … ရှေးဦးမူလဆေးပင်ကို ခူးထားတုန်းက သူ နဂါးအကြေးခွံအများကြီးရထားတယ် .. အဲဒီဆေးပင်ရဲ့တန်ဖိုးက စံချိန်တစ်ဝက်စာလောက်တော့ ရှိမယ်”
လျှိုဟွားအာက အံကို စေ့နေအောင်ကြိတ်လိုက်ပြီး စိတ်အလိုအမကျဖြစ်နေမိသည် ။
သူမအနေဖြင့် ပထမဆုံးစံချိန် ချိုးနိုင်ရန် ပြင်ဆင်ထားသော်လည်း ရီယွမ်က သူမ၏ မျှော်လင့်ချက်များအားလုံးကို ရိုက်ချိုးသွားခဲ့သည် ။ ထို့ပြင် ကောင်းကင်သားရဲပညာ ၏ စံချိန်က ဆေးပင်ခူးသည့် စံချိန်နှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်လိမ့်မည်နည်း .
ကောင်းကင်သားရဲပညာ က အခက်ခဲဆုံး အကြီးမားဆုံး ပညာရပ်တစ်ခု ဖြစ်သလို ဆုလာဘ်များကလည်း အခြားပညာရပ်များ၏ စံချိန်ထက် သာလွန်ကောင်းမွန်နေသည်က အမှန်ပဲ ဖြစ်သည် ။ ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစံချိန်ကို ကျော်လွန်ထိုးဖြတ်နိုင်ပါက ထိုသူ၏ အမည်ကို ပညာရှင်ရိပ်မြုံတွင် မှတ်တမ်းတင်ခြင်းခံရပြီး ဆာဂီများပါ ဖြစ်လာနိုင်သည်ဟု မှတ်ယူထားကြသည် ။
ဆေးပင်ခူးသည့်စံချိန်ကတော့ တိုင်အီနတ်ဘုရားမြို့ထဲတွင် အစုတ်ဆုံး စံချိန်ဖြစ်သည် ။ ထိုကဲ့သို့သော အစုတ်ချာဆုံး ပြင်ပအသေးအမွှား အလုပ်လေးတစ်ခုက ကောင်းကင်သားရဲပညာနှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်လိမ့်မည်နည်း …
သို့သော် … သူတို့အားလုံး အတွက် စံချိန်တစ်ခုစီ ရှိကြသည် ။ ထိုအရာက လုံးဝ မတရားပေ … ဆေးပင်ခူးသည့်အလုပ်ကို စံချိန်တင်သည်ဟု ခေါ်ဆိုနိုင်သည်တဲ့လား …
တော်ပြီး မေ့လိုက်တော့ … အဲဒီလို နိမ့်ကျတဲ့အလုပ်တွေနဲ့ ငါ့ကိုယ်ငါ မနှိုင်းယှဉ်မိတာပဲကောင်းပါတယ် .. လျှိုဟွားအာက ထိုသို့တွေးကာ မိမိကိုယ်ကို ပြန်လည်ဖြေသိမ့်လိုက်သည် ။
“ဟုတ်တယ် … သခင်မ … ရီယွမ်က ဟောင်ဒုန်အဖွဲ့အစည်းနဲ့လဲ အတိုက်အခံ ဖြစ်ထားသေးတယ် .. လာမယ့် လူသစ်တန်း သိုင်းပြိုင်ပွဲကျရင် ဟောင်ဒုန်အဖွဲ့အစည်းက ရီယွမ်ကို ပစ်မှတ်ထားပြီး အသေသတ်ကြတော့မယ်” … ဒုံအာက သူမရထားသော သတင်းအချို့ကို ပြောလိုက်သည် ။
သို့သော် လျှိုဟွားအာက ဒုံအာပြောသော သတင်းကို စိတ်မဝင်စားချေ … “ဟောင်ဒုန် အဖွဲ့အစည်းလား … သုံးစားမရတဲ့ ကြွက်အုပ်တွေချည်း သီးသန့်စုထားတဲ့ အဖွဲ့ပဲ … ကြွက်အုပ်တစ်အုပ်နဲ့ ကြွက်တစ်ကောင်အချင်းချင်း ကိုက်နေကြတာ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာမှ မလိုတာ ….”
လျှိုဟွားအာက ရီယွမ် ဝင်ရောက်ယှဉ်ပြိုင်မည့် သိုင်းပြိုင်ပွဲကိစ္စကို လုံးဝ စိတ်မဝင်စားပေ .. “ သူတို့ဘာသာ ဘာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး ..”
တကယ်တမ်းတွင် လျှိုဟွားအာက ကောင်းကင်သင်ပုန်းနှင့် မြေပြင်သင်ပုန်းတွင် အဆင့်ကောင်းရသူများစာရင်းထဲတွင် မပါဝင်ပေ … သူမက လူသားသင်ပုန်းတွင်သာ ထိပ်ဆုံးအဆင့်ရထားသူ ဖြစ်သည် ။
လူတစ်ယောက်အတွက် အချိန်နှင့် အရည်အချင်းက ကန့်သတ်ချက်ရှိသည် ။ လျှိုဟွားအာက သူမ၏ အချိန်အများစုကို ကောင်းကင်သားရဲပညာနှင့် အဂ္ဂရိတ်ပညာတွင်သာ အာရုံစိုက်ကာ အသုံးချထားခဲ့သည် ။ သူမအနေဖြင့် တစ်ခါတစ်ရံမှသာ စွန့်ပစ်သားရဲများကို အမဲလိုက်ထွက်သည်ဖြစ်ရာ ကောင်းကင်သင်ပုန်းတွင် သူမ၏ အဆင့်မှာ အလွန်နိမ့်ကျသည် ။
သိုင်းပြိုင်ပွဲများတွင်တော့ လျှိုဟွားအာက လုံးဝ မပါဝင်ပေ … သူမ၏ အကြောင်းပြချက်က “ စိန်ခေါ်ခံရတာလောက် စိတ်တိုစရာကောင်းတာ မရှိဘူး …”
………………………
ရီယွမ်တစ်ယောက် ဆေးပင်ခူးသည့် စံချိန်ကို ချိုးနိုင်ခဲ့ပြီဆိုသော သတင်းက ဟောင်ဒုန်အဖွဲ့အစည်းနားသို့တိုင်အောင် ရောက်ရှိသွားခဲ့သည် ။
ထိုသတင်းကို ကြားရသောအခါ ဟောင်ဒုန်အဖွဲ့အစည်းတစ်ခုလုံး ပျော်ရွှင်နေကြသည် ။ ဆေးပင်ခူးသည့်အလုပ်က ခွန်အားပေါ်တွင် မမူတည်ပေ …. ဆေးပင်ခူးသည့်အလုပ်ကို စံချိန်ချိုးလိုက်နိုင်ခြင်းက လုံးဝ အသုံးမဝင်ပေ …. အကြီးမားဆုံး အကျိုးအမြတ်ကတော့ ရီယွမ်ပိုက်ဆံပိုရလေ … သိုင်းပြိုင်ပွဲတွင် ရီယွမ်ကို စိန်ခေါ်ပြီး နဂါးအကြေးခွံများများ သူတို့ပိုယူနိုင်လေပင် ဖြစ်သည် ။
ဆေးပင်ခူးသည့်အလုပ် စံချိန်ချိုးလိုက်ခြင်းကြောင့် ရီယွမ်က နဂါးအကြေးခွံ နှစ်သောင်းခွဲနှင့် စင်ကြယ်ခြင်း အမှတ် နှစ်မှတ် ရရှိထားသည်ကို သူတို့ကြားထားခဲ့သည် ။
ဆေးပင်များမှ ရရှိသည့် နဂါးအကြေးခွံ တစ်သောင်းပါ ထပ်ပေါင်းလိုက်မည်ဆိုပါက ရီယွမ်တွင် နဂါးအကြေးခွံ စုစုပေါင်း သုံးသောင်းခွဲခန့် ရှိလိမ့်မည်ဟု သူတို့တွက်ဆထားခဲ့ကြသည် ။
ထိုကဲ့သို့သော ကြွယ်ဝချမ်းသာမှုက လူအများကို မနာလိုဖြစ်စေသည် ။
ရလာဒ်အနေဖြင့် ဟောင်ဒုန်အဖွဲ့အစည်းမှ အဖွဲ့ဝင်သစ်များဖြစ်ကြသော ချမ်းသာသည့်အိမ်တော်များ ၊ ကလန်များမှ ဆင်းသက်လာကြသော လူငယ်များအကုန်လုံး ဘဏ်သို့အလုအယက်ပြေးကာ သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာများကို ရသည့်ဈေးဖြင့် တိုးဝှေ့ပေါင်နှံလျက်ရှိကြသည် ။ လူသစ်တန်းသိုင်းပြိုင်ပွဲတွင် ရီယွမ်နှင့် ဆန့်ကျင်ပြီး လောင်းကြေးထပ်ရန်အတွက် သူတို့ရည်ရွယ်ထားကြသည် ။
ဟောင်ဒုန်အဖွဲ့အစည်းဆိုလျှင်ဖြင့် ရီယွမ်နှင့် လောင်းကြေးထပ်ရန်အတွက် ခေါင်းဆောင်များအချင်းချင်း ထိပ်သီးဆွေးနွေးပွဲတစ်ခုပင် လုပ်လိုက်ပြီဖြစ်၏ ။ မြို့တော်သခင်လေးယောက်ကတော့ ရီယွမ်နှင့် ပထမဆုံး တိုက်ခိုက်ရမည် ဆိုခြင်းအတွက် အလွန်ပျော်ရွှင်နေမိသည် ။
“ဟဲဟဲ … ညီအစ်ကိုအားလုံး ကူညီပေးတာ ကျေးဇူးတင်ပါတယ် …. အစ်ကိုတို့ အနာဂတ်မှာ ကျွန်တော့်အကူအညီလိုမယ်ဆိုရင်လဲ ကျွန်တော်အချိန်မရွေးပါပဲ ….”
တစ်ယောက်ယောက်က အော်ပြောလိုက်သည် ။ “အစ်ကို .. အရမ်းကြီးလဲ သိပ်မလုပ်လိုက်နဲ့ဦးနော် … အစ်ကိုသာ ရီယွမ်ကို ခြေကျိုးလက်ကျိုးပြီး သုံးစားမရအောင် လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ နောက်ပွဲကျ သူ့ကိုဘယ်လို စိန်ခေါ်ရမှာလဲ …”
“ဟဲဟဲ … စိတ်မပူပါနဲ့ … ငါတို့ အားတွေကို ငါတို့ထိန်းထားမှာပါ … သူနောက်တစ်ပွဲ ထပ်ပြိုင်နိုင်အောင် ငါတို့ ချိန်ပြီးတော့ ကောင်းကောင်းသမပေးမှာပါ …”
ရီယွမ်ကို စိတ်ရောကိုယ်ပါ ရိုက်နှက်ဖို့အတွက်ဆိုပါက သူတို့လုံးဝနောင်တရလိမ့်မည် မဟုတ်ပေ …
ထိုအချိန်တွင် လီဟောင်က ထိပ်ဆုံးခုံတွင် ထိုင်နေရာမှ … “မင်းတို့လဲ ဂရုစိုက်ကြပါ … အဲဒီလို ဘာမဟုတ်တဲ့ အသေးအမွှားအလုပ်ကို ဖြောင့်အောင်လုပ်ခဲ့ကြ … ဘာမှ အတိမ်းအစောင်းမရှိစေနဲ့ ..အဲဒီကောင်က အခုတလော အနန္တနတ်ဘုရားခန်းမကို သွားတာ အကြိမ်ရေ အတော်များနေပြီးကွ .. ပြီးတော့ နဂါးကြေးခွံအများကြီးကိုလဲ သုံးထားသေးတယ် … ပေါ့လို့မဖြစ်ဘူး ….”
လီဟောင်က ရီယွမ်၏ ရန်သူတစ်ယောက် ဖြစ်လာကတည်းက ရီယွမ်၏ သတင်းများကို မျက်ချေမပြတ် လိုက်လံအကဲခတ်နေခဲ့သည် ။ အနန္တနတ်ဘုရားခန်းမကဲ့သို့နေရာများတွင် သူ၏ သူလျှိုများ အမြဲတမ်းလိုလို ရှိနေသောကြောင့် ရီယွမ်၏ သတင်းကို အမြဲမပြတ်ရနေခြင်း ဖြစ်သည် ။
“အနန္တနတ်ဘုရားခန်းမကို …. အကြိမ်ရေအများကြီး သွားထားတယ် ဟုတ်လား …. အဲဒီကလေးကလား …” မြို့တော်သခင်လေးယောက် ရုတ်ချည်းအံ့သြသင့်သွားကြသည် ။ သူတို့အားလုံးကိုယ်စီ ဒေါသထွက်သွားကြသည် ။
“အနန္တနတ်ဘုရားခန်းမ ရှေးဦးမူလသားရဲစွမ်းအင်တွေကို အသုံးချပြီး လူတစ်ယောက်ရဲ့ ချီနဲ့ သွေး တွေကို ဖိနှိပ်ပေးတဲ့နေရာဖြစ်သလို တစ်ခါတစ်ခါသွားရင်လဲ နဂါးအကြေးခွံတွေ အများကြီးပေးရတယ် … အဲဒီကို မကြာခဏသွားနေတာ ပိုက်ဆံဖြုန်းတာနဲ့ အတူတူပဲ ၊ ငါသူ့ကို မုန်းလိုက်တာ .. ငါတို့ကျတော့ နဂါးအကြေးခွံလေး နည်းနည်းရဖို့ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်နေရတယ် …”
“ဟုတ်တယ် … အနန္တနတ်ဘုရားခန်းမထဲ ကျွန်တော်တို့ တစ်စက္ကန့်လေးတောင် ဝင်နေမနိုင်ဘူး ….ဓါးနန်းတော်ထဲကိုလည်း မဝင်နိုင်ဘူး ၊ ပြသာဒ် တစ်သောင်းမှော်အစီအရင်ထဲကိုလည်း ငါတို့မဝင်နိုင်သေးဘူး … ကံလေးနည်းနည်းကောင်းတာနဲ့ ဟိုသောက်ကလေးက ဖင်ခေါင်းလာကျယ်ချင်နေတယ် ၊ သက်သက်ဖြုန်းတီးနေတာပဲ .. အမှန်ဆို အဲဒီနဂါးအကြေးခွံတွေကို ငါတို့ရသင့်တာ ..”
မြို့တော်သခင်လေး လေးယောက် ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ ဟောင်ဒုန်အဖွဲ့အစည်းမှ တစ်ယောက်က “တိုင်အီနတ်ဘုရားမြို့တော်က ခွန်အားကြီးတဲ့လူတွေသာ စိုးစံတဲ့နေရာပဲ .. ကံလေးနည်းနည်းကောင်းတာက ခွန်အားအစစ်အမှန်နဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး … မင်းတို့ပြောတာမှန်တယ် .. အဲဒီ အရင်းအမြစ်တွေအကုန်လုံး ငါတို့ရသင့်တယ် .. ရလာတဲ့အခွင့်အရေးကို ငါတို့လက်မလွှတ်ဖို့ပဲလိုတယ် …”
သို့သော် .. လီဟောင်က “အနန္တနတ်ဘုရားခန်းမထဲ သူအကြိမ်ပေါင်းများစွာ သွားထားတဲ့အပြင် ဆေးပင်ပြန်အပ်တုန်းက သူရထားတဲ့ နဂါးအကြေးခွံတွေကို တိုင်အီဝိညာဉ်ကျင့်စဉ်နဲ့ လဲထားတယ်လို့လဲ ငါသတင်းရထားတယ် …”
“ တိုင်အီဝိညာဉ်ကျင့်စဉ်တဲ့လား ….”
လီဟောင်၏ စကားက သူတို့အဆောင်တစ်ခုလုံးထဲတွင် မုန်တိုင်းငယ် တစ်ခု တိုက်ခတ်သွားသလို ဖရိုဖရဲ ဖြစ်သွားစေသည်။ မြို့တော်သခင်လေးယောက်၏ ကိုယ်တွင်းမှသွေးများ ငယ်ထိပ်တိုင်အောင် တဒိန်းဒိန်း တက်ခုန်နေကြသည် ။ သူတို့အားလုံး မခံချိမခံသာ ခံစားနေရသည် ။
ရှိသမျှအကောင်းတွေအကုန်လုံး ဝက်ပဲ စားရတာလား …
ရီယွမ်လို အဆုံးမဲ့ကန္တာရကြီးထဲက အမှိုက်စုတ်တစ်ကောင်က တိုင်အီဝိညာဉ်ကျင့်စဉ်ကို ရအောင်ယူနိုင်သည်တဲ့လား … သူအဲဒါကို ဘယ်လို မှန်မှန်ကန်ကန် လေ့ကျင့်နိုင်မတဲ့တုန်း ..
“ တိုင်အီဝိညာဉ်ကျင့်စဉ်တဲ့လား … ဟာသပဲ .. ပါရမီရှင်ငါးယောက်ပဲ အဲဒီကျင့်စဉ်ကိုလေ့ကျင့်နိုင်ပြီး နေရောင်ခြည်ယန်စွမ်းအင်ကို ရထားတာလေ .. အဲဒါတောင် သူတို့အားလုံး ထိပ်တန်းပါရမီရှင်တွေ … သာမန် ပါရမီရှင်တွေတောင် အဲဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ အခွင့်အရေးသိပ်မရှိဘူး … ငါ့သွေးတွေ ဆူပွက်နေပြီးနော် … တိုင်အီမြို့တော်အကြီးအကဲက အဲဒီလိုကောင်ကို ဘာဖြစ်လို့ ကျင့်စဉ်ပေးလိုက်ရတာလဲ … အဲဒီကောင်နဲ့ တန်ကိုမတန်တာ …”
မြို့တော်သခင်လေးယောက်၏ မနာလိုစိတ်များက ငယ်ထိပ်သို့တက်ဆောင့်နေကြသည် ။ သူတို့သည်လည်းပဲ ထိုကျင့်စဉ်ကို လေ့ကျင့်ချင်ကြသည် ။
သူတို့အားလုံး ထိုကျင့်စဉ်ကိုလေ့ကျင့်ရန် အခွင့်အရေးလေးအနည်းငယ်သာ ရှိခဲ့ပါစေဦး … ကံလေးဘာလေး အနည်းငယ်ကောင်းပြီး ထိုကျင့်စဉ်ကိုသာ လေ့ကျင့်နိုင်ခဲ့ပါက သူတို့၏ ဘဝက ရုတ်ချည်းတိုးတက်မြင့်မားသွားပေလိမ့်မည် ။
“တောက်စ် … ငါသာ တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်နိုင်လို့ကတော့ ဇောင်ရှင်းလန်… အဲဒီခွေးမ ငါ့ခုတင်ပေါ်ကို လေးဘက်ထောက်တက်လာမှာပဲ … လခွမ်း… လဖွတ်ပဲကွာ …တောက်စ်”
မြို့တော်သခင်လေးယောက်ကတော့ လက်ကုန်ပေါက်ကွဲနေကြသည် ။ သူတို့အားလုံး ဇောင်ရှင်းလန်၏ ငြင်းပယ်မှုကို ခံခဲ့ရပြီး စိတ်ထဲ ငြိုးထားကြသည် ။ ဇောင်ရှင်းလန်၏ အဝတ်အစားများကို တစ်စစီ စုတ်ဖြဲပြီး သူမ၏ ဝတ်လစ်စလစ်ခန္ဓာကိုယ်လေးကို ကြည့်ရန်အတွက် သူတို့မစောင့်နိုင်ကြတော့ပေ ..
သူတို့အားလုံး တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ချင်ကြသော်လည်း ပေးချေရမည့် အဖိုးအခက အလွန်များပြားသောကြောင့် သူတို့အနေနှင့် မည်သို့မျှ မတတ်နိုင်ပေ … သူတို့အားလုံး ကြိုးစားဖို့ အခွင့်အရေးတစ်ခုမှ မရှိသည့်အချိန်တွင် ရီယွမ်က အလဟသ ဖြုန်းတီးပစ်နေသည် ။ သူတို့မည်ကဲ့သို့ ခံစားနေရမည်ဆိုခြင်းကို ပြောပြနေစရာပင်မလိုပေ …
“ ရီယွမ် ခွေးစုတ် .. ဒင်းက တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ချင်နေတာလား .. မြွေကိုမျိုချင်နေတဲ့ ဖားတစ်ကောင်ပဲ … ဟွန့် ..”
“ ဟုတ်တယ် … ဟုတ်တယ် …”
မြို့တော်သခင်လေးယောက်ထဲတွင် အကြီးဆုံးဖြစ်သည့် ဝတုတ်လေးက သူ၏ ပေါင်ကို ဗြန်းခနဲပုတ်ပြီး ထောက်ခံလိုက်သည် ။ တစ်စုံတစ်ခုကို တွေးမိပြီး သူအလွန်အမင်း စိတ်လှုပ်ရှားသွားသည် ။ သူ၏ ပါးစပ်မှ ထွက်လာမည့် စကားလုံးများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်ကြသည် ။
“ကဲ … မင်းတို့ …တို့ စဉ်းစားကြည့်စမ်း … ရီယွမ်နဲ့ပြိုင်ရင် တိုင်အီဝိညာဉ်ကျင့်စဉ်ကို လောင်းကြေးထပ်ဖို့ ဖြစ်နိုင်လားလို့ …”
ဝတုတ်လေး၏ စကားအဆုံးတွင် အားလုံးလိုလို တိခနဲ တိတ်ကျသွားကြသည် ။
“ တိုင်အီဝိညာဉ်ကျင့်စဉ်ကို လောင်းကြေးထပ်မယ် ဟုတ်လား” … ထိုစကားက လူအားလုံးကို အံ့သြသင့်သွားစေသည်။ တစ်ယောက်ပြီးတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည် ။
တကယ်လို့ အဲဒီအတိုင်းသာ ဖြစ်နိုင်မယ်ဆိုရင် …..