Part 18.1
အခန်း (၁၈)
မိုတီဗေးရှင်း
ယင်းရန် ချက်ချင်း မလှုပ်ရှားဘူး။
သူ နေရာမှာပဲ ငြိမ်ငြိမ်လေးရပ်ပြီး တစ်ဖက်က စလှုပ်ရှားတာကိုစောင့်နေလိုက်တယ်။ သို့ပေမယ့် ရန်လိုမှုတွေက ခပ်ပါးပါးသာကျန်ခဲ့ပြီး မျက်လုံးပေါင်းများစွာက သူ့ကို အလွန်အမင်းနီးကပ်တဲ့ အကွာအဝေးကနေ စောင့်ကြည့်နေတယ်။ သတိကြီးကြီးထားနေတဲ့အနံ့တွေ ယင်းရန်ရနေပါရဲ့။
စမ်းသပ်နေတာများလား?
ဖြန့်ကျက်ထားတဲ့ လူသတ်ငွေ့ကို သူ တဖြည်းဖြည်း နယ်ချုံ့လိုက်တော့ ပြင်းထန်တဲ့ဖိအားအောက်မှာ အခန်းထဲကလေထုတောင် အေးခဲသွားသလိုလို။
အခုအချိန်မှာ ကျူံးချန်းရှော်သာ အခန်းထဲရှိနေရင် တစ်ခုခု မူမမှန်တာကို သူ့လိုလူတောင် သတိထားမိနိုင်တယ်—ယင်းရန်ရဲ့နီညိုရောင်မျက်ဝန်းတွေက အမှောင်ညထဲကမီးပွားတွေလို လုံးဝဥဿုံ ရဲရဲတောက်နေပြီလေ။ အနက်ရောင်ဆံနွယ်ရှည်တွေကလည်း လေမတိုက်ဘဲ ဝေ့ဝဲနေပြီး သူ့ပတ်လည်မှာ ရောင်ခြည်တွေလို လွင့်ပျံ့နေတယ်။
ငါးစက္ကန့်။
စက္ကန့်သုံးဆယ်။
တစ်မိနစ်။
ယင်းရန်အနောက်မှာရှိနေတဲ့အရာက လူသတ်ငွေ့တွေထုတ်တာမရပ်သလို လှုပ်လည်းမလှုပ်ရှား။ မသိမသာအကြည့်ခံနေရတဲ့ ခံစားချက်ကလည်း ပျောက်မသွားဘူး။ သို့ပေမယ့် အကြည့်တွေမြစ်ဖျားခံလာတဲ့ နေရာကတော့ သူနဲ့နည်းနည်းလှမ်းတယ်။
သူ့ကို ရှောင်နေတာပဲ။
"ဦးနှောက်တော့ရှိသား"
ယင်းရန်ပြုံးမိတယ်။
အဲ့ဒီနောက် သူ ဘာမှသတိမထားမိသလို ဟန်ဆောင်ကာ လူသတ်ငွေ့တွေကို ပြန်ရုတ်သိမ်းပြီး ခါးကြောဆန့်လိုက်တယ်။
သူတို့တွေ 'dimension'လို့ခေါ်နေတဲ့ ဒီလိုဟာမျိူးကို လွန်ခဲ့တဲ့ နှစ်၁ထောင်လောက်ကတည်းက ယင်းရန်မြင်ဖူးပါတယ်။ သူ ဒါတွေကို အပေါ်ယံမြေလွှာအောက်က နွံအိုင်၊ ရေခဲလွှာထဲကအက်ကြောင်း အဆင့်လောက်ပဲလို့ ထင်ခဲ့တာ—ကံခေတဲ့သူတွေ ပြုတ်ကျတတ်တဲ့ အပေါက်မျိူးလောက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူကတော့ ရှောင်ကွင်းသွားလို့ရတာပဲလေ။ အသက်မရှိတဲ့ဟာတွေကို ဘာကိစ္စအဖက်လုပ်နေမှာလဲ?
dimensionအပေါက်တွေမှာ အပြင်ကိုငေးကြည့်နိုင်တဲ့ မျက်လုံးမျိူးမရှိဘူး။ ဆိုလိုတာက..တစ်စုံတစ်ခုကတော့ ဒီအပေါက်ကိုသုံးနေပြီ...နွံအိုင်ထဲမှာ ပုန်းအောင်းပြီးချောင်းမြောင်းနေတဲ့ မြေပွေးလိုပေါ့။
မကောင်းဆိုးဝါးတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ ကျင့်ကြံနိုင်ကြတော့ ပုံမှန်ဆိုရင် dimensionအပေါက်လို အန္တရာယ်များတာမျိူးတွေနဲ့ ဝေးဝေးနေကြတယ်။ တစ်နည်းပြောရရင်ဖြင့်..မကောင်းဆိုးဝါးတစ်ကောင်က dimensionအပေါက်ကို အပိုင်စီးပြီး အသုံးချနိုင်တယ်ဆိုကတည်းက သူ့မှာ အရည်အချင်းတစ်ခုတော့ ရှိနေမှာပဲ။ ရှီအန်းဝန်ထမ်းတွေ မှိုလိုပေါက်နေတဲ့ ဒီနေရာမှာ ကျောက်ချနေတယ်ဆိုကတည်းက..အဖြေက ရှင်းသင့်သလောက်ရှင်းနေပါပြီ။
ဒီတိုက်ခန်းထဲမှာရှိနေတဲ့ မကောင်းဆိုးဝါးက စွမ်းအားမသေးဘူး၊ သိပ်ရန်မလိုဘူး၊ မကြမ်းတမ်းဘူး။
လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်။ ဒါပေမယ့် သူက အားနည်းပြီးခိုကိုးရာမဲ့နေတဲ့ လူသစ် အောက်လမ်းဆရာလေးရယ်ပါ။ ဒါကြောင့် အရင်တစ်ခါက အဖြစ်အပျက်ကိုသင်ခန်းစာယူပြီး ဒီကိစ္စကို ကျွမ်းကျင်သူတွေလက်ထဲအပ်ဖို့ ယင်းရန်ဆုံးဖြတ်လိုက်တယ်။
လုပ်ချင်တာလုပ်ပြီးသွားတော့ ယင်းရန်က အရိုးအဆစ်တွေကို လှုပ်ရှားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ တံခါးသွားဖွင့်ပါသတဲ့။
အခန်းထဲက ရန်လိုနေတဲ့အငွေ့အသက်တွေလည်း ချက်ချင်း ပျောက်ကွယ်သွားတယ်...မသိရင် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့အလား။ သို့ပေမယ့် မပျောက်ကွယ်ခင်လေးမှာ 'ဘာလဲဟ'ဆိုတဲ့သံသယတွေ အများအပြား အဲ့ဒီရန်လိုမှုထဲ ရောပြီးပေါ်လာလိုက်သေးတယ်။
တံခါးအပြင်မှာစောင့်ကြပ်နေတဲ့ ကျူံးချန်းရှော်က သူအပြင်ထွက်လာတာမြင်တော့ မေးတယ်။
"တစ်ခုခုခံစားမိလား?"
ယင်းရန်: "ခံစားမိတယ်...ဗိုက်ဆာလာတာကို"
ကျူံးချန်းရှော်ရဲ့မျက်နှာအမူအရာတွေ ခဏလောက်ရှုပ်ထွေးသွားတယ်။
"...ဂျပန်ခေါက်ဆွဲပြုတ်သွားစားမလား?"
သို့ပေမယ့် သူ အတင်းအကြပ်မမေးဘဲ အချိန်ကိုသာ တစ်ချက်ကြည့်လိုက်တယ်။
သူတို့ အခု ဟိုက်ကူမှာ လွတ်လွတ်လပ်လပ် သွားလာလို့ရနေပြီ။ မွန်းတည့်ချိန်ရောက်ဖို့ လိုသေးတယ်ဆိုပေမယ့် နေ့လည်စာသွားစားလို့ မရစရာအကြောင်းမှမရှိတာ။
"စားမယ်!"
ယင်းရန်ကလည်း အဆင်သင့်သဘောတူပြီးသား။ အိမ်ယာဘေးမှာဖွင့်ထားတဲ့ အမဲသားခေါက်ဆွဲပြုတ်ကို သူ တောင့်တနေတာကြာခဲ့ပြီ။
"မင်းတို့နှစ်ကောင် တစ်ချိန်လုံး ဒီမှာရှိနေတာလား?"
ရုတ်တရက် ဖြတ်ပြောလာတဲ့ အသံတစ်ခု။
နှစ်ယောက်လုံး တပြိုင်တည်းလှည့်ကြည့်လိုက်တော့ ရုပ်တည်ကြီးနဲ့ဖုရှင်ချွမ်းကို မြင်လိုက်ရတယ်။
ဖုရှင်ချွမ်းက ထူးထူးဆန်းဆန်းအဝတ်အစားတွေ ဝတ်ထားဆဲ။ ကုတ်အရှည်ကတော့ မြေဝါရောင်ကနေ ပန်းခရမ်းရောင်ကုတ်အိင်္ကျီကို ပြောင်းသွားတယ်။ သူ အကာအကွယ်ဝတ်စုံ မဝတ်ထားဘူး။ လက်ထဲမှာ ဓားရှည်တစ်ချောင်းကိုင်ထားပြီး မျက်လုံးအောက်က မျက်ကွင်းညိုညိုတွေဟာ အရင်တစ်ခေါက် သူတို့ဆုံခဲ့တုန်းကထက်တောင် ပိုဆိုးနေတယ်။ ဒီ့အပြင် ခန္ဓာကိုယ်ကနေ ဆေးလိပ်နံ့ပြင်းပြင်းတွေက ထွက်နေလိုက်သေး။
ကျူံးချန်းရှော်: "ဟုတ်..ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကို ဆက်ပြီးစစ်ဆေးနေတာ"
ဖုရှင်ချွမ်းက မယုတ်မလွန်သာတုံ့ပြန်လိုက်ပြီး ဗလာကျင်းနေတဲ့အခန်းကို တစ်ချက်ဝေ့ကြည့်ကာ ယင်းရန်ဘက်ကို တိုက်ရိုက်လှည့်လာတယ်။
"မင်းရော? မူမမှန်တာ ဘာမှမတွေ့ဘူးလား?"
18 02
ထိုအခါ ယင်းရန်က သတိအနေအထားနဲ့ မတ်မတ်ရပ်လိုက်ပြီး လေးနက်နေတဲ့အသံနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..ကျွန်တော် ရုတ်တရက်ကြီး ချမ်းစိမ့်လာလို့ တမင်သက်သက် အခန်းထဲမှာ တစ်ယောက်တည်း ခဏနေခဲ့လိုက်တာ..နောက်တော့..."
ဖုရှင်ချွမ်းရော၊ ကျူံးချန်းရှော်ရော နှစ်ယောက်လုံး သူ့ကိုပဲကြည့်နေတယ်။
"နောက်တော့ ကျွန်တော့်တစ်ကိုယ်လုံးက မွှေးညင်းတွေထောင်လာရော"
ယင်းရန်က တည်တည်ကြည်ကြည်ရုပ်နဲ့...
"ဒါပေမယ့် ထင်ယောင်ထင်မှားဖြစ်တယ် ထင်လိုက်တာ..ဗိုက်ဆာပြီး စိတ်ထင်နေတယ်မှတ်လို့ အခုပဲ ပြန်ထွက်လာပြီး ကျူံးကောကို နေ့လည်စာသွားစားဖို့ခေါ်နေတာ"
ဖုရှင်ချွမ်းက စိတ်အေးသွားတဲ့ အမူအယာမျိူးမပြဘူး။
"မင်း အခန်းထဲမှာ ဘာလုပ်ခဲ့လဲ?"
သူ တည်တည်ငြိမ်ငြိမ်မေးတယ်။
"အခုလေးတင် ဒီတစ်ဝိုက်မှာ တော်တော်အားကောင်းတဲ့ လူသတ်ငွေ့တွေ ပေါ်လာတယ်"
ကောင်းလိုက်တာ
ယင်းရန်တွေးမိတယ်။
သူလိုချင်တာ ဒီလိုသက်ရောက်မှုမျိူး။
ယင်းရန်က ကျူံးချန်းရှော်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြောလိုက်တယ်။
"ကျွန်တော် ဘာမှ မယ်မယ်ရရမလုပ်မိပါဘူး... ခုနတုန်းက ကျူံးကောကောက်ချက်ချလိုက်တာ..ကောင်းမုန်ယွီက အကြောင်းအရင်းရှိလို့ အပြင်ကို လှမ်းကြည့်နေခဲ့တာဖြစ်မယ်တဲ့...အဲ့ဒါကြောင့် ကျွန်တော်လည်း ပြတင်းပေါက်ကိုပဲကြည့်နေလိုက်တာ"
"ပစ္စည်းတစ်ခုခု ကိုင်ခဲ့သေးလား?"
"မကိုင်ဘူး"
ယင်းရန် ရိုးရိုးသားသားပြန်ဖြေလိုက်တယ်။
ပေးသင့်ပေးထိုက်တဲ့ တင်ပြချက်တွေ... မဟုတ်သေးဘူး၊ အစီရင်ခံဖို့လိုအပ်တဲ့ တင်ပြချက်တွေအကုန် သူပေးလိုက်ပြီ။ သူထုတ်လွှင့်လိုက်တဲ့ လူသတ်ငွေ့တွေကို ဖုရှင်ချွမ်းက လူသားတစ်ယောက်ဖြစ်ပါလျက်နဲ့ သတိထားမိတယ်ဆိုကတည်းက သူ့အဆင့်မနိမ့်ဘူး။ ဒီအမှုကို ဖုရှင်ချွမ်းဆက်ကိုင်မယ်လို့သိရတော့ ယင်းရန်စိတ်အေးရပါတယ်။
ဒါကြောင့် သူ စိတ်ကြည်ကြည်လင်လင်နဲ့ ထပ်ပေါင်းပြောလိုက်တယ်။
"ဒီကမ္ဘာမှာ လူသတ်ငွေ့လို ဆန်းဆန်းပြားပြားတွေတောင် ရှိတယ်လား? ဘယ်မှာသွားသင်ရမလဲ?"
ဖုရှင်ချွမ်းက အကြည့်လွှဲလိုက်ပြီး...
"ဂျိမ်းစဘွန်းလောက်ကျွမ်းသွားရင် သင်လို့ရမယ်"
ယင်းရန်: "..."
အဲ့လောက်ဒဲ့ကြီးတွေပြောတာ ကောင်းသလား? ရှီအန်းကို ဝန်ထမ်းအသစ်တွေ လာစေချင်တာရော ဟုတ်လားလို့?
အဲ့ဒီနောက် သူတို့နှစ်ဦး အကာအကွယ်ဝတ်စုံတွေ အသာတကြည်ပြန်ပေးလိုက်ပြီး အောက်ထပ်ကိုဆင်းမလာခင်မှာ ယင်းရန်က ကျူံးချန်းရှော်နား ကပ်ပြောလိုက်တယ်။
"ဝန်ကြီးဖုရဲ့ဓားက ဥပဒေနဲ့ငြိတယ်လို့ ကျူံးကောထင်လား?"
သူ့ဓားမြှောင်လေးကို လွမ်းလိုက်တာ။ အဲ့ဒီတုန်းက သူ လိုရမယ်ရကောက်လာတာပါလို့ ပြောပြီးပေးလိုက်တဲ့ဓားက အခု ရှီအန်းလက်ထဲရောက်သွားတော့ ရိုးရိုးမှော်လက်နက်တောင်မဟုတ်ဘူး...ပထမတန်းစား အမျိူးသားယဥ်ကျေးမှု အမွေအနှစ်ဖြစ်သွားသတဲ့။
မတရားခံလိုက်ရလေခြင်း။
သို့ပေမယ့် သူ့တီးတိုးစကားသံ ဆုံးရုံရှိသေး..ခပ်လှမ်းလှမ်းက အခန်း၁၄၁၃မှာကျန်ခဲ့တဲ့ ဖုရှင်ချွမ်းက လှမ်းအော်လေတယ်။
"ငါ့ဓားမှာ အသွားမပါလို့ ဘယ်သက်ရှိကိုမှ ခုတ်မရဘူးဟ!"
Telegram မှာ အပိုင်း ၇၀အထိ ရောက်ပါပြီနော်။