Part 14.1
14 01
အခန်း (၁၄)
ကိုနှင်းဆီ
"ကျွန်မ လင်းပေ့ပါ...ရှင်တို့က?"
အမျိူးသမီးက နေကာမျက်မှန်ချွတ်လိုက်ပြီး မပြုံးချင်ပြုံးချင်နဲ့ ပြုံးပြတယ်။ သူ့မျက်နှာလေးက လှတော့လှပါရဲ့။ ဒါပေမယ့် မျက်လုံးတွေက ရဲတွတ်နေတယ်။ မျက်ကွင်းညိုညိုတွေဆိုတာလည်း မဲပြာနေလွန်းလို့ ဖုံးဖိလို့တောင်မရ။ မျက်မှန်ချွတ်လိုက်တော့ သူမဟာ ရုတ်တရက် အများကြီးပိုပြီးအိုစာသွားတယ်။
သူမလည်ပင်းမှာ အလွန်အမင်းဈေးကြီးပုံရတဲ့ ကျောက်စိမ်းဗုဒ္ဓအရုပ်လေး ဆွဲထားပေမယ့် ဖက်ရှင်ကျတဲ့ သူမအဝတ်အစားတွေနဲ့တော့ မလိုက်ဖက်ဘူး။
"ကျွန်တော်တို့က လုံခြုံရေးပိုင်းကို စစ်ဆေးမယ့်သူတွေပါ...
ရဲတွေနဲ့ ပူးပေါင်းကူညီပေးနေကျ အဖွဲ့အစည်းတစ်ခုရဲ့ ဝန်ထမ်းတွေပေါ့"
ယင်းရန်က မျက်နှာထားတည်တည်နဲ့ သူ့အလုပ်သမားIDကိုပြလိုက်တယ်။ ပြောရမယ့်စကားတွေကို သူ စိတ်ထဲမှာ တိတ်တ်ိတ်လေးကြိုလေ့ကျင့်ထားတာ။
လင်းပေ့က ယင်းရန်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး..
"အခြေအနေအချိန်အခါ မသင့်တော်တာကြောင့်သာမဟုတ်ရင် ကျွန်မရှင့်ကိုကျူးမှာ"
'ကျူးတယ်'ဆိုတာဘာလဲ? တလောလေးကမှ မြေကြီးထဲကဖောက်ထွက်လာတဲ့ ယင်းရန်တစ်ယောက် ချက်ချင်း လန့်ဖြန့်သွားတယ်။
ကံကောင်းချင်တော့ တွဲဖက်လေးက သူ့ကို အချိန်မှီဝင်ကယ်ရှာပါတယ်။ ကျူံးချန်းရှော်က ဖုန်းဖွင့်ပြီး အသံဖမ်းခလုတ်ကိုနှိပ်ကာ...
"မစ်လင်းအလုပ်အကိုင်က ဘာများလဲ?"
"ကျွန်မက တစ်ပိုင်တစ်နိုင် စတူဒီယိုထောင်ထားတာ..ပြည်တွင်းဖြစ်ကြော်ငြာတွေလည်းရိုက်တယ်..ကုန်ပစ္စည်းတွေလည်းပို့တယ်"
လင်းပေ့က အားမရှိစွာနဲ့ ခုံမှာကျောမှီလိုက်ပြီး..
"ဒါပေမယ့် ဟိုက်ကူက ထိပ်တန်းမြို့စာရင်းမဝင်တော့ စီးပွားရေးလုပ်ရတာ သိတဲ့အတိုင်းပဲလေ...နေပါဦး စနေပြီလား?"
"ဟုတ်ကဲ့"
"တစ်ခုခု အရင်မှာရအောင်..ကျွန်မ ပဲနို့Ice Latteသောက်ချင်တယ်...ရှင်တို့နှစ်ယောက် ဘာသောက်မလဲ?"
"သဘောတူတယ်"
ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြတ်ပြောလေတဲ့ ယင်းရန်ရယ်ပါ။
"ကျွန်တော်လည်း ဒီချောကလက်ဝေဖာရေခဲမုန့်ပွဲဲကြီးမှာချင်နေတာ...ကျူံးကောကရော?"
"နွားနို့အပူတစ်ခွက်..သကြားမထည့်ဘူး"
လင်းပေ့: "........"
ဘာလို့မဆီမဆိုင်ဖြစ်နေသလို ခံစားနေရပါလိမ့်? အဲ့လိုမှန်းသိရင် အအေးအဓိကရောင်းတဲ့ ကော်ဖီဆိုင်မှာတွေ့ဖို့ မချိန်းပါဘူး။
ယင်းရန်ကတော့ မအံ့သြ။ အခုဆို သူ ကျူံးချန်းရှော် စားပုံသောက်ပုံတွေနဲ့ ကျင့်သားရနေပြီလေ။
ရှီအန်းကန်တင်းဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်...ကျူံးချန်းရှော်က အရသာမပြင်းဘဲ ကျန်းမာရေးနဲ့ညီညွတ်တာပဲ စားတယ်။ နည်းနည်းလေးပဲ စားတာမျိူးမဟုတ်သလို ဗိုက်တင်းကားသွားအောင်လည်း မစားဘူး။ အစားအသောက်ရွေးတဲ့နေရာမှာ စည်းကမ်းရှိပြီးတော့ ကြက်ကြော်တို့ ကိတ်မုန့်တို့လို အဆီများတာတွေဆို လုံးဝမစား။
သူ့ခန္ဓာကိုယ် ကျန်းမာနေတာ အံ့သြစရာတော့မရှိဘူး။ သူများ ပုံမှန်စားနေကျတွေကို သူက လုံးဝထိမှမထိတာကိုး။
နေ့ခင်းဘက်မို့ နေ့အလင်းရောင်ထိန်လင်းနေလေတော့ မိတ်ကပ်လိမ်းထားတဲ့လင်းပေ့ထက် ကျုံးချန်းရှော်ရဲ့အသားအရည်က ဘယ်လောက်ထိပိုပြီး ကြည်လင်နေတယ်ဆိုတာ သိသိသာသာကြီးမြင်နိုင်နေတယ်။ အပူရှိန်မြင့်နေတဲ့နွေလည်ခေါင်မှာတောင်..ချွေးနံ့၊ဆေးလိပ်နံ့တွေထွက်နေတဲ့ သူတို့ဘေးပတ်လည်က အမျိူးသားတွေနဲ့ခြားနားလှစွာ ကျူံးချန်းရှော်ရဲ့ကိုယ်သင်းနံ့က လတ်ဆတ်တဲ့လေနုအေးနဲ့ အလားသဏ္ဍာန်တူတယ်။
ဒီလိုနဲ့ လင်းပေ့ရဲ့အာရုံက တဖြည်းဖြည်း ကျူံးချန်းရှော်ဘက်လှည့်သွားတယ်။ အခုအချိန်မှာ သူမလိုအပ်နေတာ ဒီလိုသိမ်မွေ့ပြီး စိတ်မရှုပ်ရတဲ့ အေးချမ်းမှုလေးပဲဖြစ်လိမ့်မယ်။
"ပူးပေါင်းပါဝင်ပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ ရှီအန်းဘက်က ဒကာခံမှာပါ"
မှာလို့ပြီးတာနဲ့ ကျူံးချန်းရှော်က အဓိကအကြောင်းအရာကို ပြန်စလိုက်တယ်။
"မစ်လင်းက ကောင်းမုန်ယွီနဲ့ ဘယ်လိုပတ်သက်လဲ?"
လင်းပေ့ဟာ အလိုလိုပြတင်းပေါက်အပြင်ကို လှမ်းကြည့်မိသွားပြီး စိတ်လှုပ်ရှားမှုကြောင့် လက်ကိုင်ပုဝါကို ဆုပ်ချေနေတယ်။
"သူနဲ့က အလယ်တန်းရော အထက်တန်းရော အတူတူတက်ခဲ့တာ...ဒါပေမယ့် အဲ့တုန်းက သိပ်မခင်ဘူး...တက္ကသိုလ်ဝင်ခွင့်အောင်သွားကတည်းက အခေါ်အပြောမရှိတော့တာ ဒီအလုပ် စလုပ်ဖြစ်တဲ့အချိန်ထိပဲ"
နောက်တော့ ကျူံးချန်းရှော်အမေးကိုမစောင့်ဘဲ သူမဘာသာသူမ ဆက်ပြောတယ်။
"လွန်ခဲ့တဲ့၃နှစ်လောက်ကမှ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တိရစ္ဆာန်ဆေးရုံမှာပြန်ဆုံတာ...ကျွန်မကြောင်လေး နေမကောင်းဖြစ်လို့ သွားပြတာရယ်..သူကလည်း သူ့ကြောင်ကို checkupလာလုပ်တာရယ် ကြုံကြိုက်သွားတာလေ...နောက်တော့ ကြောင်လေးတွေအကြောင်းနဲ့ ကိုယ့်ဘဝအကြောင်းတွေ ပြောဖြစ်ကြတယ်... အင်းး သူနဲ့ကျွန်မကို သူငယ်ချင်းအဖြစ် ယူဆလို့ရမှာပါ"
ကျူံးချန်းရှော်တစ်ယောက် တစ်ငုံချင်း နွားနို့သောက်နေတာ ရပ်သွားပေမယ့် ယင်းရန်ကတော့ ပါးစပ်နဲ့အပြည့် ရေခဲမုန့်တွေ ထိုးထည့်နေတုန်း။
သူတို့တွေ မသင်္ကာတာကို သတိထားမိနေပုံရတဲ့လင်းပေ့ဟာ နည်းနည်းအားကိုးရာမဲ့သွားသလို ခံစားလိုက်ရတာကြောင့်..
"မုန်ယွီက အရမ်းလူကြောက်တတ်တယ်...တစ်မြို့တည်းမှာ အတူနေတာတောင်မှပဲ သိပ်အပြင်ထွက်ချင်တာမဟုတ်ဘူး..သူနဲ့က များသောအားဖြင့် WeChatမှာပဲ ပြောဖြစ်တယ်..အပြင်မှာလူချင်းတွေ့ဖြစ်တာ ခပ်ရှားရှားပဲ"
14 02
ထိုအခိုက် ယင်းရန်က သူမကိုယ်မှာစွဲနေတဲ့ တစ္ဆေနံ့လတ်လတ်ဆတ်ဆတ်ကို အနံ့ခံပြီးနောက် ဇွန်းချထားလိုက်တယ်။
"အခု မစ်လင်းဘက်ကအရင် ကျွန်တော်တို့ကို စဆက်သွယ်တာဆိုတော့... ကောင်းမုန်ယွီ ပျောက်သွားတာနဲ့ပတ်သက်ပြီး ထင်ကြေးပေးချင်တာရှိလား?"
"ရှိတယ်!"
လင်းပေ့ ဘာလို့ ရုတ်တရက်ကြီးတက်ကြွလာမှန်း သူတို့မသိ။
"အဲ့ဒါ ရှဲ့ချောင်လက်ချက်ပေါ့! အဲ့ကောင်က နှာဘူး! သေသွားတာတောင် သူများကိုလိုက်ဒုက္ခပေးနေတုန်း!"
သူမ အရမ်းစိတ်လှုပ်ရှားသွားပြီး ချောင်းတွေပါဆိုးလာတာကြောင့် မှားထားတဲ့Latteကို အားရပါးရ သောက်ချလိုက်တယ်။ အဲ့ဒီနောက် အသက်ဝဝရှူလိုက်ပြီးမှ ပိုက်ဆံအိတ်ထဲကနေ ဆေးပုလင်းလေးထုတ်ယူပြီး ဆေးတွေ သုံး/လေးလုံးမြိုချနေလေရဲ့။
"ကျွန်မ ရဲတွေကိုပြောပြီးပြီ..သူတို့က မယုံဘူး...ရှင်တို့ ရှဲ့ချောင်ကို သေချာစစ်ဆေးရမယ်နော်"
ကျူံးချန်းရှော်၊ ယင်းရန်: "........"
ရဲတွေ မယုံလည်းမယုံချင်စရာပါ။ ရဲဝန်ထမ်းတွေဆိုတာ ပြောရရင် ရှီအန်းရဲ့သိပ္ပံရာထူးတွေနဲ့ ထူးမခြားနားပဲလေ။ သူမပြောတဲ့ရှဲ့ချောင်ကလည်း ပြာဖြစ်နေပြီမလား။
"ဆက်ပြောပါ"
ပြောလိုက်သူဟာ ယင်းရန်။
လင်းပေ့ခန္ဓာကိုယ်က မိစ္ဆာအငွေ့အသက်တွေနဲ့ ဖုံးနေတာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါတွေ ပြင်းပြင်းထန်ထန်ထုတ်လွှတ်နေတယ်။ ကောင်းမုန်ယွီပျောက်သွားတာ သူမနဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ...သူ အဲ့ဒီသရဲတွေထဲက တချို့ကိုဖမ်းပြီး ရှေ့ဆက်စုံစမ်းလို့ရတယ်။
ဒါမျိူးဆိုတာ အိမ်တိုင်ရာရောက် လာခွံ့ကျွေးတာနဲ့ အတူတူပဲ!
ယင်းရန်တစ်ယောက် ပြုံးပျော်ပြီး ရေခဲမုန့်ဆက်စားနေလိုက်တယ်။
"အထက်တန်းတုန်းက ကျောင်းမှာ သူနဲ့ရှဲ့ချောင်က တော်တော်နာမည်ကြီးတာ..အဲ့ဒီအချိန်ကတည်းက တွဲနေတဲ့အပြင် အရမ်းလည်းချစ်ကြတော့လေ...မုန်ယွီက စာတော်တော့ အဆင့်ကောင်းတယ်..ရှဲ့ချောင်ကတော့ ဘိတ်ချေးပဲ..စကားတောင် လူလိုသူလိုမပြောတတ်ဘူး"
လင်းပေ့က ဆေးသောက်ပြီးသွားတော့ လက်ကိုင်ပုဝါကို စိုးရိမ်တကြီး ဆုပ်ချေနေပြန်တယ်။
"မုန်ယွီက တက္ကသိုလ်ကောင်းကောင်းမှာ ဆက်တက်လို့ရရဲ့သားနဲ့..ရှဲ့ချောင်ကြောင့် ဟိုက်ကူမှာနေခဲ့တာ...မနှစ်က ကျွန်မကိုပြောတယ်..သူ အဲ့လိုလုပ်မိတာ နည်းနည်းနောင်တရနေပြီတဲ့"
"အိမ်ခြံမြေဈေးကွက်က တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာတော့ ရှဲ့ချောင်က အဲ့ဒီအလုပ်နဲ့ ပိုက်ဆံတော်တော်ဝင်တယ်လေ...မုန်ယွီက ဘဏ်စာရေးဆိုတော့ တစ်လမှ ၄၀၀၀လောက်ရတာ...အတူတူနေကြတဲ့၂နှစ်အတွင်းမှာ ရှဲ့ချောင်က သူ့ကို နာနီလိုပဲခိုင်းတယ်တဲ့... မုန်ယွီအလုပ်က ဝင်ငွေနည်းတယ်ဆိုပေမယ့် လုပ်ရတာမလွယ်ပါဘူးရှင်...ဝင်ငွေနည်းတာ သူ့အပြစ်မှမဟုတ်တာ..အဲ့ဒါကို ရှဲ့ချောင်က တစ်ချိန်လုံး လိုက်အထင်သေးနေတော့..."
သူမပြောတာကို ကျူံးချန်းရှော်နားလည်တယ်။
WeChatမှတ်တမ်းတွေဖတ်တုန်းက သူတို့နှစ်ယောက် ဒီကိစ္စကြောင့် စကားများထားတာ သူတွေ့ခဲ့တယ်လေ။ ရှဲ့ချောင်က အိမ်မှာအားနေရင်တောင် သူ့လက်ဆယ်ချောင်းက အိမ်အလုပ်တွေကို တစ်စက်မှမထိဘူး။ ကောင်းမုန်ယွီက မကျေနပ်လို့ပြောရင် အဲ့ဒီရန်ပွဲတွေရဲ့ အဆုံးသတ်က...'မင်းက တစ်လဘယ်နှပြားရလို့လဲ? ဒီအိမ်ကို ဘယ်သူထောက်ပံ့နေမှန်း မမြင်ရအောင် မင်းမျက်စိကန်းနေလို့လား?'တို့၊ 'အလုပ်လုပ်ဖို့ကျ အချိန်မရှိဘူး..ကြောင်နဲ့ဆော့ဖို့ကျ အချိန်ရှိတယ် ဟုတ်လား?'တို့..စတဲ့ စကားတွေပါပဲ။
သူ အဲ့လိုပြောလိုက်ရင် ကောင်းမုန်ယွီငြိမ်သွားတယ်။
"နောက်တော့ ရှဲ့ချောင် စတော့ကစားရာကနေ ပိုက်ဆံတွေ အလုံးလိုက်အရင်းလိုက်ရှူံးရော..အဲ့တုန်းကဆို သူတို့တွေ နေ့တိုင်းရန်ဖြစ်တာ...တစ်နေ့ကျတော့ ရှဲ့ချောင်က ချီချီ့ကို လည်ပင်းညှစ်သတ်ပစ်လိုက်တယ်— သြော် ချီချီဆိုတာ မုန်ယွီကြောင်လေးပေါ့..သူ တက္ကသိုလ်ကျောင်းသူဘဝကတည်းက မွေးထားတာ..တော်တော်သံယောဇဥ်ရှိတယ်... အဲ့တုန်းက မုန်ယွီ ရဲတိုင်ဖို့တောင်လုပ်တာ..ဒါပေမယ့် ကြောင်အသက်က တန်ဖိုးမရှိတဲ့အပြင် သက်သေကလည်းမရှိနဲ့..."
"မစ်လင်း..ဒါတွေအကုန် ကျွန်တော်တို့သိပါတယ်"
ကျုံးချန်းရှော်က လင်းပေ့ ပေါက်ပေါက်ဖောက်နေတာကို ဖြတ်ပြောလိုက်ပြီး...
"မူမမှန်တဲ့အခြေအနေတွေအကြောင်း ဦးစားပေးပြောရအောင်"
လင်းပေ့ နင်သွားတယ်။
ဝိုး...ယင်းရန်မှာဖြင့် အံ့သြလို့မဆုံး။ ကျူံးချန်းရှော်ဆိုတဲ့ အမျိူးသားက သူ့ကိုရှုထောင့်ပေါင်းစုံကနေ လုံခြုံမှုတွေပေးစွမ်းနေတယ်— သူ့ယင်/ယန်မျက်လုံးအစွမ်းက သုညဖြစ်တဲ့အပြင် လူမှုဆက်ဆံရေးကလည်း ဟိုတလောကမှ မြေကြီးထဲကထွက်လာတဲ့ သရဲထက်တောင် ညံ့သေးတယ်။ သရဲကိုယ်တိုင်ပဲဖြစ်ဖြစ်၊ လူယောင်ဆောင်ထားတာပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်ရှေ့မှာ အမြှီးတောင်ပေါ်သွားလို့မရဘူး။
ကျူံးချန်းရှော်နဲ့ တွဲဖက်ဆက်ဆံရေးကို သူဆက်ထိန်းထားချင်တယ်။ ဒီအမျိူးသားမှာ စိတ်အေးချမ်းသာမှုတွေ၊ ယုံကြည်မှုတွေအပြည့်ပဲ။
ယင်းရန်က တောက်တောက်ပပပြုံးလိုက်ပြီး...
"ကျူံးကောပြောချင်တာက မစ်ကောင်းရဲ့အနေအထားကို ကျွန်တော်တို့ဘက်က ကောင်းကောင်းသိထားပြီးသားမို့လို့...မစ်လင်းလည်း အရမ်းပင်ပန်းထားတဲ့ပုံပေါက်နေလို့...လိုရင်းကိုမြန်မြန်ပြောလိုက်ရင် မစ်လင်း စောစောပြန်နားလို့ရမယ် ဆိုတဲ့သဘောပါ"
ထိုအခါ လင်းပေ့က မသိမသာမျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ယင်းရန်ကိုလှမ်းကြည့်လိုက်ပြီး..
"ကောင်းပါပြီ"
Telegram မှာ အပိုင်း ၄၄အထိ ရောက်ပါပြီနော်။