တံခါးဖွင့်ဖွင့်ချင်း ပြတင်းပေါက်ဘေးမှီရပ်နေသူ အငယ်လေးကို တွေ့လိုက်ရသောကြောင့် ကိုယ်ရုံးခန်းထဲကိုယ် ဝင်လာသော ကျွန်တော်ကပင် အနည်းငယ်တွန့်သွားခဲ့ရပါသည်။
"ဘာရပ်လုပ်နေတာလဲ....."
ကျွန်တော့်အသံက အတိုးကြီးမဟုတ်ပေမယ့် ဘယ်ဆီအာရုံလွင့်နေမှန်း မသိသော အငယ်လေးကတော့မကြားဘဲ ငြိမ်ရပ်နေဆဲ....။ အပြင်ဘက်သို့ငေးကြည့်နေတဲ့ သူ့ပုံစံက အနည်းငယ် ဆွေးမြည့်နေသယောင်....။
အနားသို့အရောက် ပခုံးပုတ်မိကာမှ သတိဝင်လာသောအဖြစ်ကို ကျွန်တော်မသိချင်ယောင်ဆောင် ရှောင်လွှဲနိုင်၍မရ...။ ချက်ချင်းပင် မေးခွန်းထုတ် လိုက်ပါသည်။
"ကဲ...ပြောပါဦး...ငါမရှိတဲ့အချိန် ဘာတွေဖြစ်သွားလဲ..."
"မဖြေချင်ဘူးကွာ...."
ပြတင်းပေါက်အပြင်ကိုသာငေးရင်း ပြန်ဖြေသောအငယ်လေးစကားက ကျွန်တော့ကို ဘဝင်မကျစေသော်လည်း ဆက်မမေးမိတော့ပါ...။ ကိုယ့်စားပွဲမှာသာ ကိုယ်ဝင်ထိုင်ရင်း လုပ်စရာအလုပ်တွေ အပြီးသတ်နေခိုက်...တခြားနေရာသို့ ဆက်ရွေ့သွားပြန်သော အငယ်လေး....။ ဒီတစ်ခါတော့ သူ့ဦးတည်ရာသည် ဧည့်သည်ထိုင်ရန် နေရာချထားသော ဆိုဖာခုံဆီမှာ....။
ခန္ဓာကိုယ်ကိုဖြေလျှော့ထိုင်ကာ မျက်နှာကျက်ကို ခေါင်းမော့ကြည့်နေသည့် သူ့ပုံစံက ကြည့်နေရင်း တော်တော်အဆင်မပြေလာသည်မို့ လုပ်လက်စအလုပ်ကို ရပ်ပြီး အနားသွားထိုင်လိုက်သည်။
"မင်းပုံစံကိုကြည့်ရတာ..စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ
အငယ်လေးရာ...ရင်ဖွင့်စရာလူ မရှိတာလည်း မဟုတ်ဘဲနဲ့...ဘာဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြရင်
မင်းစိတ်ထဲ နည်းနည်းပေါ့သွားတာပေါ့..."
အငယ်လေးဆီမှ သက်ပြင်းဖွဖွချသံကိုကြားလိုက်ရပြီးနောက် ဆိုလာသောစကားကို ကျွန်တော်ပြန်မတုံ့ပြန်နိုင်ခဲ့....။
အဘယ်ကြောင့်ဆိုသော် ဘယ်လိုစကားမျိုးကမှ သူ့ကိုမနှစ်သိမ့်နိုင်ဘူးဆိုတာ သိသွားလို့ပါ....။
သူပြောခဲ့သည်က.....
"အဲ့တာအပိုတွေပါ အစ်ကိုရာ...ငါ့ရင်ထဲပေါ့သွားဖို့ဆိုတာ ငါ့ကိုစိတ်ထိခိုက်အောင်လုပ်တဲ့ ကာယကံရှင်ကိုယ်တိုင် ကူညီပေးမှရမှာ...ငါကိုယ်တိုင်တောင် ကြိုးစားမရတဲ့ကိစ္စကို မင်းလိုဘေးလူက ဘာလုပ်ပေးနိုင်မှာလဲ...."
ကျွန်တော်တောင်မှ သက်ပြင်းဖွဖွချမိသည်။ ဆက်လည်းမမေးရဲ....။ မမေးရဲဆိုတာထက် သူ့ပုံစံကိုကြည့်ပြီး မမေးရက်တော့သဖြင့် သက်ပြင်းတချချနှင့် ငြိမ်နေခဲ့ရပါသည်။ သို့ပေမဲ့ သူပြောချင်တဲ့အခါ အဆင်သင့်နားထောင်နိုင်အောင် အသင့်စောင့်နေလိုက်သည်။
ခဏပင် မကြာပါ....။ အငယ်လေးက စကားတစ်ခွန်းထပ်ပြောပြန်ပါသည်။
"ငါဖတ်ဖူးတဲ့စာအုပ်ထဲမှာ...နာမည်ကိုပါ တိတိကျကျပြောရရင် သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်...
ဝတ္ထုထဲမှာပေါ့....
ချစ်နိုင်သူနဲ့ ချစ်သူအကြောင်းကို ခိုင်ကမောင့်ကို ပြောခဲ့တယ်....အချစ်ကိုလက်ခံခြင်းက သက်သက်...အချစ်ကိုတုံ့ပြန်ခြင်းကသက်သက် ဆိုပြီးလည်း ပြောခဲ့တယ်....
ခိုင်ပြောခဲ့တာကို ငါအပြည့်အဝ သဘောမပေါက်ခဲ့ဘူးကွာ..
ဘာလို့လဲဆို အဲ့ဒီ့အချိန်တုန်းက လူတစ်ယောက်ကို တမြတ်တနိုးချစ်ဖို့ဆိုတာ ငါ့စိတ်ကူးထဲတောင် မတွေးမိသေးလို့ အဲ့စကားတွေကို စာသားအနေနဲ့ပဲ ခံစားလို့ရခဲ့တာ....
ဒီစာအုပ်ကိုဖတ်ဖူးတာကြာပါပြီ....အခုကျမှ ငါ့အတွေးထဲလာပေါ်နေတဲ့ ချစ်နိုင်သူနဲ့ချစ်သူအကြောင်းကို မင်းမလာခင်ကတည်းက စဉ်းစားနေတာ....
ဝမ်းနည်းဖို့တော့ကောင်းတယ် အစ်ကို....
ငါက နန္ဒသွေးအတွက် ချစ်သူလည်းမဟုတ်သလို ချစ်နိုင်သူလည်း မဟုတ်ဘူး....
ငါ့အချစ်တွေကို သူတုံ့ပြန်ဖို့နေနေသာသာ...
လက်တောင်မခံဘူးတဲ့ အစ်ကိုရာ...ဟက်...."
ကျွန်တော်ကြားခဲ့ရတာ ရယ်သံပါ...။ တကယ်တမ်းမြင်လိုက်ရတာတော့ အငယ်လေးရဲ့ မျက်လုံးထောင့်ကနေ စီးကျလာတဲ့ မျက်ရည်စီးကြောင်း....။
ကျွန်တော်စိုးရိမ်သလို ဖြစ်လာခဲ့ပါပြီ....။
ခွေးကလေးကိုမတွေ့ရတော့လို့ အငယ်လေးငိုတုန်းက အဖြစ်အပျက်ကို ပြန်မြင်လာပြန်သည်။ အခြေအနေက အတူတူပါပဲ....။ အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်ဘက်က ဘာမှပြန်မလုပ်ပေးနိုင်လို့ ရောငိုရုံသာတတ်နိုင်ခဲ့ပြီး အခုလည်း ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ပါသည်။
စိတ်ထဲမှာတော့ တော်တော်လေးကိုမကောင်း...။ နန္ဒသွေးကိစ္စနဲ့ပတ်သတ်ပြီး အစတုန်းက အငယ်လေးအရူးထ နေတာလို့ပဲ ထင်ခဲ့မိတာ...။ ဒါပေမယ့် အခုတော့ သေချာသိလိုက်ရပါသည်။ နန္ဒသွေးကို ပိုင်ဆိုင်နိုင်မှ အငယ်လေးတစ်ယောက် ပြုံးနိုင်တော့မယ် ဆိုတဲ့အကြောင်းကို....။
>>>>>>>>>>>>>>>>>>>>>>>>>
နန္ဒသွေးတစ်ယောက် ကားပါကင်တွင် ရပ်စောင့်နေခဲ့သည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်သည်။ နေဝေသော်ကားရပ်နေကျ နေရာလေးမှာ မတ်တပ်ရပ်စောင့်ရတာ ညောင်းလို့ ငုတ်တုတ်ထိုင်စောင့်နေသည့် နန္ဒသွေးသည် လက်ထဲကဖုန်းကိုလည်း တကြည့်ကြည့်....။
ခါတိုင်းဆို ကုမ္ပဏီမရောက်မချင်း ကြားရတတ်တဲ့ဖုန်းသံက ယခုမူတော့တိတ်ဆိတ်၍....။ လူ့အလို နတ်မလိုက်နိုင်ဘူး ဆိုတဲ့စကားက သွေးထွက်အောင်မှန်သည်။ အရင်တုန်းက နားညည်းလွန်းလို့ မကြားချင်ခဲ့တဲ့ဖုန်းသံကို လိုလိုလားလားပင် မျှော်နေမိတဲ့အဖြစ်တွေကြောင့်
သက်ပြင်းက တချချ....။
ဖုန်းလည်းစမခေါ်ချင်ပါ....။ တကယ်ဆို အားနာမိသည့်စိတ်ကြောင့် သူနဲ့မျက်နှာချင်းဆိုင်ဖို့တောင် ခက်နေပေမယ့် တောင်းပန်ချင်တယ်....။ ကျွန်တော့စကားတွေ လွန်သွားသလို ဖြစ်ခဲ့တာနဲ့ပတ်သတ်ပြီးပေါ့....။
ကိုးနာရီကနေ....ဆယ်နာရီခွဲ....အထိ စောင့်နေခဲ့သော်လည်း ပေါ်မလာခဲ့သည့်သူကြောင့် အိမ်ပြန်ရန်သာ ခြေလှမ်းပြင်လိုက်သည်။ သို့သော် အကြမ်းပတမ်းမောင်းဝင်လာတဲ့ ကားအနက်ရောင်လေးကို မြင်ပြီးနောက်မှာတော့ ကျွန်တော့ခြေလှမ်းတွေက အလိုအလျောက် ရပ်တန့်ခဲ့သည်။
ကားခေါင်းခန်းက လူပုဂ္ဂိုလ်ကို ငေးကြည့်မိစဉ်မှာပဲ ထွက်ပေါ်လာသော ဟွန်းသံကျယ်ကြောင့် အလျင်အမြန်နောက်ဆုတ်မိစဉ် ခြေခေါက်လဲရသည့်အဖြစ်....။
အာ...သူ့ရှေ့မှာမှ..ဘယ်လိုများဖြစ်ရတာလဲ....။
ခြေကျင်းဝတ်နာနေသည်ကိုတောင် သည်းခံ၍ အလျင်အမြန်ကုန်းရုန်းထလိုက်သည့်တခဏ ကျွန်တော့အနားရောက်လာခါနီး ခြေလှမ်းတစ်စုံ ရပ်တန့်သွားပါသည်။
သူ့အပေါ် မမှီခိုချင်တော့လို့ ထလိုက်တာပါ...။ sunကလည်း ဒါကိုသိပုံရပါသည်။ ခပ်ကျဉ်းကျဉ်းမျက်ဝန်းနဲ့ ခြေလှမ်းတို့က ကျွန်တော့ကိုလျစ်လျူရှုပြီး ကားထဲပြန်ဝင်သွားခဲ့သည်။
ထို့နောက် ကားပါကင်ကို ခပ်ကြမ်းကြမ်းထိုးလိုက်သူ....။ အုတ်ဘောင်နှင့် တိုက်မိခါနီးအချိန် တုံ့ကနဲရပ်သွားသည့် ကားလေးကြောင့် ကျွန်တော့ ရင်တုန်မှုတွေ နှစ်ဆတိုးရသည်။
Sunရေ တမင်များ လုပ်နေသလား.....။
"ငါက မင်းမလာတော့ဘူး မှတ်နေတာ...."
ကားထဲကထွက်လာလာချင်း ပြောလိုက်တဲ့စကား...။ ကျွန်တော့မျက်နှာကိုပဲ မကြည့်ချင်လို့လား...၊ တကယ်ပင် အာရုံဝင်စားနေသည်လားတော့မသိ လက်ထဲကဖုန်းကို မျက်နှာမလွှဲဘဲ ကြည့်နေတော့တာ....။
"လာရမှာပေါ့....အလုပ်ကအလုပ်ပဲလေ...."
"အော်......."
အော်.....တဲ့....။ ဘာလဲ.....။ ကျွန်တော့အဖြေထဲမှာ အမှားပါသွားပြန်ပြီလား....။ ဒီအဖြေဟာ ကျွန်တော့ကို ရွဲ့နေတယ်လို့ပဲ ခံစားနေရတာ ဘာဖြစ်လို့လဲတော့မသိဘူး...။
စဉ်းစားနေတုန်းမှာပဲ ကျွန်တော့ဘေးက ဖြတ်ကျော်သွားသူ...။ ဘာမှလည်းပြောမသွားတာမို့ သူ့ကျောပြင်ကို ကြောင်တောင်တောင် ငေးကြည့်နေစဉ်မှာပဲ အနောက်ပြန်လှည့်လာသည်ကို တွေ့လိုက်ရသည်။
"မလိုက်ခဲ့ဘူးလား......"
"လိုက်ခဲ့ရမှာလား......."
မေးခွန်းကို မေးခွန်းနှင့်ပြန်ဖြေသူသည် တကယ်ကိုအမြင်ကတ်ဖို့ ကောင်းနေသော်လည်း ကျွန်တော့အတွက်တော့ လုံးဝအပြစ်မမြင်နိုင်သူ...။ ဒီနေ့မနက်ထိ စိတ်အခြေအနေလုံးဝမကောင်းသော်လည်း ကားပါကင်မှာရပ်နေသူကို မြင်လိုက်ရသည်နှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသူ ကျွန်တော်....။ တကယ်ကိုပင် သူနဲ့ပတ်သတ်ပြီး လုံးဝဆေးမမှီတော့ဘူး ထင်ပါသည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
ဖယ်ရီမောင်းတုန်းကဆို ကျွန်တော့အလုပ်က ဒရိုင်ဘာမို့လို့ ကားနားမှာသာ နေရတာပါ....။ အခုကျမှ နေဝေသော့်ရုံးခန်းထဲ သူအလုပ်လုပ်နေတာကို ကြောင်တောင်တောင်နဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်...။
တကယ်တော့ နန္ဒသွေးကသာ နေဝေသော်တစ်ယောက် အလုပ်ကြိုးစားနေသည်ဟု ထင်နေခြင်းဖြစ်သည်။ နေဝေသော်ကတော့ laptopတစ်လုံးရှေ့ချပြီး ဟိုနှိပ်၊ဒီနှိပ်...။ တစ်ချက်တစ်ချက်လည်း နန္ဒသွေးကို ခိုးကြည့်လိုက်သေးသည်....။
မျက်လုံးချင်းသွားဆုံတဲ့အခါကျရင် သူ မဟုတ်သလို ဖာသိဖာသာနေတာမျိုးလည်း နေဝေသော်က ကျွမ်းပါရဲ့...။
ဒီလိုနေရင်း ခဏကြာတော့ နန္ဒသွေးက စကားစပြောလာသည်။
"Sun မင်းငါ့ကို စိတ်ဆိုးနေတာလား...."
စိတ်ဆိုးနေတယ်ဆို ပြန်ချော့မှာလား ကူးလေး....။
စိတ်ကူးထဲကအတွေးမှာ မျှော်လင့်ချက်တွေ ပါနေပါတယ်...။
မိန်းကလေးဆန်တယ်လို့ သတ်မှတ်ချင်သတ်မှတ်ပါ ။ ကျွန်တော်ကတော့ စိတ်ဆိုးတယ်လို့ပြန်ဖြေပြီးရင် သူပြန်ချော့တာကို ခံကိုခံချင်ပါတယ်....။
ဒါပေမယ့် မဖြစ်နိုင်မှန်းသိနေသောအခါ ခေါင်းသာခါလိုက်ရသည်။
"မဆိုးပါဘူး....မင်းဘက်ကလည်း မှန်နေတာပဲ...
စိတ်မဆိုးရဲပါဘူးကွာ...."
တကယ်လည်း ကျွန်တော်သူ့ကို စိတ်မဆိုး....။ စိတ်မကောင်းမိတာလေးတစ်ခုပါပဲ...။ သေချာအတိအကျပြောရရင်တော့ ကျွန်တော့နှလုံးသားရဲ့ ရှင်သန်မှုက သူ့စကားတွေကြောင့်...ယဲ့ယဲ့လေးပဲ ကျန်တော့ပါတယ်...။
"ငါမင်းကို တောင်းပန်ပါတယ်...."
"ဘာအတွက်လဲ....."
"မနေ့က ပြောခဲ့တာတွေအတွက်...."
"ဒါဆိုရင်ပြောပါဦး...မင်းကိုယ်မင်း မှားတယ်လို့ထင်တယ်ပေါ့..."
"အေး....ငါနည်းနည်းတော့ လွန်သွားတယ်ထင်တယ်....."
"လွန်သွားတယ်လို့ထင်ရင် ယောက်ျားတစ်ယောက်ကို ချစ်နိုင်တဲ့နှလုံးသား မရှိဘူးလို့ ပြောခဲ့တာကို ပြန်ရုပ်သိမ်းပေးမလား...."
ပြန်ဖြေစကားသံထွက်မလာတော့ ကိုယ့်ကိုယ်ကိုယ်သာ ဟားတိုက်ရယ်မိရပြန်ပါသည်။ သူပြောလည်းပြောချင်စရာ...။
ကျွန်တော်ကိုက နည်းနည်းလေးလိုက်လျောတာနဲ့ များများလောက် ပြန်တောင်းဆိုလိုက်ရမှလေ....။
"တော်ပါပြီ....ဒီကိစ္စထားလိုက်ပါတော့..."
ထားလိုက်ပါတော့ဆိုတာနဲ့ ဘာမှဆက်မပြောသော ကူးလေးကို အားမလို၊အားမရဖြစ်မိသော်လည်း အေးတိအေးစက်နိုင်တဲ့ သူ့အကြောင်းကို သိနေသည့် ကျွန်တော်ကပင် ဖြစ်ခဲ့သမျှကိစ္စတွေကို မေ့ပစ်လိုက်ပါသည်။
ကျွန်တော်က ဒီလိုလည်း အမှတ်မရှိသူတစ်ယောက် ဖြစ်နေပြန်ပါသည်။
.
.
.
.
.
.
.
.
.
.
အဲ့ဒီ့နေ့ကတော့ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် အတိတ်ဆိတ်ဆုံးနေ့ဖြစ်သည်ဟု ပြောရမည်...။ ဝမ်းသာရမည်လား....၊ ဝမ်းနည်းရမည်လား မသိတာက ရည်မွန်နဲ့ဆုံတဲ့အချိန်တိုင်း ကူးလေးတစ်ယောက် ကျွန်တော့မျက်နှာကို ပြန်ကြည့်ကြည့်နေတာ....။
တစ်ခါတလေများဆို ကျွန်တော်တို့နဲ့ သူမနီးကပ်လာချိန်တွေမှာ ခြေလှမ်းတွေကို မြန်ပစ်လိုက်တာ....။ သူ့ဘာသာရှောင်နေပြီးတော့မှ မျက်နှာမကောင်းဖြစ်နေ ပြန်တော့လည်း..... အရိပ်တကြည့်ကြည့်နဲ့ ကျွန်တော်သာ စိတ်မကောင်းဖြစ်ရပြန်တာပေါ့....။
ကျွန်တော်နဲ့ကူးလေးသာ အခြေအနေမတိုးတက်ရင်ရှိမယ်....။ အစ်ကိုကတော့ နေ့စဉ်နေ့တိုင်း ပြုံးလို့ရွှင်လို့....။သူနဲ့ရည်မွန်ရဲ့
အခြေအနေဟာ ဘယ်လိုတိုးတက်လာကြောင်း...
တစ်နေ့တစ်နေ့ ကြွားလုံးထုတ်လို့မဆုံး.....။
ဒီနေ့ကတော့ ရည်မွန့်ဆီက အဖြေပြန်ရမယ့်နေ့ပါတဲ့....။
နှစ်လပြည့်ခါနီးအချိန်လေးမှာ ငါ့အစ်ကိုသွက်လှချည်လားလို့ မချီးကျူးချင်....။ မိန်းကလေးဘက်က ပါချင်ချင်ဖြစ်နေတာကို
"ငါတို့နှစ်ယောက်က တွေ့တာမှမကြာသေးဘူး....
အခွင့်အရေးယူလို့ ကောင်းပါ့မလား...."...ဘာညာနဲ့ လူကြီးလူကောင်းဆန်နေတော့ ကျွန်တော့မှာထုချင်တဲ့စိတ် ခဏခဏဖြစ်ပါသည်။ ကျွန်တော်မှ ဖိအားမပေးရင် တစ်နှစ်ကြာတာတောင် သူရည်မွန့်ကို ဖွင့်ပြောဖြစ်မှာမဟုတ်...။
"Ring.... Ring......Ring..... "
အသက်ရှည်ပါဦးမယ်.....။ သူ့အကြောင်းတွေးလို့မှ မဆုံးသေး...ဖုန်းဆက်လာသဖြင့် ညလေအေးကို တစ်ဝရှူရှိုက်ပြီးမှ ဖုန်းကိုင်လိုက်ပါသည်။
ဝမ်းသာစရာစကားလေး ကြားရပါစေ.....။
ဆုတောင်းပြည့်သွားတာလားမသိ.....။ ဖုန်းကိုင်ကိုင်ချင်း....
"အငယ်လေး....မှန်းကြည့်စမ်း....
ငါရည်မွန့်ဆီက ဘယ်လိုအဖြေရခဲ့လဲဆိုတာ...."
"ဒီလိုရွှင်မြူးနေတဲ့ လေသံနဲ့...ငါ့ဦးနှောက်ကို လွယ်တဲ့အလုပ်တွေလာမခိုင်းနဲ့...သိသာနေတာ...
အသံကိုက..... "
ဖုန်းထဲကကြားလိုက်ရတဲ့ ရယ်သံ....။ ကံကောင်းသူကြီးကို အမြင်ကတ်လိုက်တာ....။ ယောက်ျားနဲ့မိန်းမချစ်ခြင်းမို့ လွယ်ကူတာလား...။ယောက်ျားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကရော ဘာလို့ခက်ခဲနေရတာလဲ...။ တကယ်တော့ ကျွန်တော့ဘက်ကသာ တစ်ဖက်သတ် ဖြစ်နေတာမို့ ပိုခက်ခဲနေတာ ဖြစ်မှာပါ.....။
"မင်းလည်း အဆင်ပြေမှာပါ.... အငယ်လေးရာ...."
ဒီလိုနှစ်သိမ့်စကားမပြောပေးလည်း အဆင်ပြေပါတယ်အစ်ကို....။ ဒီဇာတ်လမ်းကို စတင်ပြီဆိုကတည်းက အကောင်းရော၊ အဆိုးရော ကြိုတွေးပြီးသားမို့လို့ပါ....။
အစ်ကို့ကိုတော့ အေးပါကွာ....ဟုသာ ပြန်ဖြေမိခဲ့သည်။
အစ်ကို့ဆီက ဖုန်းကျသွားပြီးတော့ ကူးလေးဆီ ဖုန်းဆက်ချင်စိတ်တွေ ပေါ်လာသည်။ ဆယ့်တစ်နာရီဆိုသော အချိန်က ကယ်သွား၍သာ...ဖုန်းမျက်နှာပြင်ကို လက်နှင့်မထိမိ....။
ဝရန်တာမှာရပ်မနေချင်တော့လို့ အထဲပြန်ဝင်လာပြီး ကုတင်ပေါ်လှဲချလိုက်သော်လည်း အိပ်ချင်စိတ်ကမရှိသေး....။ တစ်ယောက်တည်း တောင်တွေးမြောက်တွေး တွေးနေစဉ် ထူးထူးဆန်းဆန်းပေါ်လာသော သီချင်းစာသား တစ်ကြောင်းကြောင့် ကျွန်တော့ဖုန်းထဲက music playerအလုပ်ရှုပ်သွားသည်။
သီချင်းတစ်ပုဒ်တည်းကိုပဲ repeatလုပ်ပြီးနောက် မျက်လုံးတွေကို မှိတ်လိုက်သည်။ ထွက်ပေါ်လာတဲ့ စန္တရားတီးလုံးသံ နောက်မှာ ချိုသာကြည်လင်တဲ့ အသံလေး ပေါ်ထွက်လာပြီး ကြားလိုက်ရတဲ့ သီချင်းစာသားက ကျွန်တော့ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာသည်။
ထူးဆန်းတဲ့အချစ်ကို မတွေ့ကြုံခဲ့ပါဘူး.....
ရူးမိုက်တဲ့စိတ်တွေနဲ့တောင် တစ်ခါမှမစဉ်းစားမိပါ....
တစ်ကြိမ်သာရရှိတဲ့..... အို....တိုက်ဆိုင်မှုပါပဲ....
ငါ့ဘဝရဲ့ အပြောင်းအလဲတစ်ခုကွယ်.....
ယုံရခက်တယ်....ပြောတဲ့မင်းကို.....
ငါစွဲလမ်းစိတ်များနဲ့....အို...မေ့လို့မရတော့ဘူး....
ငါ့ရင်ထဲမှာရူး....ဟူး.....
ယုံပါ....ငါမြတ်နိုးမိတာ တကယ်ပါ.....
ဒီလိုစကားလေးဟာ ရိုးရိုးလေးပါပဲ...နင်ယုံကြည်တယ်ဆို ပြန်ချစ်လိုက်ပါ....
မင်းပြန်ချစ်မယ်ဆို ဒီကမ္ဘာမှာ အပျော်ဆုံးလူသားဟာ ငါဖြစ်မှာပေါ့...ကူးလေးရယ်.....
ခပ်တိုးတိုးရေရွတ်သံလေးနဲ့အတူ....သီချင်းသံ အေးအေးလေးနဲ့အတူ နေဝေသော်ရဲ့မျက်ခွံတွေ တဖြည်းဖြည်းမှိတ်ကျခဲ့ပါသည်....။
>>>>>>>>>>>>>>>>>>>>>>>>>>
"ဟာ....ကားထဲမှာ ငါ့ဖုန်းကျန်ခဲ့ပြီ...."
အလန့်တကြားရေရွတ်ရင်း အခန်းပြင်သို့ ခြေလှမ်းတော့မည့် နေဝေသော်ကို နန္ဒသွေးက တားလိုက်ပါသည်။
"နေ....နေ.....ငါသွားယူပေးမယ်....."
Sunရဲ့ဖုန်းကို ပြန်သွားအယူ....ဓာတ်လှေကား စောင့်နေရတာကို စိတ်မရှည်သောကြောင့် အရေးပေါ်လှေကားပေါ်က အဆင်းမှာမှ လူနှစ်ယောက်နှင့် တည့်တည့်သွားတိုးသည်။
တည်တံ့သစ္စာနဲ့ရည်မွန်.....။ နှစ်ယောက်သားမှာ မြင်လိုက်ရရုံနှင့် ချစ်သူစုံတွဲတွေဆိုတာ သိနိုင်သည့် အနေအထားနှင့်....။ လက်ချင်းတွဲလျှက် မတ်တပ်ရပ်စကားပြောနေသည်ကို မြင်လိုက်ရသည့်တခဏ
အကွယ်တွင် ပြေးပုန်းမိသည်။
သူတို့နှစ်ယောက် ဘာတွေလဲ.....။
မျက်စိရှေ့ကလူနှစ်ယောက်ရဲ့ ပတ်သတ်မှုက မေးခွန်းထုတ်စရာမလိုလောက်အောင် မြင်သာနေပြီ ။ သို့သော်လည်း ယုံကြည်ရန်ခဲယဉ်းနေသူ ကျွန်တော်....။
လုပ်ရက်လိုက်လေခြင်း ရည်မွန်ရယ်လို့ အပြစ်တင်ရအောင်လည်း သူနဲ့ကျွန်တော့ရဲ့ ပတ်သတ်မှုက ဘာမှဟုတ်မနေတော့ နေရာကပင် ရှောင်ထွက်လာခဲ့သည်။
နာနာကျင်ကျင်ခံစားချက်ကြောင့် အသက်ရှူရန်ပင် ခဲယဉ်းနေသည့်အဖြစ်.....။ မျှော်မှန်းထားပြီးခဲ့သော ကိစ္စတွေကို တကယ်မြင်လိုက်ရတော့လည်း ခံနိုင်ရည်မရှိခဲ့ဘူး....။
Sunရဲ့ဖုန်းဆီတော့ ရအောင်သွားနိုင်ခဲ့ပါသည်။သို့သော်လည်း အပေါ်ပြန်မတက်နိုင်ဘဲ ကားထဲမှာသာ ငိုင်ထိုင်နေခဲ့ခြင်းက ကျွန်တော့အတွက် အတွေးနယ်ချဲ့ခြင်းကို အထောက်အပံ့ပေးပြီး တစ်စုံတစ်ယောက်ကိုတော့ စိတ်ပူသွားစေသည်။
"ဖုန်းဘာလို့ မကိုင်တာလဲ....ကူးလေး....."
နေဝေသော်တစ်ယောက် ဘယ်အချိန်က ကားထဲဝင်ထိုင်လိုက်မှန်း နန္ဒသွေးမသိ....။ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းရဲ့တုန်ခါမှုကိုတောင် သူမသိခဲ့ဘဲ နေဝေသော်ပြောလိုက်သည့် အချိန်ကျမှ နေဝေသော့်မျက်နှာကို တွေတွေလေး ငေးကြည့်မိသည်။
ထို့နောက်
"မင်းရောသိနေခဲ့လား......"
အစ်ကို့ဆီက "နန္ဒသွေးကို မြင်လိုက်တယ်...."ဆိုတဲ့ စကားကြားပြီး၍ ကျွန်တော် သူ့မေးခွန်းကို နားမလည်ဖြစ်စရာ အကြောင်းမရှိ....။
ဝမ်းနည်းရိပ်တွေဖြတ်ပြေးနေတဲ့ မျက်လုံးအစုံကတော့ ကျွန်တော့ရင်ဘတ်ကို အောင့်စေတယ်....။
ငါမင်းအပေါ် မတရားလုပ်မိပြီလား ကူးလေးရယ်....။
စိတ်တွင်းရေရွတ်သံနှင့်အတူ တဆက်တည်း ခေါင်းကခါမိ....။သိနေတယ်လို့ ပြန်ဖြေရမှာကို ဘာလို့ကြောက်နေခဲ့တာလဲ....။
အစ်ကိုနဲ့ရည်မွန်သာ ချစ်သူတွေဖြစ်သွားခဲ့ရင် ကျွန်တော့အတွက် အခွင့်အရေးပိုရှိလာမယ်လို့ တွေးမိပြီး ပေါ်နေခဲ့တဲ့အပျော်က ညှို့မှိုင်းနေတဲ့သူ့မျက်နှာကို အတွေ့မှာ
လုံးဝကို ပျောက်ရှခဲ့ပါတယ်....။
ဘာလို့များ ငါကမင်းထက် ပိုနာကျင်နေရတာလဲ......။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
AN/
အိပ်နေကြပြီလားမသိ.....။ ကတိအတိုင်းsundayတင်ပေးချင်လို့ အချိန်မပြည့်မချင်း ခပ်မြန်မြန်ရေးပေမဲ့ နောက်တနေ့ကူးသွားတယ်😂
နေဝေသော်နားထောင်တဲ့သီချင်းကို သိကြမလားတော့မသိ။ media မှာကvideoထည့်မရလို့....။ ဇော်ပိုင်ဆိုထားတာ မင်းယုံပါ...တဲ့....။ ဟန်မီကတော့ အဲ့သီချင်းလေးအရမ်းကြိုက်တယ်....။
Good night❤
Love you all😘
Han_Me
(1.7.2019)