Jisung နိုးလာမိချိန်တွင် အပျင်းကြောတစ်ချက် ဆန့်လိုက်ပြီးနောက် ဘေးမှဖုန်းအားယူကာ နာရီကြည့်လိုက်တော့ နံနက် ၇နာရီ အတိ။ ညကမိုးရေမိထားတဲ့ အရှိန်ကြောင့်ရော၊ သန့်ရှင်းရေး လုပ်ထားရသဖြင့် ပင်ပန်းတာရောပေါင်းကာ ကောင်းကောင်းအိပ်ပျော်ခဲ့ဟန်တူသည်။ အချိန်အကြာကြီး မအိပ်လိုက်သော်ငြား ခေါင်းထဲငြီးစီစီ ဖြစ်မနေ။
မိုးရေမိရခြင်းရဲ့ တရားခံအား သတိရမိလေတော့ Jisung လှည့်ပြန်သွားသည်အထိ မိုးရေထဲတွင် ထီးမဆောင်းပဲ ကျန်နေခဲ့ခြင်းကို သတိထောက်မိသည်။ ရာသီဥတု အေးလာလျှင်ပင် နှာခေါင်းထိပ်များရဲကာ နှာတရှုံ့ရှုံ့ ဖြစ်တတ်သူမို့ အချိန်အတော်ကြာ မိုးရွာထဲရပ်နေခြင်းဟာ ထိုလူ့ကိုယ်ခန္ဓာအား တစ်ခုခုတော့ ထိခိုက်စေနိုင်သည်ဖြစ်တာမို့..
"အာ...ဘာအရေးလဲ သူကတစ်ကောင်ကြွက်မှ မဟုတ်တာ။ သူ့မှာ ဂရုစိုက်ပေးမယ့် ရည်းစားလဲရှိ..."
ပူပန်နေမိတဲ့ စိတ်အစုံအား သက်သာရစေရန် လိုသလို ဖြည့်တွေးမိကာမှ အရင်နေ့က ကျောင်းထဲတွင် တီးတိုးပြောနေသံများအား Jisung ပြန်ကြားယောင်လာမိသည်။
Queen Minjeong နဲ့ Lee လုပ်ငန်းစု သူဌေး လမ်းခွဲလိုက်ကြပြီ ဟူသော သတင်းက ကျောင်းတွင် တကြိတ်ကြိတ်ဖြင့် နာမည်ကြီးသည်။ Jisung အား ရည်ရွယ်၍ ပြောနေကြခြင်း မဟုတ်သော်ငြား အချို့သောသူများကတော့ Jisung ပယောဂ အနည်းငယ်မျှတော့ ပါဝင်လိမ့်မည်ဟု မှန်းဆကြလိမ့်မည်။
လမ်းခွဲကြသည်ဖြစ်စေ၊ လမ်းမခွဲသည်ဖြစ်စေ Jisung နှင့် သက်ဆိုင်သည် မဟုတ်သည်မို့ ခေါင်းကိုခါရမ်းကာ တောင်စဥ်ရေမရအတွေးများကို Jisung ထုတ်ပြစ်လိုက်သည်။
.
.
.
.
မီးဖိုချောင်ထဲ အေပရွန်ကြီးဝတ်ကာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ Seungmin အားကြည့်ရင်း ပြီးခဲ့တဲ့အပတ်က Hyunjin သူ့အားဖွင့်ပြောလာတဲ့ စကားများအား အမှတ်ရလာမိသဖြင့်..
"Seungmin ah"
အပြုံးခပ်ပါးပါးဖြင့် လှည့်ကြည့်လာပြီးနောက် ဘေးမှကြက်သွန်နီဥကြီး တစ်လုံးကိုဆွဲယူလျှက်..
"မင်းနိုးလာပြီလား ငါမင်းအတွက် ရေဘဝဲဟင်းချက်ကျွေးမလို့"
ကြက်သွန်နီဥတွေကို ဓားနဲ့သေချာ ပါးပါးလှီးနေရင်း Seungmin ဟာ အဖြေပြုသည်။
"ငါမင်းကိုပြောစရာရှိလို့"
ဘေးနားသွားရပ်ကာ စကားအစချီမိတော့ ပြုံးစစနဲ့ မျက်လုံးတစ်ချက်စွေကြည့်လာရင်း..
"ထူးထူးဆန်းဆန်း Han Jisung တို့ စကားခံနေပါလား"
"..."
"ဆိုပါဦး"
"Hyunjin က ငါ့ကိုသဘောကျတယ်ဆိုပြီး ဖွင့်ပြောလာတယ် Seungmin"
Seungmin ရဲ့ လက်တစ်စုံကလဲ ရပ်တန့်သွားသလို ကြက်သွန်ဥတွေကိုလှီးဖြတ်နေတဲ့ ဓားနဲ့စဉ်းတီတုံးရဲ့ ထိရှသံလဲ မကြားရတော့။ တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်မှာ Seungmin ဟာ လှုပ်ရှားမှုမရှိတော့ပဲ ပကတိငြိမ်သက်လျှက်။ Jisung လဲ အလိုက်သိစွာ အချိန်တစ်ခုအထိ ငြိမ်နေပေးဖြစ်သည်။
"အွန်း..ငါကြက်သွန်တွေ ရေဆေးလိုက်အုံးမယ်"
အတန်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက် ပြန်လှုပ်ရှားလာတဲ့ Seungmin က လှီးပြီးသားကြက်သွန်တွေကို ရေပြန်ဆေးရန်လုပ်သည်။ ဘေစင်ရေပိုက်ခလုတ်ကို ပိတ်တဲ့ဘက်သို့ ပြောင်းပြန်လှည့်ဖွင့်နေတဲ့ Seungmin ရဲ့လက်အား Jisung ဆွဲကိုင်ယူလိုက်ရင်း...
"ငါဘယ်လိုအဖြေပြန်ပေးလိုက်ရမလဲ Seungmin"
သူ့အားလှည့်ကြည့်လာတဲ့ Seungmin မျက်လုံးတွေကခပ်ရဲရဲနီနေသည်။ အရည်ကြည်တွေပါ ရစ်သိုင်းနေတဲ့ မျက်လုံးတွေက ကြက်သွန်ကြောင့်ရယ်လို့ အပြစ်ဖို့ ဖို့မဖြစ်နိုင်။ Seungmin က Jisung လိုမှ မဟုတ်ပေပဲ။ အတူတူနေကြကတည်းက ဟင်းချက်တာဝန်ယူပေးထားတဲ့ Seungmin ဟာ ကြက်သွန်ကြောင့် မျက်ရည်ဝဲရတယ်ဆိုတာ မှားယွင်းနေတဲ့အကြောင်းပြချက်သက်သက်ဖြစ်သည်မို့..
"ငါ.."
အစကရစ်ဝဲနေတဲ့ အရည်ကြည်တွေက အခုတော့ သူငယ်ချင်းရဲ့ပါးနှစ်ဖက်ပေါ် ကျဆင်းလာတာမို့ Jisung အသာအယာ သုတ်ပေးလိုက်ရင်း အနည်းငယ်တုန်ရီစပြုလာတဲ့ ခန္ဒာကိုယ်လေးအား ခပ်တင်းတင်း ဆွဲဖက်လိုက်သည်။
"ငါ့ကိုပြောပြချင်လား Seungminnie"
~~~~~~~~~~~~~~~~~
"ကဲ အစအဆုံးရှင်းပြတော့ Kim Seungmin။ မင်းနဲ့ Hyunjin ရဲ့ ပတ်သတ်မှုအကုန်"
မီးဖိုခန်းထဲက ထွက်လာခဲ့ပြီးတဲ့နောက် ဝရန်တာမှာ နှစ်ယောက်သား ထွက်ရပ်လိုက်ရင်း Jisung ဘက်မှ စကားစလိုက်သည်။ တိုက်ခတ်လာတဲ့ မနက်ခင်းလေတဖြူးဖြူးက Seungmin ရဲ့မျက်ရည်စတွေကို ခမ်းခြောက်စေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျှက်။ မပွင့်တပွင့် နေရောင်ခြည် အောက်တွင်တော့ Seungmin ၏ မျက်ဝန်းများ အနည်းငယ် ထိုင်းမှိုင်းနေသည်။
"မင်းဘယ်အထိသိထားတာလဲ Jisung"
အဖြေအား ချက်ချင်းဖြေမပေးပါပဲ Jisung အား အမေးထူးနေသေးသည်။
"အင်း...တစ်ဖက်လူရဲ့ပြောပြချက်အရတော့ မင်းတို့နှစ်ယောက် မလေးရှားမှာ တွေ့ကြပြီး သူ့ရဲ့ခံစားချက်တွေကို မင်းကခါးခါးသီးသီးငြင်းပြီးတဲ့နောက် ဒီကိုတစ်ယောက်ထဲ ကိုယ်ယောက်ဖျောက်လာတဲ့အထိပေါ့"
"ငါဘာမှ ထပ်ရှင်းပြစရာ မလိုတော့ဘူးပဲ"
မျက်ဝန်းထောင့်မှ မျက်ရည်စတွေကို သုတ်ဖယ်ပစ်ရင်း Seungmin က လေးဖင့်ဖင့်ပြောသည်။
"ဒါဆို Hyunjin ပြောတာတွေက အမှန်ပေါ့"
"အင်း ငါသူ့ကိုငြင်းပြီး ဒီကိုထွက်လာခဲ့တာ..သူမသိဘဲနဲ့ပေါ့"
Seungmin ခေါင်းငိုက်စိုက်ကျသွားပုံမှာ ၎င်းကိစ္စကို နောင်တရနေခဲ့ဟန် ထင်ဟပ်နေသည်။
"မင်းရှင်းပြချင်သေးတယ် ဆိုရင်တော့ သူ့ကိုလက်မခံနိုင်တဲ့ အကြောင်းပြချက်ကို ရှင်းပြလို့ရတယ်"
"မချစ်လို့ငြင်းတာ လို့တော့မပြောနဲ့ ခုဏမီးဖိုခန်းထဲက Kim Seungmin က မင်းကို ကြက်သွန်လှီးတဲ့ဓားနဲ့ ကောက်ပေါက် လိမ့်မယ်"
တစ်ဆက်တည်း ပြောလိုက်တဲ့ Jisung ရဲ့ ဟာသနှောစကားအား Seungmin အရှိုက်ထိသွားသလို တအံ့တသြကြည့်လာပြီးမှ သဘောတကျ ရယ်သည်။
"ငါအရင်မေးပါအုံးမယ်။ မင်းကဘာလို့ အဲ့လိုနည်းနဲ့ ငါရဲ့စိတ်ကိုဖော်ချင်ရတာလဲ။ Hyunjin က မင်းကိုကြိုက်နေတယ် ဆိုရင် ငါသေချာပေါက် သဝန်တိုလိမ့်မယ်လို့ အပိုင်တွက်ထားခဲ့တာလား"
"သေချာတာပေါ့ မင်းလိုလူက ငါ့ကိုသဝန်တိုစရာအကြောင်းတော့ မရှိဘူးလေ"
လက်ညိုးအား Seungmin မျက်နှာရှေ့တည့်တည့်ဆီ ညွှန်ကာပြောမိတော့ ထိုလက်ညှိုးအား ဆွဲဖယ်ပစ်ရင်း..
"ဟေ့ကောင် ငါကမင်းကို အူမတိုဘူးဆိုတာ မင်းပျော်ရွှင်ဖို့ပဲတွေးလို့ပါကွ။ မင်း Minho hyung..."
"မင်းအကြောင်းပဲပြောပါ Seungmin"
"သြော်... အင်း"
'Minho' ဟူသည့် အမည်နာမပိုင်ဆိုင်သူအကြောင်း မတွေးချင်တာမို့ စကားဖြတ်ကာ ပြောလိုက်လေတော့ ချက်ချင်းသဘောပေါက်သွားသည့်နှယ် Seungmin က လိုရင်းကိုသာဆက်၏။
"မင်းမှန်တယ်။ ငါသူ့ကိုမချစ်ဘူးလို့ပြောရင် လိမ်တာပဲပေါ့။ ဒါပေမဲ့ သူ့ကိုချစ်တယ်ဆိုတာကို ငါဒီကိုရောက်မှ သိလာရတာ။ သူငါ့ကို ဖွင့်ပြောတုန်းက ငါ့စိတ်ထဲလန့်တာရယ်၊ ကြောက်တာရယ်၊ ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ရယ်ပဲရှိတယ်။"
"ယောကျာ်းလေးနှစ်ယောက်ကြားက အချစ်အတွက် ဖြစ်နိင်တယ်လို့ မထင်မိသလို၊ ယုံကြည်မှုလဲမရှိဘူး။ ငါသူ့ကို မတွေ့ချင်ဘဲဖြစ်ခဲ့တယ်၊ သူ့ဆီကရှောင်ပုန်းချင်လာတယ်။ သူဖွင့်ပြောတဲ့ ညပဲ ငါတစ်ညလုံးမအိပ်ဘဲ စဉ်းစားပြီးတဲ့နောက် ဒီကိုတစ်ယောက်ထဲ ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့တာပဲ။"
"အဲ့တာဆို ငါနဲ့ Minho hyung နဲ့ တွဲတုန်းက ကျတော့ရော မင်းအဲ့လိုပဲတွေးလား Seungmin။"
"မဟုတ်ဘူးလေ။ အဲ့တာကမတူဘူးလေကွာ"
"ဘာကမတူတာလဲ"
တမင်ရစ်နေလိုဟန် မဟုတ်တဲ့ Jisung ရဲ့ လေးနက်နေတဲ့ အသွင်ကြောင့် သက်ပြင်းအသာချကာ..
"ငါသေချာပြောရရင် ငါ Hyunjin ကို ချစ်တယ်လို့ လက်ခံခဲ့တဲ့အချိန်က မင်းနဲ့ Lix ကိုတွေ့ပြီးမှပဲ။ Lix နဲ့ Changbin hyung ရဲ့ကြားက အချစ်တွေကို ငါတွေ့ရတဲ့အခါ ငါပါကြည်နူးလာတယ်။ Lix က ယောကျာ်းလေးတစ်ယောက်ကို ခံစားချက်ရှိနေတယ် ဆိုတုန်းက ငါလက်ခံဖို့ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ငါ Lix လို သူငယ်ချင်းကောင်းကို မဆုံးရှုံးချင်တဲ့အတွက် ငါအတတ်နိင်ဆုံး အဆင်ပြေအောင်နေပေးဖို့ တွေးခဲ့တယ်။"
ငြိမ်သက်စွာ နားထောင်နေတဲ့ Jisung ရဲ့ ပုခုံးစွန်းအား ထိကိုင်လိုက်ရင်း..
"ပြီးတော့..မင်းနဲ့ Minho hyung ကြားကအချစ်ပေါ့။"
Seungmin ဆီမှ မျက်နှာလွှဲသွားသူအား မေးစေ့ကကိုင်ကာ မျက်လုံးချင်းစုံစေလိုက်ရင်း..
"Minho hyung ကို ကြိုက်လွန်းလို့ အရူးတစ်ယောက်လိုအသိစိတ်လွတ်နေတဲ့ မင်းကိုမြင်ရတဲ့အခါ ငါ့ခံစားချက်တွေပါသေချာခဲ့တယ်။ Hyunjin နဲ့ပတ်သတ်တဲ့ ငါ့စိတ်တွေအကုန်လုံးကို ငါလက်ခံခဲ့တယ်"
"Kim Seungmin မင်း မင်းအကြောင်းကို ပြောမှာလား။ ငါ့ငယ်ကျွမ်းငယ်နာကို ဖော်မှာလား"
မေးစေ့မှလက်ကို ပုတ်ထုတ်လာရင်း Jisung ဟာ အသံမာမာဖြင့် ပြောသည်။ Seungmin ရယ်မိရရင်း..
"မင်းကို Minho hyung ပြန်လိုက်နေတာ ငါသိတယ် Jisung"
"အင်း အဲ့လူ ငါ့ကိုပြန်ကစားချင်နေတာ"
Jisung သည် ခန့်မှန်းထားပြီးသည့်နှယ် မဆိုင်းမတွ အဖြေပြန်သည်။
"မင်းနှလုံးသားကတော့ Minho hyung စိတ်တွေကအမှန်လို့ယုံကြည်ချင်နေတယ်မလား။ ဖြစ်ပါစေလို့လဲ ဆုတောင်းနေမိတယ်မလား။"
"Seungmin ငါအဲ့လိုဖြစ်နေတယ်ဆိုတာ မင်းသိတယ်ဆိုရင် ငါ့ကိုမင်း နားချရမယ်မဟုတ်လား။ အဲ့လူဆီ ပြန်မသွားမိအောင် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် မင်းတားရမယ်မဟုတ်လား။ ငါဘယ်လောက်ထိ ခံစားခဲ့ရလဲဆိုတာ မင်းအသိဆုံး Seungmin"
Seungmin သိပ်သိတာပေါ့။ သိလွန်းလို့လဲ တစ်ချိန်ကအသည်းအသန် တားခဲ့သည်ပဲမဟုတ်လား။ ဒါပေမဲ့ အခုအခြေအနေတွေက တူညီနေသည်မှမဟုတ်ပဲ။ မနေ့ညက Seungmin တို့အိမ်အောက် မိုးရွာထဲမှာ အချိန်ကြာကြီး ရပ်ကာ ငိုနေခဲ့တဲ့ Minho hyung ရဲ့ပုံစံက မယုံကြည်ရဲလောက်အောင် ယုံချင်စရာကောင်းလွန်းနေခဲ့တာမျိုး။
"စုံလုံးကန်းအချစ်မျိုး နောက်တစ်ခါ ပြန်မချစ်ချင်ဘူး"
သို့သော်ငြား သူငယ်ချင်းဖြစ်သူအား ဒီ့ထက်ပိုမနာကျင်စေချင်တာမို့ Seungmin ရှောင်နေပေးဖို့သာ ရွေးချယ်ခဲ့သည်။
"ငါမင်းကို တားလဲတားမှာ မဟုတ်သလို၊ တွန်းအားလဲပေးမှာမဟုတ်ဘူး Jisung။ ငါအတွက်က မင်းပျော်ရွှင်နေရင်ရပြီ။ မင်းစိတ်ကြိုက်ဆုံးဖြတ်ပါ။ ကိုယ်တိုင်နာကျင်ရမယ့် ဆုံးဖြတ်ချက် မဖြစ်အောင်တော့ သတိထားပေါ့"
Jisung ရဲ့ လက်ဖမိုးတွေအား လက်နှစ်ဖက်နှင့်နွေးထွေးစွာ ဆုပ်ကိုင်လာရင်း၊ မှေးစင်းစင်းမျက်လုံးလေးများက စူးစူးရှရှ စိတ်အားထက်သန်နေသလို Jisung အတွက် စိတ်ပူပန်ပေးနေသည်မို့..
"အဲ့စကားတွေက ငါမင်းကိုပြောရမှာ မကောင်းတဲ့ Kim Seungmin"
"ဟမ်"
အတည်စကားပြောနေရင်းမှ စကားဖောက်လေတော့ ကြောင်အန်းအန်းဖြစ်သွားတဲ့ Seungmin အား ခေါင်းကို မနာအောင် ထုလိုက်ရင်း..
"Hyunjin သာ မင်းကိုမေ့ပစ်လိုက်တယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ အရူးရဲ့ ။ အခုထိ Hyunjin ဆီ ဖုန်းမဆက်သေးဘူးလား။"
"အမ် ဘာလို့ဆက်ရမှာ"
"ဟာ မင်းဝန်ခံရမယ်လေ".
"ဘာကိုဝန်ခံရမှာလဲ"
Jisung မျက်ဖြူလန်ချင်သွားရသည်။ Hyunjin အပေါ်ရှိနေတဲ့ ခံစားချက်များအား ကိုယ်တိုင်မသိခဲ့ခြင်းမှာ အံ့သြဖွယ်ရာမရှိတော့။
"အေး ငါကမင်းကိုမချစ်ဘူး။ Jisung ကိုချစ်နေတယ်လို့ ဝန်ခံလိုက်"
"အရူး ပြောမဲ့ပြော 'မင်းကိုငါအရမ်းချစ်တယ် Hyun' လို့ပဲပြောမှာပေါ့"
Jisung အတွေးမှားသွားသည်။ Kim Seungmin ဟာ ဆယ်ခန်းတွင် ကိုးခန်းလွတ်ကာ တစ်ခန်းက Hwang Hyunjin အတွက် ကောင်းနေတာမျိုး။
"ပါပီစုတ် မင်းဒီနေ့အသေပဲ။ သူငယ်ချင်းတွေဆိုတာ တစ်ယောက်မှ ကောင်းကျိုးမပေးဘူး"
အိမ်ထဲပြေးဝင်သွားတဲ့ Seungmin နောက် Jisung ပြေးလိုက်ရင်း သံယောဇဉ်အနှောင်အဖွဲ့ လှလှကလေးဖြင့် မနက်ခင်းလေးဟာ လှပခဲ့ပါသည်။
~~~~~~~~~~~~~~~~~
(Hyunjin သည် Jisung အား သူနှင့် Seungminnie ကိစ္စကို ဝန်ခံခဲ့စဥ်အချိန်က)
Canteen တွင် Jisung ရယ် Seungmin ရယ် Felix ရယ် သုံးယောက်ထိုင်နေတုန်း Hwang Hyunjin ရောက်ချလာသည်။
"ခေါက်ဆွဲတစ်ပွဲ ပေးပါ"
အန်တီကြီးအား ခေါက်ဆွဲတစ်ပွဲလှမ်းမှာရင်း ရေဘူးကို ဆွဲယူကာ တဂွတ်ဂွတ်မော့သောက်နေလေသည်။
"မင်းဘာလို့ ဒီနေ့မနက်ပိုင်းအတန်းတွေ လာမတက်တာလဲ"
Jisung ရဲ့အမေးအား လက်ဝါးထောင်ပြကာ စောင့်စေပြီး ရေများကို ကုန်အောင်မျိုချပြီးကာမှ..
"မနက်က အိပ်ရာမနိုးလို့ကွာ"
"ဟင် Alarm ပေးမထားဘူးလား မင်းက"
Jisung ၏ ပက်ခနဲ အမေးကို..
"သူက Alarm သံကြားတာတောင် နိုးတာမဟုတ်ဘူး။ Alarm သာ Auto ရပ်သွားမယ် သူကမထဘူး။ တစ်ယောက်ယောက်က နှိုးပေးမှ..."
Hyunjin ကဖြေမလို့ပေမဲ့ ကြားဖြတ်ပြောလာတဲ့ စကားကြောင့် Jisung တို့သုံးယောက်လုံး Seungmin အား ကြောင်စီစီဖြင့် ကြည့်မိကြသည်။
"အာ....ငါပြောတာက ငါတို့လူငယ်တွေက Alarm သံနဲ့ တော်ရုံမနိုးတတ်ကြဘူးလေ"
"ငါတို့အတွက်ကမှန်ပေမဲ့ မင်းကတစ်ကြိမ်ထဲနဲ့ နိုးပါတယ် Seungmin"
Jisung ရဲ့ ငြင်းဆိုမှုနောက်မှာ Seungmin ဟာ အကြပ်ရိုက်သွားဟန်။ ငြိမ်သက်နေတဲ့ အခြေအနေတွင် Hyunjin က စကားပြန်စသည်။
"အင်း... အဲ့တာငါမနိုးလို့ကွာ...မနက်စာတောင်မစားခဲ့ရဘူး။ ခုမှနေ့လည်စာနဲ့ ပေါင်းစားရမှာ။"
"အဲ့တာဆို မင်း ထမင်းစားသင့်တယ် Hyun။ ဂျုံတွေက စားတိုင်းမကောင်းဘူး။"
"ဟင် Hyun လို့ခေါ်လိုက်တာလား"
Felix ရဲ့ ဝိုင်းစက်သွားတဲ့ မျက်လုံးတွေနှင့် မယုံကြည်နိုင်သလို အမေးစကားဟာ ရိုက်ချက်ပြင်းသည်ထင်။ Seungmin သည် ဖြောင့်ချက်ပေးရန်ပင် မတတ်နိုင်တော့ပဲ သူလုပ်စရာရှိသေးတယ် ဆိုကာ စားပွဲဝိုင်းမှပင် ထ ၍ ထွက်သွားလေပြီ။
ထွက်သွားသူနောက် ငြိမ်သက်စွာ လိုက်ငေးနေတဲ့ Hyunjin အား မြင်ရသည့်အခါတွင် Jisung ထိုနှစ်ယောက်နဲ့ ပတ်သက်ပြီး အနံ့တစ်ခုခုရလာသလိုပင်။
မကြာမီပင် Changbin Hyung ရောက်လာကာ Lix အား လာခေါ်သွားတာမို့ Jisung နှင့် Hyunjin နှစ်ယောက်ထဲ Canteen တွင် ကျန်ခဲ့ရသည်။
ဇာတ်တိုက်ထားသလို အခါအခွင့်သင့်နေတာမို့ ဘာအပူပင်မှမရှိပဲ ခေါက်ဆွဲများငုံ့စားနေသူ Hyunjin အား ဇာတ်ပိုးမှဆွဲကိုင်လိုက်ကာ..
"Hyunjin"
"ဟမ်"
ပါးစပ်တွင် ခေါက်ဆွဲဖတ်များ တန်းလန်းဖြင့် Jisung အားပြူးပြီးကြည့်နေသည်။
"မင်း Seungmin ကိုကြိုက်လား"
"အဟွတ် အဟွတ်"
Hyunjin စားလက်စ ခေါက်ဆွဲများပင် သီးကာ ရင်ဘတ်ကို တဘုန်းဘုန်း ထုနေရင်းမှ..
"ဘယ်လိုမေးတာ"
"မင်း Seungmin ကို ကြိုက်နေတာလားလို့"
"ငါကဘာလို့ကြိုက်ရမှာလဲ မကြိုက်ပါဘူး"
ဘောက်ဆတ်ဆတ်ပြန်ဖြေသော်လည်း မျက်လုံးများက ဂနာမငြိမ်။
"အဲ့ဒါဆို ဘာလို့မင်း Seungmin ကို ကြည့်တဲ့ အကြည့်က မတူရတာလဲ"
"ဘယ်ကမတူလို့လဲ"
"အရမ်းကိုနူးညံ့လွန်းနေတာမဟုတ်ဘူးလား"
လက်ကိုဟန်ပါပါ ပိုက်ရင်း မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်တော့..
"မင်းကိုလဲ ဒီမျက်လုံးနှစ်လုံးနဲ့ပဲ ကြည့်တာ။ သူ့ကိုလဲ ဒီမျက်လုံးပဲ ဘာမှမတူစရာမရှိဘူး"
သူ့ရဲ့ ရှယ်သွယ်သွယ်မျက်လုံးတွေကို လက်ညှိုးဖြင့် ဖောက်ဝင်မတတ် ထိုးပြရင်း ပြောသည်။ သို့သော်ငြား Jisung အလျော့မပေးနိုင်။
"မင်းတစ်ခုခုကို လျှို့ဝှက်ထားတာမျိုး မလုပ်ရင်ကောင်းမယ် Hyunjin။ သိတယ်မလား ငါက Kim Seungmin ရဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုတာ။ ငါသာဝင်ပါပေးရင် ချက်ချင်းပွဲသိမ်းမှာ"
Jisung စကားဆုံးတော့ တွေးဆဆဖြစ်သွားတဲ့ Hyunjin ဟာ အတန်ကြာ ငြိမ်သက်နေသည်။ Jisung လဲ စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေမိတုန်း Hyunjin က စားလက်စခေါက်ဆွဲကို ဆက်မစားတော့ပဲ တူကိုချလိုက်ကာ..
"ဟုတ်တယ် Jisungie။ ငါသူ့ကိုကြိုက်နေတယ်"
Jisung ထိုင်ခုံနောက်မှီအား ပြန်မှီထိုင်လိုက်ကာ.
"ငါထင်သားပဲ"
"ဒါပေမဲ့ အခုမှမဟုတ်ဘူး။ အရင်ကတည်းက"
"ငါတို့နဲ့စတွေ့ကထဲကမလား"
"မဟုတ်ဘူး မင်းတို့နဲ့မတွေ့ခင်ကထဲက"
"ဟမ် မင်းဘာပြော.."
Hyunjin က သက်ပျင်းတစ်ချက်ချကာ ကျွန်တော့်ကိုစိုက်ကြည့်လာရင်း
"ငါနဲ့သူနဲ့က အခုမှသိတာမဟုတ်ဘူး။ မင်းတို့နဲ့မခင် ခင် မလေးရှားမှာကတည်းက သိတာ"
"ဘာ............"
ဤသို့နှယ် သူတို့နှစ်ယောက် အချစ်ဇာတ်လမ်းအား Jisung အစအဆုံး သိရပြီးသည့်နောက် Hyunjin အား ကူညီပေးရန်အလို့ဌာ Seungmin ရဲ့ စိတ်ခံစားချက်များကို တိတိကျကျသိရစေရန် ကြံဆောင်ခဲ့ရတော့သည်။
~~~~~~~~~~~~~~~~~~~~~~