စာချုပ်စာတမ်းကိစ္စ အဆုံးသတ်ပြီး၍ နေဝေသော်တို့နှစ်ယောက် ရုံးခန်းထဲမှ ပြန်ထွက်မည်လုပ်တော့ တည်တံ့သစ္စာက နေဝေသော်ကို ခဏနေခိုင်းထားသဖြင့် နန္ဒသွေးတစ်ယောက်တည်းသာ အောက်ပြန်ဆင်းလာခဲ့ရသည်။
"မင်းဘာတွေပွားဦးမလို့လဲ..."
နေဝေသော်က တည်တံ့သစ္စာကိုစချင်၍ နောက်ပြောင်ပြောလိုက်သော်လည်း တည်တံ့သစ္စာ၏ မျက်နှာထက်တွင် လေးနက်မှုဟန်ပန်တွေကို တွေ့နေရသည်ကြောင့် အနေမတတ်ဖြစ်ကာ အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေမိသည်။
ထိုအချိန်တွင် တည်တံ့သစ္စာက
"အငယ်လေး...ငါမင်းကိုသေချာပြောမယ်...
ငါ့ကိုပြန်မနောက်ဘဲ... ကောင်းကောင်းနားထောင်..." ဟု ပြောလိုက်သောကြောင့် နေဝေသော်တစ်ယောက် လမ်းလျှောက်နေရာမှရပ်ကာ တည်တံ့သစ္စာအနားတွင် သွားထိုင်လိုက်သည်။
"ငါအခုမင်းကို ကူညီပေးနေတယ်ဆိုတာက အားပေးအားမြှောက်လုပ်နေတာ မဟုတ်ဘူးလို့ သိစေချင်တယ်...
ဟိုကောင်လေးကိစ္စနဲ့ပတ်သတ်ပြီး လေးလေးကို ပြန်မတိုင်ဘူးဆိုတာကလည်း မင်းမှာ မင်းရည်ရွယ်ထားသလို လုပ်ပိုင်ခွင့်ရှိလို့...
ဒါပေမဲ့ မိဘဆိုတာမျိုးက သားသမီးကို သဘာဝနဲ့သွေဖည်တာမျိုးမဖြစ်စေချင်တာ မင်းသိထားရမယ်...
အဲ့တာကြောင့် တစ်ယောက်တည်းထင်ရာ လျှောက်မလုပ်စေချင်ဘူး...တစ်ခုခုဆို ငါ့ကိုတိုင်ပင်...
ပြီးတော့ မင်းကိုယ်မင်း ဂေးဆိုတာ သေချာနေပြီဆိုပေမဲ့ တစ်ဖက်ကကောင်လေးမှာလည်း သူ့ကိုယ်ပိုင်စိတ်ခံယူချက်ရှိတယ်...
အတင်းဖိအားမပေးမိစေနဲ့...
ဒီတစ်နှစ်အတွင်းမှာ သူ့စိတ်တွေမင်းဆီ
ယိမ်းမလာခဲ့ရင် လက်လျှော့နိုင်ဖို့အတွက် စိတ်ကိုသေချာပြင်ဆင်ထား...သူစိမ်းတစ်ယောက်အပေါ်
သံယောဇဉ်သိပ်မထားတာ အကောင်းဆုံးပဲ...
ငါပြောတာနားလည်လား...အငယ်လေး..."
"ကျွန်တော်နားလည်ပါတယ် အစ်ကိုရာ...."
နေဝေသော်တစ်ယောက် ခေါင်းကိုခပ်လေးလေးပင် ညိတ်လိုက်မိပါသည်။ တည်တံ့သစ္စာ၏ပြောစကားတွေကို ကြားပြီး စိတ်ထဲတွင်လေးသွားမိသော်လည်း ဘာကြောင့်ရယ်ဟု သေသေချာချာမသိခဲ့ပေ။
အခန်းထဲကပြန်ထွက်တော့ ရှုပ်ထွေးပွေလီနေသော ပတ်ဝန်းကျင်မှာ ရှင်းလင်းတိတ်ဆိတ်သွားခဲ့သလို။ ဓာတ်လှေကားကနေ ပြန်ဆင်းလာတော့လည်း တစ်ယောက်တည်း စဉ်းစားမိခဲ့သေးသည်။
နန္ဒသွေး၏စိတ်ကို သိမ်းပိုက်နိုင်ခဲ့ရင်ရော မိဘတွေနှင့်ဘယ်လိုရင်ဆိုင်မလဲ...။
မသိမ်းပိုက်နိုင်ခဲ့ရင်ရော ငါအဆင်ပြေနိုင်မှာလား...။
စသဖြင့်...။
ဒီလိုအတွေးတွေ ဝင်လာမိသည်နှင့်
အစောပိုင်းအချိန်ကအထိ ကြည်လင်နေခဲ့သော နေဝေသော်၏စိတ်အာရုံမှာ ချက်ချင်းဆိုသလိုပင် နောက်ကျိသွားခဲ့ရပါသည်။
.
.
.
.
.
.
.
.
.
.
.
သို့သော်ငြား စိတ်ညစ်စရာဆိုလျှင် ခေါင်းထဲကြာကြာမထားတတ်သည့် နေဝေသော်မှာ companyရှေ့တွင် ရပ်နေသူ နန္ဒသွေးကို မြင်သည်နှင့် ချက်ချင်းရွှင်မြူးသွားကာ နန္ဒသွေးအနားသို့ အပြေးသွားပြီး လည်ပင်းကို သိုင်းဖက်လိုက်ပါသည်။
နန္ဒသွေးက နေဝေသော်၏လက်ကို ပြန်ုပုတ်ချသော်လည်း နေဝေသော်က ကျောက်ဆောင်ကြီးကဲ့သို့ပင် မတုန်မလှုပ်နှင့် တင်းခံထားသည်မို့ လက်လျှော့လိုက်ရပေမဲ့ နှုတ်ဖြင့် ထိုးစစ်ဆင်သည်။
"ပူတယ်...လက်ဖယ်ပေး..."
နေဝေသော်က မကြားဟန်ပြု၍ နန္ဒသွေး၏လည်ပင်းကို သိုင်းဖက်လျှက်ပင် ကားပါကင်ဆီသို့ ခေါ်လာသည်။ ထို့နောက် ဘောင်းဘီခါးတွင်ချိတ်ထားသော သော့ကိုဖြုတ်ကာ နန္ဒသွေးလက်ထဲသို့ ထည့်ပေးပြီးမှ လည်ပင်းသိုင်းဖက်ထားသည်ကို လွှတ်ပေးလိုက်သည်။
"မင်းလက်ထဲ သော့အပ်လိုက်ပြီဆိုတာ ငါ့အသက်ကို မင်းပိုင်သွားပြီဆိုတဲ့ သဘောပဲ...
အဲ့တော့ သေချာဂရုစိုက်ပေးရင် ကောင်းမယ်...
ငါ့ကားလေးကိုရော...ငါ့ကိုရော..."
နေဝေသော်၏စကားက နန္ဒသွေးကို မျက်နှာရှုံ့မဲ့ကာ နဖူးကြောတွေကို တင်းသွားစေပါသည်။ နေဝေသော်ကတော့ ထုံးစံအတိုင်းပင် မျက်နှာကခပ်ပြုံးပြုံး...။ နှုတ်မဆင်ခြင်တတ်သည့် နေဝေသော့်အကြောင်းကို စတွေ့ချိန်ကတည်းက သေချာသိသွားပြီး ဖြစ်တာမို့ အထူးတလည် ခွန်းတုံ့ပြန်ခြင်းမပြုတော့ဘဲ ငြိမ်နေလိုက်တော့သည်။
တံခါးသော့ဖွင့်ကာ ကားပေါ်စထိုင်လိုက်သည်နှင့် သက်တောင့်သက်သာရှိလှသော ကားအတွင်းပိုင်းရှိ ပစ္စည်းတွေကို နန္ဒသွေးတစ်ယောက် လွန်စွာမှနှစ်သက် သဘောကျမိသော်လည်း ပြင်းရှသောမွေးရနံ့ကတော့ သူ့ကိုခေါင်းခဲစေသည်။
"ငါက အမွှေးနံ့ပြင်းပြင်းကြိုက်လို့...
ဒီအနံ့ကို မင်းမကြိုက်ရင် အနံ့သင်းတာနဲ့ လဲချင်လဲလို့ရတယ်...အဆင်မပြေတာရှိရင်
ငါ့ကိုပြော...အားနာစရာမလိုဘူး..."
မသိမသာ နှာခေါင်းရှုတ်မိသည်ကို နေဝေသော်ကရိပ်မိနေသဖြင့် အံ့သြသွားရသော်လည်း အမှန်တကယ် အံ့သြမိသည်က နန္ဒသွေးလို ဒရိုင်ဘာတစ်ယောက်ကို ဦးစားပေးဆက်ဆံနေသည့် နေဝေသော်၏ အပြုအမူကိုပင်ဖြစ်သည်။
အခုလည်း အနောက်ခန်းမှာ စမတ်ကျကျထိုင်နေသင့်ပေမဲ့ ရှေ့ခန်းမှာပင် လာထိုင်နေသောကြောင့် နန္ဒသွေးကပြောမိသည်။
"မင်းအနောက်မှာထိုင်ရင် ပိုကောင်းမယ်ထင်တယ်...
ငါသေချာဂရုတစိုက်မောင်းမှာပါ...ကားတစ်ခုခုဖြစ်မှာကို စိတ်ပူလို့ဆိုရင်...."
နန္ဒသွေးစကားမဆုံးခင် နေဝေသော့်ထံမှ ကြားဖြတ်ပြောသော စကားသံထွက်လာသည်။
"အာ...ကြိုးကလည်းညှပ်နေတယ်...
နန္ဒသွေး...ငါ့ကို ကူညီပေးဦး..."
ကြည့်လိုက်တော့ ခန္ဓာကိုယ်ကို တခြမ်းစောင်း၍ ကားမှခါးပတ်ကြိုးကို ဆွဲထုတ်နေသော နေဝေသော်ကြောင့် ကိုယ်ပေါ်တွင် ပတ်ထားပြီးသားကြိုးကို ဖြုတ်လိုက်ကာ နေဝေသော်ဘက်သို့ ကိုယ်ကိုကိုင်းလိုက်သည်နှင့် ရယ်သံသဲ့သဲ့ကို ကြားလိုက်ရပါသည်။
နေဝေသော့်လက်ထဲ၌ ပါလာသောကြိုးကိုတွေ့ရတော့မှ နန္ဒသွေးတစ်ယောက် အရူးလုပ်ခံလိုက်ရမှန်းသိတော့သည်။ နောက်ပြောင်ခံလိုက်ရမှန်း သိသိချင်းပင် နေဝေသော့် အနားကနေ အလျင်အမြန် အနောက်ဆုတ်လိုက်သည်နှင့်
ကားအမိုးနှင့် နန္ဒသွေးခေါင်းမိတ်ဆက်သံက ကျယ်လောင်စွာ။
နန္ဒသွေးသည် ခေါင်းနာသွားသည်ကို ဒေါသမထွက်ဘဲ လက်ညှိုးထိုး၍ရယ်နေသော နေဝေသော်ကိုသာ ဒေါသထွက်မိတော့သည်။
"ပိုက်ဆံအခက်အခဲကြောင့်မို့လို့ပေါ့...
မဟုတ်ရင် မင်းဆီမှာ သေတာတောင်
အလုပ်မလုပ်ဘူး..."
စိတ်ထဲမှရေရွတ်မိလိုက်သော်လည်း ဒေါသထွက်သွားသည်ကတော့ နန္ဒသွေးမျက်နှာထက်တွင် အထင်းသားပေါ်နေသည်မို့ နေဝေသော်က
"ငါက အစအနောက်သန်သလို...
အရယ်လည်းသန်တယ် နန္ဒသွေးရ...
မင်းအတော်သည်းခံမှဖြစ်မှာ...
ဒါပေမဲ့ အဲ့ဒီ့အကျင့်တွေက
လူတိုင်းရှေ့မှာ မရှိဘူးဆိုတာ
တစ်ခုတော့သိထားပေး..."
ဤစကားကြားပြီး နန္ဒသွေးစိတ်ထဲတွင် နေဝေသော်နှင့်ပတ်သတ်ပြီး မရှင်းမလင်းဖြစ်သွားခဲ့သည်။ သို့သော် ဆက်မတွေးခဲ့မိ။ ကားစက်နှိုးကာ အဆင်သင့်လုပ်ပြီးသည်နှင့် နေဝေသော်သွားချင်သော နေရာကိုမေးကာ ကားစထွက်လိုက်ပါသည်။
နန္ဒသွေးက အာရုံသေချာစိုက်ပြီး ရှေ့ကိုသာမျက်နှာမူ၍ ကားမောင်းနေသော်လည်း နေဝေသော်ကတော့ ညာလက်ကိုပြတင်းဘောင်ပေါ်တွင်ထောက်ကာ နန္ဒသွေးအား ခေါင်းစောင်း၍ ငေးကြည့်နေသည်။
ထိုစဉ် နန္ဒသွေး၏ ညာလက်ဖမိုးပေါ်က မှဲ့နက်လေးကို တွေ့မိသည်နှင့် စိတ်မထိန်းနိုင်ဖြစ်ကာ လက်ညှိုးနှင့် ထိကြည့်မိတော့ ကားရှေ့ကိုသာ မျက်နှာမူနေသော နန္ဒသွေးမှာ နေဝေသော်ကို ခေါင်းစောင်း၍ ကြည့်လာပါသည်။
"ဘာဖြစ်လို့လဲ....."
နန္ဒသွေးက မေးတော့ နေဝေသော်က သဘောတကျနှင့်ပြန်ဖြေသည်။
"မင်းလက်ဖမိုးပေါ်က မှဲ့ကလေးလေ...
ချစ်ဖို့ကောင်းနေလို့..."
"အော်......."
နန္ဒသွေး၏ တုံ့ပြန်မှုကဤမျှသာဖြစ်၍ နေဝေသော်က မကျေနပ်။ တစ်လျှောက်လုံး နန္ဒသွေးကိုသာ ကြည့်နေခဲ့သည်ကိုလည်း နန္ဒသွေးက မသိချင်ယောင်ဆောင်နေသဖြင့် စိတ်ထဲတွင် မရိုးမယွဖြစ်လာပြီး စကားစမိခဲ့သော်လည်း စကားအဆက်မခံသည့် နန္ဒသွေးကြောင့် လက်ပိုက်ကာပင် ရှေ့တည့်တည့်သို့ မျက်နှာပြန်မူလိုက်သည်။
သို့သော် စိတ်ထဲ၌ခံစားရတာရှိလျှင် မြိုသိပ်မထားတတ်ဘဲ ပွင့်ပွင့်လင်းလင်းပြောတတ်သည့် နေဝေသော်မှာ သူ၏စိတ်ခံစားချက်ကို နန္ဒသွေးသိအောင် ဖွင့်ပြောတော့မည်ဟု ထိုအချိန်ခဏလေးအတွင်းတွင် ဆုံးဖြတ်ခဲ့ပါသည်။
"နန္ဒသွေး ငါမင်းကိုကြိုက်တယ်...."
ရုတ်တရက်ကြီးပြောချလိုက်သော စကားကို နန္ဒသွေးကြားလိုက်ရသောအခါ နေဝေသော်ကို အံ့သြတကြီးကြည့်မိပြီး မီးပွိုင့်ရောက်၍ ရှေ့ကားက ရပ်လိုက်သည်ကိုတောင် သတိမမူမိဘဲ လက်မတင်လေးအချိန်ကျမှ ဘရိတ်နင်းလိုက်သောအခါ ကားကဆောင့်ရပ်သွား၍ နေဝေသော်ထံမှ ရင်ဖွင့်စကားသံ ကြားလိုက်ရသည်ထက်ပင် ပိုရင်တုန်သွားခဲ့သည်။
နေဝေသော်က ရှေ့ကားဖင်နှင့်နည်းနည်းလေးသာ ခြားတော့သော မိမိတို့ကားဦးခေါင်းကို ကြည့်ပြီး ရင်ဘတ်ကို လက်နှင့်ဖိသည်။
"မင်းကိုစိတ်ခိုင်မယ်ထင်လို့ နေရာမရွေးဘဲ
ပြောလိုက်တာ..တော်သေးတာပေါ့..နန္ဒသွေးရာ...
တိုက်မိတော့မလို့...နည်းနည်းလေးလိုတယ်...
ငါမင်းကိုကြိုက်တယ်လို့ ပြောလိုက်တာ
အဲ့လောက်တောင် စိတ်လှုပ်ရှားသွားတာလား..."
နေဝေသော်က နန္ဒသွေးကို မအူမလည်မျက်နှာလေးနှင့်ကြည့်ကာ မေးနေသည်မို့ နန္ဒသွေးက
"နေဝေသော်...ငါက ယောက်ျားလေးနော်...
ဆံပင်ရှည်တယ်ဆိုပြီး မိန်းကလေးနဲ့အထင်မှားမနေနဲ့...
ငါ့ကိုကြိုက်တယ်ပြောရအောင် ငါကမင်းသားလည်း မဟုတ်ဘူး...နောက်တယ်ဆိုလည်း ကြည့်နောက်...
ငါသည်းမခံနိုင်တော့ရင်....."
နန္ဒသွေးထံမှ ရှေ့ဆက်ပြောသံမကြားရသောအခါ နေဝေသော်က မျက်နှာတည်နှင့်မေးလိုက်ပါသည်။
"သည်းမခံနိုင်တော့ရင် မင်းကဘာလုပ်မှာလဲ..."
ထိုစဉ်မီးပွိုင့်မှာစိမ်းသွားပြီမို့ နန္ဒသွေးထံမှပြန်ဖြေသံမကြားခဲ့ရ။ နန္ဒသွေးကတော့ မသိချင်ယောင်ဆောင်နေပေမဲ့ နေဝေသော်မှာ ဒီအတိုင်းကျော်မသွားလိုက်ချင်တာကြောင့်
မျက်မှောင်ကြုတ်၍ ရှေ့တည့်တည့်ကိုသာ ကြည့်နေသော နန္ဒသွေးဆီသို့ အနည်းငယ်ပိုတိုးကပ်၍ အသံကျယ်နှင့်ပြောလိုက်ပါသည်။
"ငါမင်းကို ကြိုက်တယ်လို့ပြောလိုက်တာကို...
နောက်တယ်ထင်နေတာလား...
ဒီလိုကိစ္စနဲ့ပတ်သတ်လာရင် ငါဘယ်တုန်းကမှ မနောက်တတ်ဘူးနန္ဒသွေး...
မင်းနဲ့စတွေ့တုန်းက ဟိုကောင်မလေးသုံးယောက်ကို ငါပြောခဲ့တဲ့စကား မင်းကြားမှာပါ...သူတို့ကိုပြောခဲ့သလို ငါကတကယ်ဂေးပဲ...
ဂေးဆိုတာ ဘာလဲ...မင်းသိအောင် ရှင်းပြဦးမယ်...
ငါမိန်းကလေးတွေကိုကြိုက်လို့မရဘူး...မင်းသာ မိန်းကလေးဆိုရင် ငါမင်းရဲ့အငြိုငြင်ကိုခံပြီး ဒီလောက်ထိ လိုက်ကပ်နေမှာမဟုတ်ဘူး...
ငါနေနေတဲ့ ဒီနိုင်ငံမှာ ငါကြိုက်တဲ့ယောက်ျားဆိုလို့ မင်းတစ်ယောက်တည်းရှိတယ်...
မင်းကိုကြိုက်တယ်...ဒါပေမဲ့ ချစ်တယ်လို့ပြောရလောက်တဲ့ထိတော့ ငါ့ခံစားချက်တွေ မသေချာသေးဘူး..."
နန္ဒသွေးသည် နေဝေသော်ကိုတစ်ချက်လေးမှ စောင်းငဲ့မကြည့်ခဲ့သည့်တိုင်အောင် နေဝေသော်ကတော့ စတီယာရင်ကိုကိုင်ထားသော နန္ဒသွေး၏လက် တဖြည်းဖြည်းတင်းကြပ်လာသည်ကိုကြည့်လိုက် နန္ဒသွေးမျက်နှာကိုကြည့်လိုက်နှင့် ဆက်ပြောနေပါသည်။
"မင်းက မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုရင်တောင် ဒီတစ်နှစ်အတွင်း ငါ့ဘက်က မင်းကိုလက်လျှော့ဖို့စိတ်ကူး လုံးဝမရှိဘူး...နန္ဒသွေး...
ငါ့ခံစားချက်ကို သေချာအောင်လုပ်ပြီး
မင်းစိတ်ကိုလည်း ရအောင်ကြိုးစားဦးမှာ..."
နေဝေသော်စကားဆုံးသွားသည်နှင့် မောင်းနေသောကားမှာ ရုတ်တရက်ထိုးရပ်သွားပါသည်။ နေဝေသော်မှာ နန္ဒသွေးဒေါသထွက်၍ သူ့ကိုတစ်ခုခုလုပ်ရန် ကားရပ်လိုက်လေသည်လားဟု ထင်မိကာ ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်သော်လည်း အမှန်တကယ်ကတော့ သူတို့ဦးတည်ရာနေရာသို့ ရောက်သွား၍ ကားရပ်လိုက်ခြင်းဖြစ်သည်။
Junction Cityနားက ကားပါကင်တစ်နေရာတွင် နေဝေသော်၏ Honda Fitအနက်ရောင်လေးမှာ ငြိမ်သက်နေသလို နန္ဒသွေးနှင့်နေဝေသော်တို့နှစ်ယောက်လုံး ငြိမ်သက်နေကြသည်။
ခဏကြာတော့မှ နန္ဒသွေးက စကားဟလာသည်။
"မင်းပြောလို့ပြီးပြီဆို ငါပြောမယ်..."
နေဝေသော်က ခေါင်းကိုခပ်ဆတ်ဆတ်လေး ညိတ်လိုက်သည်။ နန္ဒသွေးမှာ ရှေ့တည့်တည့်ကိုသာ မျက်နှာမူနေ၍ ကြောက်စရာကောင်းလောက်အောင် နဖူးကြောတွေတင်းနေသည်အထိ မျက်နှာတည်ထားပါသည်။
နန္ဒသွေးက သက်ပြင်းရှိုက်ထုတ်ပြီးနောက် ဆက်ပြောသည်။
"ငါအခုဒေါသထွက်နေတာ မင်းကိုစိတ်ရှိလက်ရှိ ထိုးပစ်ချင်အောင်ပဲ...
ငါကိုယ်တိုင်တောင် မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ်လို့ပြောဖို့ခဲယဉ်းနေတဲ့ အနေအထားမျိုးမှာ...
မင်းကငါ့ကိုကြိုက်တယ်... ဟုတ်လား....
ငါ့စိတ်ကိုလည်း ရအောင်ကြိုးစားမယ်ပေါ့...ဟက်..."
နန္ဒသွေးက ခနဲ့သလိုရယ်မောလိုက်ချိန်တွင် နေဝေသော့်မျက်နှာ သာမန်ထက်ပိုတည်သွားပါသည်။ သူ့စိတ်ထဲတွင် အလှောင်ခံရသလိုခံစားချက်မျိုးလည်း ဝင်လာခဲ့သည်။
"မင်းငါ့အကြောင်း ဘယ်လောက်များများသိလို့
ဒီစကားပြောရတာလဲ နေဝေသော်..."
ဤစကားတစ်ခွန်းအဆုံးတွင် နန္ဒသွေးက နေဝေသော်ဘက်သို့ လှည့်လာသည်မို့ အကြည့်ဆုံမိသောအခါ နန္ဒသွေးမျက်ဝန်းထဲက ထူးဆန်းသည့်အရိပ်အယောင်သည် နေဝေသော်အား ပြောစရာစကားတို့ ပျောက်ကွယ်စေပါသည်။
"ငါမေးနေတယ်လေ....မင်းငါ့အကြောင်း ဘယ်လောက်သိလို့လဲလို့...."
ဒီတစ်ခါတွင်တော့ နန္ဒသွေးက နေဝေသော်၏ကော်လံစကို တင်းကျပ်စွာဆုပ်ကိုင်၍ မေးလိုက်ခြင်းဖြစ်ပါသည်။ နန္ဒသွေးအသံက အနည်းငယ်တုန်နေသောကြောင့် နေဝေသော့်စိတ်ထဲတွင် ပို၍ပင် ထူးဆန်းလာခဲ့သည်။
ထိုအချိန်တွင် နေဝေသော့်စိတ်ထဲ တွေးမိခဲ့သည်က
ငါမသိသေးတဲ့သူ့အကြောင်း...အဲ့တာကဘာမို့လို့လဲ...
ငါသိကိုသိရမှာဖြစ်မှာလား... ဟုပင်။
ထို့နောက် နေဝေသော်က တည်ငြိမ်သောအသံနှင့် နန္ဒသွေးမျက်နှာကို သေချာကြည့်ပြီး လေးလေးနက်နက်ပြောလိုက်ပါသည်။
"မင်းသိစေချင်တာကို ငါ့ကိုပြောပြမှပေါ့...
ငါကတော့...ငါမြင်နေရတဲ့မင်းကိုပဲ..."
နန္ဒသွေးမျက်နှာညှိုးသွားသည်ကို နေဝေသော်တွေ့လိုက်ရသဖြင့် စကားဆက်မပြောမိပေ။
ကော်လံထက်မှ တဖြည်းဖြည်း ပြေလျော့လာသော လက်တစ်စုံသည် အစောပိုင်းက အင်အားအပြည့်ရှိနေခဲ့သော လက်တစ်စုံမဟုတ်တော့သလို။
ခေါင်းကိုဘေးဘက်စောင်းကာ ခနဲ့သလိုရယ်သွားပြီးတော့ နန္ဒသွေးတစ်ယောက် ကားထဲမှထွက်လိုက်ပါသည်။ အပြင်ကိုရောက်တော့ ရင်ဘတ်ထဲက ကြောက်စရာကောင်းလောက်အောင်ပင်
မောဟိုက်လာသည်မို့ လေကိုပြင်းပြင်းရှူရင်း ရင်ဘတ်ကိုထုနေခဲ့မိပါသည်။
နေဝေသော်၏စကားကို အဖြေမပေးနိုင်ခဲ့ဘဲ ကိုယ့်အကြောင်းကိုယ် ပြောပြရမှာကိုပင် ရှက်ရွံ့မိသည့်စိတ်များ နန္ဒသွေးထံ၌ ခိုကပ်နေခဲ့သည်။
နန္ဒသွေးသည် နေဝေသော်၏ခံစားချက်များကို
မိမိကိုယ်ထဲ၌ရှိနေသော ရောဂါကိုဖော်ပြ၍ လွင့်စင်သွားအောင် လုပ်ပစ်ချင်ခဲ့သော်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမည့် အဖြစ်မျိုးရောက်မှာကိုတော့ ကြောက်နေမိသည်။ အထူးသဖြင့် မိမိကိုယ်ထဲကသွေးတွေကို ဖောက်ထုတ်ပစ်ချင်သည့်စိတ်၊ မိမိ၏ဖြစ်တည်မှုကို သိပ်ငယ်မိသည့်စိတ်များ နောက်ထပ်
ဝင်မလာချင်တော့ပေ။
ချစ်ရမှာကို နန္ဒသွေးကြောက်မိသလို၊
အချစ်ခံရမှာကိုလည်း ကြောက်နေခဲ့မိပါသည်။
>>>>>>>>>>>>>>>>>>>>>>>>>
TBC........
ဒီအပိုင်းနည်းနည်းတိုသွားတယ်...
နောက်တပိုင်းကျရင်တော့ ရှည်ရှည်လေးရေးပေးမယ်နော်❤
Love you all😘
Han_Me
(15.5.2019)