ချွမ်းရွေ့သည် မှိုရသည့် မျက်နှာနဲ့
ကျောင်းကိုလာသည်။ဖြတ်သွားသည့် ခွေးလေးကအစ အရင်က ကြည့်မရပါဘူးဆိုသည့်
စီနီယာအဆုံး လိုလိုချင်ချင်ပြုံးပြမိသည်။
ချွမ်းရွေ့အတွက်တော့
ကောင်းကင်ကြီိးကတောင် ပြာလဲ့နေသလို။
"ဟေ့ကောင် မြန်မြန်ပြေး မင်းအဖေ
မိုးကရွာမှာလားမသိဘူး မှောင်မည်းနေတာပဲ"
အနောက်ကနေ ဘယ်သူအော်လဲဆိုတာ
လှည့်ကြည့်စရာမလို ဝူဟွန်းဆိုတာသေချာသည်။
ချွမ်းရွေ့က အခုမှ ကောင်းကင်ကို မော့ကြည့်မိတော့ အင်း နည်းနည်းတော့ ကောင်းကင်ကြီးက
မည်းနေသလို။
"good morning ဟေ့ကောင်"
ချွမ်းရွေ့သည် တစ်ခါမှမပြုံးပြဖူးသော
ဖော်ဖော်ရွေရွေအပြုံးကြီး ပြုံးပြလာသည်။
စိတ်ပျော်နေသည်လေ။
"ဘာမှမ good နိုင်ဘူး ဟေ့ကောင် မနက်ထဲက
မိုးရွာနေတာကို မင်းက good နိုင်သေးတယ် "
မိုးရွာတဲ့နေ့ဆို လူတွေက စိတ်အခြေနေမကောင်း။
အချိန်အခါမဟုတ်ရွာသည့် မိုးဆို ပိုဆိုးသည်။
"နေပါဦး မင်းမျက်ကွင်းတွေဘာဖြစ်"
ဝူဟွန်းသည် ချွမ်းရွေ့မျက်နှာကို အခုမှ
ကြည့်မိသည်။ မျက်နှာက ပြုံးယောင်သန်းနေသော်လည်း မျက်ကွင်းက ပန်ဒါအလား။
"ငါ ညက အိပ်ရာ၀င်နောက်ကျသွားလို့
အရမ်းသိသာနေတာလား"
အခုမှ ချွမ်းရွေသည် ပြူးပြူးပြဲပြဲ ဘေးက
ဘယ်မေဂျာမှန်းမသိသည့် အခန်းကပြတင်းပေါက်ကို မှန်သဖွယ်အသုံးပြုကာ ကြည့်သည်။အထဲက ကျောင်းသားတွေက ချွမ်းရွေ့တို့ကို အထူးအဆန်းကြည့်လာသည်။
"သူများအခန်းရှေ့မှာ လာ
ငါတို့အခန်းရောက်မှကြည့်"
ဝူဟွန်း ဆွဲခေါ်ရာနောက်ကို ချွမ်းရွေ့သည်
ကသောကရောပါသွားသည်။
.
.
ရွာချလာသည့် မိုးနဲ့အတူ လူတိုင်း၏
စိတ်အခြေအနေတွေသည် အဆိုးဆုံး။
ကြိမ်ဖန်များစွာ ကြားဖူးသည့် ရင်းနှီးနေသည့်
အသံသည် ဘယ်လောက်ပြောပြော
ခေါင်းထဲမ၀င်သည့် စာတွေကို ရွတ်ဆိုနေသည်။ရာသီဥတု အေးအေးလေးမှာ သားချော့တေးအလား။ထိုသူတွေနဲ့ ခြားနားစွာ ချွမ်းရွေ့သည် မျက်လုံးကိုပြူးလို့ သင်ခန်းစာတွေကို စိတ်ပါ၀င်စားစွာ
လိုက်နားထောင်သည်။ ပါမောက္ခနဲ့ မျက်လုံးချင်း
ဆုံတိုင်းလည်း ပြုံးပြဖို့ မမေ့။ တစ်ခန်းလုံးမှ
တစ်ယောက်တည်းက တက်ကြွနေတော့
ပါမောက္ခသည် သူ့အကြည့်တွေကို ချွမ်းရွေ့
ဆီကိုပို့သည်။ အကျိုးရလဒ်အရ ချွမ်းရွေ့ဘေးက
ဝူဟွန်းက ခိုးငိုက်လို့မရတော့။ဝူဟွန်းအတွက်တော့ ခက်ခဲသည့် အချိန်တွေ ဖြစ်ခဲ့သည်။
"မင်း ငါကို ပြောစရာလေး ဘာလေးမရှိဘူးလား"
ဆရာ ထွက်သွားသည်နဲ့ ဝူဟွန်းသည်
တစ်ချက်သမ်းပြီး ဘေးက တစ်ယောက်ကို လည်း မေးရသေးသည်။ ထူးဆန်းတဲ့အရိပ်အယောင်တွေ။
"ရှိတယ် ငါလည်း ဘယ်ကနေ စပြောရင်ကောင်းမလဲ စဥ်းစားနေတာ မင်း မေးတာနဲ့အတော်ပဲ"
ချွမ်းရွေ့သည် အရူးလိုမျိုး အပြုံးအကြီးကြီး
ပြုံးပြပါသည်။ထိုအပြုံးကိုမြင်တော့ ဝူဟွန်းသည် မေးမိတာကို နောင်တရသွားသည်။
ငါ မသိချင်တော့ဘူး လို့ပြောရင် မှီသေးလား?
"ငါ မမေးခဲ့ဘူးလို့ သဘောထားလိုက်"
ချက်ချင်း ခေါင်းမှောက်အိပ်ဖို့ပြင်သည်။
"မရပါဘူး မေးပြီးပြီဆိုတော့ ငါပြောတာ
နားထောင်ပေးရမယ် "
အိပ်ဖို့ပြင်သည့် ဝူဟွန်းကို ဆွဲလှည့်သည်။
"အင်း ပြောပြော"
စိတ်ညစ်တယ် ဘာကောင်လဲမသိဘူး။
"မင်း အံ့သြသွားမှာနော် ငါ ဂယူဗင်း နဲ့"
"အင်း"
"ဟီးဟီး"
ချွမ်းရွေ့သည် စကားကို မဆက်ဘဲ
ရုတ်တရက်ရယ်ပြလာသည်။
"အင်းပြော"
ဝူဟွန်း စိတ်မရှည်ချင်တော့။
"တကယ် အံ့သြသွားမှာ"
"ချီးပဲ ပြောပါကွာ မင်းဟာကလည်း"
ဝူဟွန်းသည် ထအော်မိသည်။ဒါတောင် ချွမ်းရွေ့က
ဘာမှဖြစ်ပုံမထောက်ရင် သေချာတယ်
မေးမိတာ မှားပြီ။
"ငါတို့ တွဲနေပြီ ဟား ဟား"
ချွမ်းရွေ့သည် သူဘာသူပြောရင်း သူဘာသူ
သဘောကျပုံရသည်။အူယားနေသလိုလို။
ဝူဟွန်းမျက်လုံးထဲမှာတော့ ဘယ်လိုမှကြည့်လို့မရ။
"သြော်"
အံသြစရာမပါ။ခန့်မှန်းထားပြီးသားပဲကို။
နှစ်ယောက်သား အချင်းချင်းကြိုက်နေတာ
ဘယ်သူကြည့်ကြည့် သိသည်။
ဒါကိုတောင် မတွဲမှ ထူးဆန်းနေမှာ။ ဝူဟွန်းသည် အရူးနှစ်ယောက် ဘယ််လို စခန်းသွားမလဲဆိုတာကို တွေးကြည့်ပြီး စိတ်ပင်ပန်းရသည်။
"ညနေ ပြန်ရင် ဂယူဗင်းက လာကြိုမှာသိလား
မင်းဘာမင်း ပြန်လိုက်တော့နော်"
ရည်းစားရတာ တစ်ရက်မပြည့်သေးဘူး
ချွမ်းရွေ့က သူငယ်ချင်းကို စွန့်ပစ်လိုက်သည်။
ဝူဟွန်းမခံစားရပါဘူး။သူ့တုန်းကလည်း အဲလိုပဲမို့လို့။
"ဘာလို့ လာကြိုခိုင်းတာလဲ မင်းက သွားကြိုရမှာ
ဟေ့ကောင် အညံ့မခံနဲ့ ငါမင်းကို ရည်းစားထားတဲ့ နည်းတွေပြောပြမယ်"
ဝူဟွန်းက ဆရာကြီးလို။ချွမ်းရွေ့က
သွားတွေတောင် ကိုက်လာသည်။
အံကြိတ်ရလွန်းလို့။ဂယူဗင်းလာကြိုတာ
အညံ့ခံတာမှ မဟုတ်တာ။
ချွမ်းရွေ့က သူ့ဦးနှောက်လေးနဲ့
စဥ်းစားမလို့မရ။
" ရည်းစားထားတာတောင် နည်းရှိသေးတာလား"
ချွမ်းရွေ့က အထူးအဆန်းဖြစ်နေသည်။
ရှေးလူကြီးတွေပြောတဲ့ ဆရာ မပြ နည်းမကျ ဆို
သည့် စကားက နေရာတိုင်းမှာ နည်းလမ်းရှိလို့
အဲလို ချန်ထားခဲ့တာထင်သည်။
"လာ ငါ. ပြောပြမယ်"
ခေါင်းနှစ်လုံးဆိုင်သွားသည်။
"ငါ စာအုပ်ထဲမှတ်ထားဖို့ လိုသေးလား"
ချွမ်းရွေ့ မျက်နှာသည် အလေးအနက်။
" အဲလောက်အထိမလိုဘူး ငါပြောမယ်
ဘာလုပ်လုပ် ကိုယ်ကပဲ ဦးဆောင်ရမယ်
မိန်းကလေးနဲ့ ယောကျာ်းလေးဆိုကွာ.."
"ဂယူဗင်းက မိန်းကလေးမှမဟုတ်တာ ငါကလည်း ယောကျာ်းလေးလေ မင်းနည်းလမ်းက
ဟုတ်ရော ဟုတ်လို့လား"
ချွမ်းရွေ့က ဝူဟွန်းကို သံသယ မကင်းသည့်
အကြည့်နဲ့ကြည့်သည်။နည်းနည်းမယုံချင်တော့ဘူး။
"ဟုတ်ပါတယ်ဆို ဒါအခြေခံနည်းလမ်းကွ
လူတိုင်းအတူတူပဲ ရှင်းရှင်းပြောရရင် ကိုယ်က အားကိုးရတယ်ဆိုတာကို မြင်အောင်ပြရမှာ
သွားကြိုရမယ့် ကိစ္စဆို ကိုယ်ကပဲ သွားကြိုလိုက်၊ နမ်းရမယ်ဆိုလည်း ကိုယ်ကပဲ ဦးအောင်နမ်းလိုက် "
ဝူဟွန်းက အပိုင်ကွက်ပြောလိုက်ရသလို၊တစ်ချက်တည်းနဲ့ ပွဲသိမ်းလိုက်သည်။
"ဘာပဲလုပ်လုပ် အကုန် ငါကပဲ စလုပ်ရမှာပေါ့"
ချွမ်းရွေ့က ဇဝေဇဝါ။
"အင်း အဲတာမှ မင်းက တစ်ဖက်လူအပေါ်အပြည့်အ၀လွှမ်းမိုးနိုင်မှာ ငါပြောတာ နားလည်တယ်မလား"
ချွမ်းရွေ့က နားမလည်ပေမဲ့ ခေါင်းငြိမ့်လိုက်သည်။
"ဝူဟွန်းအပေါက်၀ မှာ မင်းကို လာခေါ်နေတယ်"
အတန်းထဲက တစ်ယောက်ရဲ့ အော်သံကြောင့်
ချွမ်းရွေ့ရော ဝူဟွန်းရော အပေါက်၀ကို ကြည့်လိုက်တော့မိန်းကလေးတစ်ယောက်။
"မမ "
ဝူဟွန်းက တွေ့ရာအကုန် လွယ်အိတ်ထဲထိုးထည့်ပြီး
ထည့်သွားဖို့ပြင်သည်။
ချွမ်းရွေ့က ပြန်ဆွဲချသည်။
"သူက အရင်လာခေါ်နေတာလေ
မသွားနဲ့ ဦးဆောင်နိုင်ရမယ်"
"ချီးကို ဦးဆောင် အခုနေသွားဦးဆောင်ရင် ငါ
ကို ကောက်သွားမှာပေါ့ ဖယ်စမ်းပါ "
ဝူဟွန်းက သုတ်သုတ် သုတ်သုတ်နဲ့ထွက်သွားသည်။
ရည်းစားတောင်မဖြစ်သေးဘူး သူတစ်ယောက်
ကြောင့်သူငယ်ချင်းကိုထားသွားတဲ့
ဝူဟွန်းကိုကြည့်ပြီး ချွမ်းရွေ့က ခေါင်းခါမိသည်။
သူငယ်ချင်းထက် ရည်းစားကို အရေးပေးတဲ့ကောင်။
ညနေအတန်းတွေပြီးတဲ့အထိ ဝူဟွန်းက ပြန်မလာ။
ချွမ်းရွေ့ကလည်းမမျှော်ပါဘူး။ သူမျှော်နေတာ
ဂယူဗင်း။
/ကိုယ် ကားပါကင်မှာ ချွမ်းရွေ့
လျှောက်လာမလား ကိုယ် လာခဲ့ရမလား/
/ငါ လာခဲ့မယ်/
ချွမ်းရွေ့က လမ်းလျှောက်နေတာတောင်
တိမ်တွေပေါ်လျှောက်နေသည့်အလား။
ရည်းစားကလည်း ရသွားပြန်ပြီ။
ခရက်ရှ်ကလည်း ကိုယ့်ကို ပြန်ခရက်ရှ်ပြီး ရည်းစားဖြစ်သွားတဲ့ ခံစားချက်က အရမ်းကောင်းသည်။
ဂယူဗင်းက ကားဘေးမှာ ထွက်စောင့်နေသည်။
ဂယူဗင်းကားလေးက အရမ်းခေတ်ဆန်တာလည်းမဟုတ်သလို၊ပုံတုံးကြီးလည်းမဟုတ်။
ချွမ်းရွေ့က နောက်မှ ပြိုင်ကားတစ်စီး၀ယ်ပေးမယ်လို့ တေးထားလိုက်သည်။
ပိုက်ဆံကိုတော့ အိမ်ကတောင်းရမှာပေါ့။
ချွမ်းရွေ့ကိုမြင်တော့ ပြုံးပြသည်။ ဂယူဗင်း
မျက်နှာလေးကို ငေးနေရတာနဲ့ကို ချွမ်းရွေ့က
လမ်းလျှောက်နည်းတွေပါ မေ့သွားသည်။
အကြာကြီးရပ်နေမိလို့ထင်သည် ဂယူဗင်းက
ချွမ်းရွေ့ဆီက လာဖို့လုပ်သည်။
"နိုး မလာနဲ့"
ချွမ်းရွေ့ကအော်တော့ ဂယူဗင်းက
အကြောင်သား၊ဘေးကလူတွေကလည်း
ချွမ်းရွေ့ကို ကွက်ကြည့်ကွက်ကြည့်။
ချွမ်းရွေ့က အရင်ဦးအောင် ဂယူဗင်းနား
သွားလိုက်သည်။
"ကိုယ်ကိုစောင့်နေတာ ကြာသွားလား"
ဂယူဗင်းက ချွမ်းရွေ့ မျက်နှာရှေ့က ဆံပင်တွေကို အသာအယာဖယ်ပေးသည်။ အဲလိုဆံပင်တွေကျအောင် အချိန်အကုန်ခံ ပြင်ထားရတယ်ဆိုတာကိုတော့ ချွမ်းရွေ့ ထုတ်မပြောမိ။ ဂယူဗင်းလေးက
ချစ်လို့ လုပ်ပေးတာပဲ သည်းခံလိုက်ပါမယ်လေ။
"တစ်ခုခု သွားစားကြမယ်လေ ကားထဲ၀င်"
ချွမ်းရွေ့က ဂယူဗင်း အတွက် ကားတံခါးတောင်
ဖွင့်ပေးလိုက်သေးသည်။ဂယူဗင်း ကားထဲ၀င်တော့လည်း တံခါးဘောင်နဲ့ မထိအောင် ခေါင်းကို
လက်ခံပေးထားသည်။
ပြီးမှ ချွမ်းရွေ့က lover seat မှာ ၀င်ထိုင်သည်။
ချွမ်းရွေ့ ၀င်ထိုင်တော့ ဂယူဗင်းကဘာတွေ
သဘောကျမှန်းမသိ မျက်နှာက ခပ်ပြုံးပြုံး။
"ခါးပတ်ရော ပတ်ပေးချင်သေးလား"
ဂယူဗင်း မေးတော့မှ ချွမ်းရွေ့က ရုပ်ရှင်တွေထဲမှာ ကားပေါ်ရောက်ရင် ခါးပတ်ပတ်ပေးကြတာကို သတိရသွားသည်။
"နေဦးနော် "
ချွမ်းရွေ့က ဂယူဗင်းဘက်ကို ခါးကိုင်းပြီး
ခါးပတ်ပတ်ပေးသည်။နည်းနည်းပုံစံတစ်မျိုးဖြစ်နေပေမဲ့လည်း ရုပ်ရှင်တွေထဲက မင်းသားနဲ့ တူဖို့
ချွမ်းရွေ့က ကြိုးစားနေသည်။
ဂယူဗင်းမျက်နှာကို ငုံ့ကြည့်မိတော့ ဝူဟွန်း ပြောတဲ့စကားက နားထဲပြန်၀င်လာသည်။"နမ်းရမယ်ဆိုလည်း ကိုယ်ကပဲ ဦးအောင်နမ်းလိုက် " ဆိုတာ။
ချွမ်းရွေ့က ခပ်ဖွဖွလေး ဂယူဗင်း နှုတ်ခမ်းတွေနဲ့
ဖိကပ်လိုက်တာဆိုပေမဲ့ ဂယူဗင်းက ချွမ်းရွေ့ခေါင်းနောက်ကို သူ့လက်တွေနဲ့ထိန်းပြီး
ပြင်သစ်အနမ်းလိုမျိုးကို ဆက်လာသည်။
ချွမ်းရွေ့က မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဒီတိုင်း
သဘောကျတာမို့လို့ အလိုက်သင့်ပဲ နေလိုက်သည်။
အသက်ရှုမကြပ်တကြပ်လေးမှာ ဂယူဗင်းက
လွှတ်ပေးလာသည်။
ချွမ်းရွေ့က သတိမကပ်သလို ခပ်ကြောင်ကြောင်လေးဖြစ်နေတော့ ဂယူဗင်းကပဲ သူ့ကို
ခါးပတ်ပတ်ပေးလာသည်။
"ခဏနေ မုန့်စားတော့မှာဆိုတော့ မစားခင်က
အရင်ကြိုနမ်းထားတာ မဟုတ်ရင် ချွမ်းရွေ့က
မုန့်စားပြီးမှ နမ်းတာမကြိုက်ဘူးမလား"
ဂယူဗင်းရဲ့ အပြောကြောင့် ချွမ်းရွေ့ကိုယ်ကို
ကြုံ့ပြီး ကျောပေးထားမိသည်။ရှက်စရာကြီး
ရှက်စရာကြီး!! သေးသေးလေးဖြစ်ပြီး
ဂယူဗင်းရှေ့က ပျောက်ကွယ်သွားချင်မိသည်။
.
.
.
ဂယူဗင်းက ကားမောင်းနေရင်း ချွမ်းရွေ့ကို
လှည့် လှည့်ကြည့်သည်။
"မှန်ပေါ် ခေါင်းမတင်ထားနဲ့လေ ကားကလှုပ်တာနဲ့
ခေါင်းနာမယ်"
ချွမ်းရွေ့က ခေါင်းကို ရွေ့လိုက်သည်။အမှန်ဆို
သူ ခေါင်းစောင်းထားရတာ ဇက်နာနေပြီ။
"ဗင်း ငါ ဇက်နာတယ် "
ဂယူဗင်း လက်တစ်ဖက်က ချွမ်းရွေ့ ဂုတ်ပိုးပေါ်ကို ရောက်လာပြီး ခပ်ဖွဖွလေး နှိပ်ပေးသည်။
"ရတယ် မင်း ကားမောင်းနေတာမလား "
ချွမ်းရွေ့က ဂယူဗင်း လက်ကို ဖယ်သည်။
သူ့လက်တွေကြားမှာ ဆုပ်ထားသည်။ လက်တွေကို ချွမ်းရွေ့က ဆော့နေလည်း ဂယူဗင်းက
ခပ်ပြုံးပြုံးနဲ့ ဘာမှ ပြောမလာ။
မုန့်အတူစားပြီးနောက် ဂယူဗင်းက အိမ်ပြန်လိုက်ပို့လာပါသည်။ ချွမ်းရွေ့အိမ်ရှေ့ရောက်တော့
ချွမ်းရွေ့က ကားပေါ်ကမဆင်းချင်။
ဂယူဗင်းကလည်း ဘာမှအလျင်စလို မပြောလာ။
"ငါ မင်းအိမ်ကို ပြန်လိုက်ပို့မယ်လေ "
ချွမ်းရွေ့က ဂယူဗင်းနဲ့ အတူတူ
အချိန်ထပ်ဖြုန်းချင်သည်။
"ပြီးရင် ကိုယ်က ချွမ်းရွေ့ အိမ်ကို ထပ်လိုက်ပို့ရမှာလား"
ဂယူဗင်းက ရယ်ရယ်မောမောနဲ့စသည်။
ချွမ်းရွေ့က မျက်နှာသိပ်မကောင်းချင်။
သူ ဂယူဗင်း နဲ့ မခွဲချင်ပါ။ ဒီနေ့ကျမှ အိမ်ကလည်း
အရင်ကထက် ပိုနီးနေသလို။ဂယူဗင်း
မျက်နှာလေးကလည်း ဘယ်လောက်ကြည့်ကြည့် မ၀။
"ဘာလို့ မျက်နှာမကောင်းတာလဲ ကိုယ်
ကိုကြည့်ပါဦး"
"ရှန်ချွမ်းရွေ့က ကြောင်လေးလား ကိုယ်ကို
နိုင်စားမယ့် နည်းတွေကိုတောင် သိနေပြီလား"
"ကိုယ်တို့ ကားတစ်ပတ်ထပ်မောင်းကြမယ်
ပြီးရင်တော့ အိမ်ပြန်ရမယ်နော်
အရမ်းနောက်ကျရင် အိမ်က စိတ်ပူနေလိမ့်မယ်"
ဂယူဗင်းကတောင် ချွမ်းရွေ့ကို စိတ်မချတာ၊ချွမ်းရွေ့မိဘတွေဆို ပိုပြီးတောင် စိတ်မချချင်စရာလေးဖြစ်နေမှာ။သူများတွေလို ကပ်ချွဲနေတာမဟုတ်ဘဲ
ဆူပုတ်ပုတ်လေးထိုင်နေရုံနဲ့ကို ဂယူဗင်းက ချွမ်းရွေ့တောင်းဆိုသမျှ အကုန်လုပ်ပေးချင်မိသည်။
လူကသာ ပွေသလိုလို၊လည်သလိုလို လုပ်နေပေမဲ့ အဖြူထည်အူကြောင်ကျားလေးဆိုတော့
ချွမ်းရွေ့ ဘာဖြစ်ချင်တယ်၊ဘာလိုချင်လဲ ဆိုတာ
ဂယူဗင်းက နားလည်နေပြန်သည်။
***
"ရှန်ချွမ်းရွေ့ အိမ်ရှေ့ထိရောက်ပြီးမှ ဘယ်ကို
ထပ်သွားပြန်တာလဲ"
မားမားရဲ့ အော်သံကြောင့် ချွမ်းရွေ့က တုန်ကနဲ။
"သားက အခုမှ ပြန်လာတာလေ"
"နောက်ဆို ကားရပ်မယ်ဆို အိမ်ဘေးကပ်ရပ်
အိမ်ရှေ့တည့်တည့်ကြီးမှာမရပ်နဲ့"
ချွမ်းရွေ့က မားမားကို လိပ်ပြာမလုံသလို
ကြည့်မိသည်။အကုန်သိနေတာပဲလား။မားမားကလည်း သူ့ကို ပညာသားပါပါ ပြန်ကြည့်သည်။
မင်းကိုငါမွေးထားတာပါ ဆိုတာမျိုး။
ဘာမှဆက်မပြောဖြစ်ဘဲ အိမ်အပေါ်ထပ်ကို
သာ တက်လာတော့ အောက်ထပ်ကနေ ကြားရသည့် စကားအချို့ကြောင့် လှေကားထပ်တွေကိုတောင် ကျော်တက်မိမလို့အထိဖြစ်ရသည်။ "ထားလိုက်ပါ မိန်းမရယ် အခုကအစမို့လို့ပါ "ဆိုတာကြီးက
ချွမ်းရွေ့နားထဲ ကိုးလို့ကန့်လန့်၀င်လာသည်။
____