Part 11.1
11 01
အခန်း (၁၁)
အငွေ့ပျံသွားခြင်း
လျန်ရှန်းက မြို့တော်စည်ပင်သာယာရေးအစိုးရဌာနမှာ ရုံးတက်ရတဲ့ ရှီအန်းဝန်ထမ်းတစ်ဦးဖြစ်တယ်။ သိပ္ပံရာထူးတော့ မဟုတ်။
ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့ပါရမီက စိတ်ပျက်စရာဆိုပေမယ့် လူကတော့ ဉာဏ်ကောင်းသလို စရိုက်လည်းကောင်းတယ်။ ပုံမှန်ဆိုရင် သတင်းစုဆောင်းတာနဲ့ ဆက်သွယ်ရေးလောက်ပဲ သူတာဝန်ယူရတာ။ အခုတော့ မိစ္ဆာဝိညာဥ်တစ်ကောင် စည်းကျိူးပြီးလွတ်လာတဲ့ကိစ္စနဲ့ လူမလောက်လို့ သိပ္ပံမဟုတ်တဲ့ရာထူးတွေအကုန် အချိန်ပိုဆင်းနေရတာကြောင့် သူပါ အခင်းဖြစ်တဲ့နေရာတွေဆီသွားပြီး အချိန်ပိုင်းလုပ်နေရတယ်။
သူ အခု ဖန်းဟွားအိမ်ယာရဲ့အပေါက်ဝမှာ ရောက်နေတယ်..ကားတစ်စီးကိုကြိုဖို့။
လျန်ရှန်းတစ်ယောက် သက်ပြင်းချပြီး ဘေးပတ်လည်က အိုဟောင်းနေတဲ့ အဆောက်အဦးကြီးတွေကို ကြည့်လိုက်တယ်။
၁၂ထပ်မကတဲ့အထပ်တွေမှာ ပြေပြစ်သပ်ရပ်တဲ့ ပြတင်းပေါက်တွေရှိနေပေမယ့် အနည်းစုသာ မီးရောင်လင်းနေတယ်။ ဝင်ဝင်ချင်းအပေါက်ဝမှာ ရေးဆွဲထားတဲ့ ဖန်းဟွားအိမ်ယာဆိုတဲ့ ရွှေစာလုံးကြီးတွေဟာလည်း ရွှေတွေကွာကျနေပြီ။
လွန်ခဲ့တဲ့ရက်ပိုင်းလေးက ဒီအိမ်ယာမှာ မိန်းကလေးတစ်ယောက် ပျောက်သွားတယ်။
ကောင်းမုန်ယွီတဲ့။ အသက်က ၂၇။ အရင်က ဘဏ်စာရေးလုပ်ခဲ့ပေမယ့် ဒီနှစ်အစပိုင်းမှာပဲ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ သူမ အလုပ်ထွက်လိုက်တယ်။ အဲ့ဒါကြောင့်ပဲ သူမ ဖန်းဟွားအိမ်ယာမှာ တစ်ယောက်ခန်းလေး ငှားနေနေတာ။
ရဲဘက်ကပေးတဲ့ အမှုတွဲဖိုင်ထဲမှာ ကောင်မလေးဓာတ်ပုံပါတယ်။ ဆံပင်မြှင့်စီးထားတဲ့ ကောင်းမုန်ယွီက လေးထောင့်ပုံမျက်နှာကျရယ်၊ မှေးမှေးစင်းစင်းမျက်ဝန်းတွေရယ်၊ မဆိုစလောက်လေး ကြီးတဲ့နှာခေါင်းရယ်နဲ့ သာမန်ရုပ်သွင်မျိူးပဲ။ ပုံထဲမှာ သူမက ကင်မရာကို ကြောင်အမ်းအမ်းနဲ့ကြည့်နေတယ်...မသိမသာ တောင့်တင်းနေတဲ့ မျက်နှာအမူအရာတွေနဲ့။
လွန်ခဲ့တဲ့၄ရက်လောက်ကတည်းက ကောင်းမုန်ယွီ ဘယ်သူ့ကိုမှ မဆက်သွယ်တော့ဘူး။
မိသားစုနဲ့သူငယ်ချင်းတွေက သူမကို စာကြိုးစားနေတယ်ပဲ ထင်ခဲ့ကြတာ။ သို့ပေမယ့် တကယ်တမ်း မူမမှန်တာကိုသိသွားတာ ဖန်းဟွားအိမ်ယာကလူတွေဖြစ်နေတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကောင်းမုန်ယွီအခန်းကနေ ဘာမှန်းမသိတဲ့အနံ့ဆိုးကြီး ထွက်လာတယ်တဲ့။ အိမ်နီးချင်းတွေ တံခါးသွားခေါက်တော့ သူမ ပြန်မဖြေဘူး။ အိမ်ယာမန်နေဂျာလည်း ဘယ်လိုမှ အဆက်အသွယ်လုပ်လို့ မရတဲ့အဆုံး သော့အပိုနဲ့ဖွင့်ဝင်ခဲ့ရတယ်။
အခန်းအခြေအနေကို မြင်လိုက်ရတဲ့မန်နေဂျာခမျာ နေရာမှာတင် ချက်ချင်းရဲလှမ်းခေါ်ရလေရော။
ကံကောင်းချင်တော့ အခန်းထဲမှာ ကောင်းမုန်ယွီခန္ဓာကိုယ်ကို ရဲတွေရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ဒီအမှုက လူပျောက်အဆင့်မှာပဲ ရှိသေးတယ်။
ရှီအန်းဘက်က အစမ်းခန့်ဝန်ထမ်းနှစ်ယောက် လွှတ်ပေးမယ်ပြောတော့ လျန်ရှန်းငြင်းလိုက်ချင်တာ... အမှုက လူပျောက်အမှုဆိုပေမယ့် အခင်းဖြစ်သွားတဲ့နေရာက ကြမ်းလွန်းလို့ လူသစ်တွေနဲ့မသင့်တော်ဘူး။
နေဝင်ချိန်ရဲ့ ဆည်းဆာရောင်နီတွေ စုန်းစုန်းမြုပ်ကွယ်ပျောက်သွားပြီ။ ထိုအခိုက် ဖန်းဟွားအိမ်ယာအဝင်ဝကို ရှီအန်းအထူးသီးသန့်ကား ဆိုက်ရောက်လာတယ်။
အရင်ထွက်လာတဲ့တစ်ယောက်က မျက်မှန်လေးနဲ့။ သူ့အလုပ်သမားIDမှာ တံဆိပ်နီထုထားတယ်။ နွမ်းပါးတဲ့တက္ကသိုလ်ကျောင်းသားလို အငွေ့အသက်မျိူးနဲ့ကောင်လေးက လျန်ရှန်းအမြင်မှာတော့ သိပ္ပံပိုင်းမှာတွေ့ရတတ်တဲ့ လူသစ်လေးလိုပါပဲ။ နောက်ကလိုက်ဆင်းလာတဲ့ တစ်ယောက်ကျတော့... နေပါဦး..အဲ့ဒါရှီအန်းကဝန်ထမ်းလား? လိုက်ဖမ်းရမယ့်မိစ္ဆာဝိညာဥ်လား?
သူ သံသယစိတ်တွေနဲ့ ကောင်လေးရဲ့အလုပ်သမားမှတ်ပုံတင်ကို လှမ်းကြည့်လိုက်တော့ ခေါင်းနပန်းတောင်ကြီးသွားတယ်။
သောက်ခွေး! IDမှာ ပြူးနေအောင်ရေးထားတာ 'ဝင်ခွင့်စာမေးပွဲအတွက်သာ'တဲ့!
ဒီနှစ်ယောက်က လူသစ်တောင်မဟုတ်ဘူး။ အခုမှ ဝင်ခွင့်ဖြေထားတဲ့အဆင့်ပဲရှိသေးတယ်။ နောက်ပြီး ယင်းရန်ရဲ့အသွင်သဏ္ဍာန်ကို ကြည့်ရသလောက် ဘယ်နည်းနဲ့မှ အထက်လမ်းကျင့်ကြံသူ မဖြစ်နိုင်ဘူး။
လျန်ရှန်းလည်း သက်ပြင်းသာချရင်း ရှေ့ကိုနှစ်လှမ်းတိုးလိုက်ပြီး တံဆိပ်နက်ထုထားတဲ့ သူ့IDကိုပြလိုက်တယ်။
"ရှီအန်း! ဒီမှာ ဒီမှာ!"
"ကျူံးချန်းရှော်နဲ့ ယင်းရန်ဟုတ်တယ်မလား? ဒါယူထား..အထဲမှာ လက်အိတ်ရယ် ဖိနပ်အစွပ်ရယ် အန်ဖို့အိတ်ရယ်.. သုံးခုအတွဲလိုက်ပါတယ်...ခဏနေ သုံးချင်သုံးရမှာ"
သူ စကားကို အပြေးအလွှားပြောရင်း လက်ထဲကအိတ်တွေကို ကောင်လေးနှစ်ယောက်ဆီ ဝေပေးလိုက်တယ်။
"အရင်ဆုံး ရဲတွေကို သွားနှုတ်ဆက်ရမယ်..ပြီးမှ ပျောက်သွားတဲ့ကောင်မလေးအခန်းကို သွားမယ်...အခန်းထဲရောက်ရင် ဘာကိုမှ မယူရဘူး..နေရာမရွှေ့ရဘူး...မသင်္ကာစရာတွေ့ရင် ငါ့ကို အရင် အကြောင်းကြားရမယ်... ဝေ့ ရှောင်ကျူံး ဘယ်ကိုကြည့်နေတာလဲ?"
ယင်းရန်က သေချာလိုက်နားထောင်နေတာ။ ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ ကျူံးချန်းရှော်တစ်ယောက် တခြားနေရာကိုကြည့်နေတာ မြင်လိုက်ရတယ်။
ကျူံးချန်းရှော်ကြည့်နေတဲ့နေရာကို သူလိုက်ကြည့်မိတော့ တွေ့လိုက်ရတာက လူကောင်ကြီးကြီးတစ်ယောက်။
အိမ်ယာအဝင်ဝတည့်တည့်မှာ ခေါက်ကုလားထိုင်တစ်လုံးကို သယ်ထားရင်း ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်ဖြစ်တယ်။
11 02
အကွက်မပါတဲ့ရှပ်အိင်္ကျီ ဝတ်ထားပြီး ညှိုးကျနေတဲ့မျက်ဝန်းတွေအောက်မှာ မျက်ကွင်းညိုညိုတွေပါရှိနေတော့ သူ့ကြည့်ရတာ အလွန်တရာ ကြောက်ဖို့ကောင်းနေတယ်။ အဘိုးကြီးက သူတို့သုံးဦးကို ဒေါသတကြီးစိုက်ကြည့်နေပြီးနောက် မြေကြီးဆီအကြည့်လွှဲသွားလေရဲ့။
ကျူံးချန်းရှော်က သူ့ကို ခဏလောက် စူးစမ်းသလိုကြည့်နေပြီးမှ..
"အဲ့ဒါ ဘယ်သူလဲ?"
"ဒီရပ်ကွက်ထဲကလူပဲ နေမှာပေါ့..ငါလည်း အခုမှမြင်ဖူးတာ...သွားမနှောင့်ယှက်နဲ့..မင်းစိတ်ထဲထင့်နေရင် ရဲကိုသာတိုက်ရိုက်ပြောလိုက်"
သူ ပြတ်ပြတ်သားသားပြောပြီး ဓာတ်လှေကားခလုတ် နှိပ်လိုက်တယ်။
အသစ်တွေအများစု ဒီလိုပဲ။ အကုန်လုံးကိုလိုက်စပ်စုပြီး လူတိုင်းကို မသင်္ကာသူလို့ထင်နေကြတာ။
"အမှုအကြောင်း ဖတ်ထားလား? မင်းတို့က အခု တတိယလူအနေနဲ့ ဝင်ကူညီပေးရမှာ..ဒီတော့ ကွင်းဆင်းလေ့ကျင့်တယ်လို့ သဘောထား...သေချာလိုက်မှတ်ရင်ရပြီ..အမှုဖြေရှင်းဖို့အထိ မလိုဘူး...အဲ့ဒါထက် မင်းတို့ ထမင်းမစားလာခဲ့ဖို့ မျှော်လင့်တယ်နော်..စားလာရင် ခဏနေ အကုန်အန်တော့မှာမို့လို့"
ကျူံးချန်းရှော်က အားတက်သရော ခေါင်းညိတ်ပြပြီး လိုရမယ်ရ အိတ်ကိုကြိုပြင်ထားလိုက်တယ်။ ယင်းရန်ကလည်း သူလုပ်သလို စက္ကူအိတ်ကိုမြန်မြန်ထုတ်ယူပြီး လက်ထဲမှာညှစ်ထားလိုက်ပါသတဲ့။
ကောင်းမုန်ယွီက ၁၄ထပ်က အခန်းနံပါတ် ၁၄၁၃မှာနေတာ။ အဲ့ဒီ၁၄ထပ်ကို ဓာတ်လှေကားရောက်တယ်ဆိုရင်ပဲ ဘယ်သူမှ ယောင်လို့တောင်အနံ့မခံဖူးချင်တဲ့ အနံ့ဆိုးကြီးက ဓာတ်လှေကားထဲထိ ဝင်ရောက်ပျံ့နှံ့လာတယ်။
ယင်းရန်တစ်ယောက် ရွံရှာမှုကြောင့် နှာခေါင်းရှုံ့မိပါရဲ့။
အသားစိမ်းတွေ ပုပ်ပွဆွေးမြေ့တဲ့အနံ့က သူနဲ့မရင်းနှီးချင်မှအဆုံးပဲ။
ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ အလုံးလိုက်အရင်းလိုက် ဝင်လာတဲ့အနံ့ဆိုးကြီးက သူတို့ကိုလွှမ်းခြုံသွားလေတော့ သုံးဦးသား မိလ္လာကျင်းထဲရောက်သွားတဲ့အလား။ ယင်းရန် ချက်ချင်း မျက်မှောင်ကြုပ်လိုက်မိတယ်။ ကျူံးချန်းရှော်ကဖြင့် နောက်ဆုတ်ပြီး နှာခေါင်းတွေ၊ ပါးစပ်တွေတောင်ပိတ်နေပြီ။
လျန်ရှန်းက အရင်ဦးအောင် ဓာတ်လှေကားထဲကထွက်သွားပြီး မျက်နှာတစ်ချက်မပျက်ဘဲ ရှင်းပြတယ်။
"ဖန်းဟွားအိမ်ယာက ရုံးလုပ်ငန်းခွင်တစ်ခုဖြစ်ခဲ့တာ...နည်းနည်းဟောင်းနေပြီဆိုတော့ အိမ်ငှားခသက်သာတယ်...လာနေတဲ့သူအများစုကလည်း လူငယ်တွေပဲ...လူတွေတပြုံကြီး နေနေတာပေမယ့် လုံခြုံရေးပိုင်းမှာ လုံးဝဟာကွက်မရှိဘူး"
ကျူံးချန်းရှော်က နှာခေါင်းပိတ်ထားရင်း ပြန်ပြောတော့ အသံက ဗလုံးဗထွေးဖြစ်နေတယ်။
"ဒါဖြင့် ဘာလို့ ရှီအန်းကိုဝင်ကူညီခိုင်းတာလဲ?"
Telegram မှာ အပိုင်း ၃၀အထိ ရောက်ပါပြီနော်။