အဖြေလွှာကိုတောင်ပြန်မစစ်နိုင်ဘဲ အပြေးအလွှား အခန်းထဲမှထွက်ကာ ကျောင်းသားရေးရာဆီ အပြေးလာခဲ့သော်လည်း သူကမရှိ။ စာရေးမ တွေကိုမေးကြည့်တော့ လာယူသွားပြီဟုပြောသည်။
အဲ့ဒီတော့ မြူနှင်း တစ်ယောက် သူ့အဆောင်ကိုလိုက်သွားသည်။ အဆောင်ရှေ့တွင်ရပ်နေရင်း
သူ့ဖုန်းကိုခေါ်သော်လည်း မကိုင်။ သူတို့အဆောင်ထဲက အန်တီကြီးတစ်ယောက်ကိုမေးကြည့်တော့လည်း သူမရှိဟုဆိုသည်။ သူဘယ်တွေသွားနေပါလိမ့်။ သူလာတဲ့အထိ အဆောင်ရှေ့မှာစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။
ယောက်ျားလေးဆောင်ဖြစ်၍ အဆောင်ပြန်လာသော ယောက်ျားလေးများက ကြည့်ကြည့်သွားကြသော်လည်း ဂရုမစိုက်မိတော့။ မြူနှင်း အတွက် ဘုန်းဝေကို တွေ့ရရေးက အရေးကြီးနေသည်။
ဒုတိယထပ်ပြတင်းပေါက်မှတဆင့် အဆောင်ရှေ့တွင်ရပ်နေသော ဂျပုမလေးကိုကြည့်နေသော
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်။
ငါ့ကိုဘာလို့လာရှာတာလဲကွာ။
ငါသွားမှာကို သိသွားလို့လား။
နင့်ကိုတွေ့လိုက်ရင် ငါမသွားနိုင်ပဲ ဖြစ်သွားလိမ့်မယ်။
နေ့လယ် ၁နာရီထိုးပြီဖြစ်၍ နေက ခြစ်ခြစ်တောက်ပူနေသည်။ ထိုကောင်မလေးကတော့ အဆောင်ရှေ့မှာရပ်နေဆဲ။
"အဲ့လောက်ပူနေတာကို ရူးနေလားမသိဘူး"ဟု မကျေမနပ်ရေရွတ်လိုက်ရင်း ကျောပိုးအိတ်ထဲမှ မီးခိုးရောင် ထီးကိုထုတ်လိုက်သည်။
"သမီး သမီး"
မြူနှင်း လှည့်ကြည့်လိုက်တော့ ခုနက အန်တီကြီး။
မြူနှင်း ကို ထီးတစ်လက် လှမ်းပေးနေသည်။
"သမီး နေအရမ်းပူတယ်၊ ထီးလေးယူလိုက်ပါလား။
ယောက်ျားလေးဆောင်ဆိုတော့ သမီးကိုအထဲမခေါ်တာ"
"ဟုတ်ကဲ့ ၊ ကျေးဇူးပဲရှင့်"ဟုပြော၍ ထီးကိုလှမ်းယူလိုက်သည်။ ထီးက မီးခိုးရောင်လေး၊ ဘုန်းဝေ ကြိုက်သောအရောင်ပဲ ဟုတွေးမိရင်း ပြုံးမိသွားသည်။
၂နာရီထိုးသွားသည်။ ဘုန်းဝေကတော့ပေါ်မလာပေ။ ဆုမွန်ဆီ ဖုန်းခေါ်လိုက်သည်။
"ငါ အဆောင်ရှေ့မှာစောင့်နေတာ ၃နာရီလောက်ရှိနေပြီ။ သူအဆောင်မှာလည်းမရှိဘူးတဲ့"
"နင့်ကိုပုန်းနေတာဖြစ်မှာပေါ့။ ဆက်စောင့်မနေနဲ့တော့ ပြန်လာခဲ့"
"ဒါပေမယ့် "
"ဒါပေမယ့် တွေဘာတွေ လုပ်မနေနဲ့။ ပြန်လာတော့ ကားကြီးကွင်းမှာ သွားစောင့်လည်းရတယ်။
ကားကြီးကွင်းကိုတော့ သူမလာဘဲမနေဘူး"
"ငါ အဲ့တချက်မေ့သွားတယ်၊ ခဏလေး ငါပြန်လာပြီ"
ထီးကိုပိတ်ကာဆိုင်ကယ်ခြင်းထဲ ထည့်လိုက်ပြီး
မောင်းထွက်လာခဲ့သည်။ ဒုတိယထပ်မှဘုန်းဝေလည်း သူမကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ငါ့သူငယ်ချင်း ရန်ကုန်သူတွေရှိတယ်။ သူတို့ဆီက ကားဂိတ်ဖုန်းနံပါတ်တွေ တောင်းမယ် ၊ အဲ့ကနေတဆင့်ရှာလို့ရတယ်"ဟု ဆုမွန်ကပြောသည်။
တကယ်အားကိုးရသော ချစ်စရာ သူငယ်ချင်းလေး။
" ဟယ်လို ၊ ရွှေတောင်ရိုးဂိတ်ကလားရှင့်။
ဒီနေ့ညကားကို ဘုန်းဝေယျာညိမ်း နာမည်နဲ့လက်မှတ်ဖြတ်ထားတာရှိလားရှင့်"
"ဟုတ်၊ တချက်လောက်ကြည့်ပေးပါလားရှင့်"
"ခရီးသည်နာမည် ဘုန်းဝေယျာညိမ်း ပါ"
ဆုမွန်နှင့် မြူနှင်း နှစ်ကောင်သား ဂိတ်တွေကို ဖုန်းဆက်ပြီး အလုပ်များနေကြသည်။
"ဟဲ့ ဟဲ့ မြူနှင်း ရပြီ ရပြီ"
"မန္တလာမင်း ၊ ည ၈ခွဲကားတဲ့"
မြူနှင်း အပျော်လွန်ပြီး ဆုမွန်ကိုဖက်ထားလိုက်မိသည်။
"ဆုမွန်ရယ် နင့်ကိုချစ်လိုက်တာ"
ထိုအချိန်သည် ညနေ ၅နာရီထိုးနေပြီဖြစ်သည်။
၆နာရီဆို အဆောင်ပိတ်မည်ဖြစ်၍ အမြန်အဆောင်မှထွက်ရသည်။ မြူနှင်း မှာ အဝတ်အစားတောင်မလဲနိုင်ကျောင်းဝတ်စုံ အဖြူအပြာအတိုင်းပင်။
"ငါလိုက်တော့လိုက်ခဲ့ပေးမယ် မြူနှင်း ၊ဒါပေမယ့် ကားကြီးကွင်းကိုတော့ နင်ပဲသွား၊ ငါနဲ့သူနဲ့က ရည်းစားဟောင်းတွေဆိုတော့ မျက်နှာချင်းမဆိုင်ချင်ဘူး"
ဂိတ်တွင်ထိုင်စောင့်နေရင်း ၈နာရီထိုးသွားသည်။
ဘုန်းဝေ ကအခုထိမလာသေး။ သူ ကားကြီးကွင်းကိုပါမလာတာတော့မဖြစ်နိုင်ပါဘူးနော်။
ကားတွေဘက်ကို ဝေ့ဝဲကြည့်မိလိုက်သော်..
ကားနားမှာသူပဲ။ ပစ္စည်းတွေကို ကားအောက်ထဲထည့်နေတာ။ တကယ်ပဲ သူပါ။
မြူနှင်း အပြေးအလွှားသွားပြီး
"ဘုန်းဝေယျာညိမ်း "ဟုခေါ်လိုက်သည်။
သူလှည့်ကြည့်လာသည်။
တွေ့နေကျမဟုတ်သောမျက်ဝန်းတွေနဲ့သူ။
"မသွားလို့မရဘူးလားဟင်"
"ဘာလို့လဲ"
သူပြန်ဖြေလိုက်သောစကား။
"ငါနင့်ကိုမသွားစေချင်ဘူး"
"ဘာလို့လဲ "
"ငါ့နားမှာပဲနေပါလားဟင်"
"နင်ငါ့ကိုချစ်လား"
ကျွန်မဖြေရခက်သော မေးခွန်းကိုပဲသူမေးပြန်ပြီ။
သူ့ကိုဆွဲထားတော့မယ်ဟုဆုံးဖြတ်ပြီးလာခဲ့သော
ကျွန်မ တကယ်တမ်းတော့ ချစ်တယ် ဆိုတဲ့စကားထွက်မလာခဲ့။
"ငါ့ကိုအဲ့မေးခွန်းမမေးပါနဲ့လားဟာ"
"နင်မဖြေမှန်းငါသိနေသားပဲ။ ကိုယ်မချစ်တဲ့လူတစ်ယောက်ကို ဘာလို့ဆွဲထားချင်နေရတာလဲဟင်"
"အဲ့လိုမဟုတ်..."
"ပြန်တော့ ငါကားပေါ်တက်တော့မယ်"
ကျွန်မကိုကျောခိုင်းကာ ကားပေါ်တက်သွားသည်။
သူ ကျွန်မကို ကျောခိုင်းပြီးထွက်သွားတာ ဒါ ဒုတိယအကြိမ်မြောက် ။ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ကားကြီးကွင်းထိ လာခေါ်နေတာကို သူထားသွားရက်တယ်။ ပါးပြင်ပေါ် မျက်ရည်များလိမ့်ဆင်းလာသည်။
ဘုန်းဝေ လိုက်ကာကို မ လိုက်ကာအပြင်ဘက်ကို
ကြည့်လိုက်သည်။ အမှန်တော့ ထိုကောင်မလေးကိုကြည့်ခြင်းပါ။ သူတစ်ယောက်တည်းလာတာလား။ ဒီအချိန်ကြီးကို၊ ကျောင်းဝတ်စုံတောင်မလဲရသေးပဲနဲ့။ ဒီအရူးမလေးကတော့လေ။
အခုလည်း ငိုနေပြန်ပြီ။
နာရီကိုကြည့်လိုက်တော့ ၈နာရီ ၂၅မိနစ်။
နောက် ၅မိနစ်ဆိုရင် မန္တလေးမြေကို စွန့်ခွာရတော့မှာပဲ။ ပြန်လာဖြစ်ဖို့မသေချာတော့။
မျက်ရည်များဖြင့်ဝေဝါးစွာကားတံခါးနားကိုကြည့်နေရင်း လူတစ်ယောက်ပြေးဆင်းလာသည်ကိုမြင်လိုက်ရသည်။ အရပ်ရှည်ရှည်နှင့် ကျွန်မရဲ့ ကြယ်လေး ဘုန်းဝေယျာညိမ်း ရယ်ပါ။
ဘုန်းဝေပြေးလာပြီး မြူနှင်း ကို တင်းကျပ်စွာဖက်ထားသည်။ တစ်မိနစ်လောက်ဖက်ထားပြီးမှ
မြူနှင်း နဖူးမှ ဆံစအချို့ကိုငုံ့နမ်းလိုက်ကာ
"ကိုကို သွားတော့မယ် ကလေးလေး"
ဘုန်းဝေ အသံတွေ တုန်ယင်နေသည်။ သူလည်း မျက်ရည်တွေဝဲနေသည်ပဲ။
"နေခဲ့တော့နော်"ဟုပြောပြီး မြူနှင်း ကိုလွှတ်လိုက်ကာ ကားပေါ်ပြန်တက်သွားသည်။
မြူနှင်း ကတော့ ငိုရှိုက်လျက်။
ဘုန်းဝေ ကားပေါ်တက်သွားပြီး ခဏအကြာတွင်
ကားကြီး တရွေ့ရွေ့ဖြင့် ကျွဲဆည်ကန်ကားကြီးကွင်းအတွင်းမှ ထွက်သွားတော့သည်။
ဆုံးရှုံးလိုက်ရပြီဟူသော အသိဖြင့် မြူနှင်း တစ်ယောက် မြေပြင်ပေါ်ထိုင်ချလိုက်မိသည်။
.....................................................
(A/N : အစက စဉ်းစားထားတဲ့ plot မှာ ဒီအခန်းက ဇာတ်သိမ်းပဲ😓😔
ဒါပေမယ့် စာရေးသူက ဇာတ်ကောင်တွေကို ထိန်းချုပ်လို့မရဘူးဆိုတဲ့စကားလည်းရှိသေးတော့
ဇာတ်တကယ် သိမ်းမသိမ်းက သူတို့နှစ်ယောက်အပေါ်မူတည်တယ်😞
မကောင်းမကန်းလေးကို အချိန်ပေးပြီး ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ❤
Vote တွေ Comment တွေအတွက် တကယ် အများ အများကြီး ကျေးဇူးတင်ပါတယ် ❤
ဒီထက်ပိုကောင်းအောင်ကြိုးစားပြီး ဖန်တီးမှုအသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်💓
နောမူ ဆာရာငဲ 😘😘)
Nang Lamin Nwe
20.11.2018
10:07 PM