အပိုင်း(၁၄)
"အား အား အား"
"ကယ်ကြပါ ကယ်ကြပါ"
"တစ်ယောက်ယောက် လာကယ်ကြပါ။ ဒီမှာ လူသတ်နေပါတယ်"
ဆုပိုင်က ရုံးခန်းအတွင်းတွင် အိပ်နေရာမှ တိရိစ္ဆာန်ရုံဘက်မှ လာသည့် ကျယ်လောင်သော အော်သံများကြောင့် လန့်နိုးလာသည်။ သူက အိပ်ယာပေါ်မှ ခပ်မြန်မြန် ကုန်းထွက်လိုက်ပြီး တံခါးကို ခပ်မြန်မြန် ဖွင့်ကာ ထွက်ပြေးလာသည်။
"ဘာဖြစ်တာလဲ"
တိရိစ္ဆာန်ရုံထဲမှာ ငါတစ်ယောက်တည်း ရှိတာပါ။ ဘယ်လိုဖြစ်ပြီး အော်ပြီး အကူအညီတောင်းတဲ့ အသံကို ကြားနေရတာလဲ။
တစ်ယောက်ယောက်ဝင်လာလို့လား။
သံသယအပြည့်နှင့် ဆုပိုင်က အသံအရင်းအမြစ် ရှိရာဘက်သို့ သွားလိုက်သည်။
"ပန်ဒါဥယာဉ်အတွင်းကလား"
အသံက ဥယာဉ်အတွင်းမှ လာခြင်းဖြစ်သည်။
တပိုင်လား။
"အိုး"
ဘေးဘက်မှ တပိုင်၏တုံ့ပြန်သံကို ကြားလိုက်ရသည်။ ထိုအခါမှသာ ဆုပိုင်က စိတ်အေးသွားသလို သက်ပြေးရှည်ကြီးကို ချလိုက်သည်။ ပန်ဒါကြီးက အဆင်ပြေသည်။
ဒါပေမယ့် တစ်ယောက်ယောက်က ဒီအထဲကို ခိုးဝင်လာတာလား။
ပန်ဒါဥယာဉ် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်တွင် ဆုပိုင်က မျက်လုံးကို ပွတ်သပ်လျက် ရှေ့သို့ ကြည့်လိုက်သည်။ သူ၏ခြေထောက်က အတွင်းဘက်ပိုင်းသို့ ကောင်းကောင်း ခြေမချနိုင်သေးခင် ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ တွေ့လိုက်ရသည်။
လရောင်အောက်တွင် ...
ဖျော့တော့သော ခန္ဓာကိုယ်သုံးခုက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေကြပြီး သူတို့သုံးယောက်၏ ခန္ဓာကိုယ်ကို ရွှေမြွေ၏ ခန္ဓာကိုယ်က တင်းကြပ်စွာ ရစ်ပတ်ထားသည်။
သူတို့သုံးယောက်၏ အရှေ့တွင်လည်း ပန်ဒါကြီးက မြေပြင်တွင် ထိုင်ရင်း ဝါးမျှစ်ကို ကြိတ်ချေကာ ဝါးနေကာ ရှေ့မှသုံးယောက်ကို မကြာခဏဆိုသလို ကြည့်နေသည်။
"တပိုင်"
ဆုပိုင်က လေထုအခြေအနေက အနည်းငယ် ထူးဆန်းကြောင်း သတိထားသဖြင့် သတိကပ်လျက် အော်လိုက်သည်။
"ဖြန်း ဖြန်း ဖြန်း"
ထိုအခါ တပိုင်က မြေပြင်ပေါ်မှ ကုန်းထလာပြီး လက်ဝါးကို မြှောက်ကာ သူတို့သုံးယောက်၏ ခေါင်းကို တဖြန်းဖြန်း ရိုက်လိုက်သည်။ ကြွတ်ဆတ်သော အသံကပင် ထွက်လာ၏။
"ကယ်ကြပါ ဝူး ဝူး ဝူး ဒီနှစ်ကောင်ကို ဝေးဝေးသွားခိုင်းပေးပါ"
ဝမ်ရှောင်းရုန်က တစ်ကိုယ်လုံး တုန်လျက် မြေပြင်တွင် ဒူးထောက်နေသည်။ ကြီးမားသော မြွေခေါင်းကြီးက ပုခုံးပေါ်တွင် ရှိနေ၏။
သူ၏အသားအရည်ကို ထိမိနေသည့် ထိုမြွေထံမှလာသော အေးစက်ပြီး ကျောစိမ့်ဖွယ်ကောင်းသော ကြေးခွံထန်းကို ခံစားရလေသည်။
ဒါက ဘယ်လို အလုပ်မျိုးလဲ။
သူသာ စောစောသိခဲ့ရင် တစ်သိန်းမပြောနဲ့ တစ်သန်းပေးမယ်ဆိုရင်တောင် မလာပါဘူး။
အရှေ့မှနှစ်ကောင်ကို ကြည့်ပါဦး။ ဘယ်လိုနည်းနဲ့မှ စက်ရုပ်သားရဲ မဟုတ်ဘူး။
ရိုးရိုးရှင်းရှင်းပဲ ပြောရရင် မိစ္ဆာတွေ။
အထူးသဖြင့် အရှေ့က ဝက်ဝံပေါ့။ ကြည့်လိုက်တော့ ရိုးသားပုံနဲ့ အနားကို ရောက်လာတာနဲ့ တဖြန်းဖြန်း ဆက်တိုက် ရိုက်နေတယ်။ သူတို့ကိုယ်ပေါ်က ဘဲလေးဝတ်စုံကိုတောင် ဆွဲခွာပစ်သေးတယ်။
"မင်းတို့က ဘယ်သူတွေလဲ"
ဆုပိုင်က တပိုင်၏ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သူ၏နဖူးကို အသာပုတ်လျက် အရှေ့မှ လူသုံးယောက်ကို ကြည့်သည်။
"ငါတို့ ငါတို့ လမ်းပျောက်သွားလို့ပါ"
"အိုး"
ဆုပိုင်က ပွေ့ထားသော တပိုင်က တစ်ဖန်ခုန်ထွက်သွားပြီး ဝမ်ရှောင်းရုန်ကို မြေပြင်ပေါ်သို့ တွန်းလှဲလိုက်ကာ ခပ်ကြမ်းကြမ်း ရိုက်သည်။
သူ၏ပါးစပ်ကလည်း ခပ်ကျယ်ကျယ်ဖွင့်ထားရင်း အံကြိတ်သံကို ပြုလုပ်နေသေးသည်။
"အား အား အား သူ့ကို မြန်မြန် လွှတ်ပေးခိုင်းလိုက်ပါ"
"သူ့ကို မြန်မြန် ဆင်းခိုင်းလိုက်ပါ။ ငါတို့ကို ငါတို့ကို တစ်ယောက်ယောက်က ငှားထားတာပါ။ ငါတို့က စက်ရုပ်သားရဲကို ဖျက်ဆီးဖို့ ရောက်လာတာပါ။ ကျေးဇူးပြုပြီး မြန်မြန်လေး ဆင်းခိုင်းပေးပါ"
ဝမ်ရှောင်းရုန်ကလည်း သူ၏အရှေ့မှ ဝက်ဝံ၏အစွယ်များကို ကြည့်နေရင်း သူ၏သေးကိုပင် မထိန်းထားနိုင်တော့ချေ။ သူက ခန္ဓာကိုယ်ကို ကျုံ့လျက် အသားကုန် အော်ဟစ်ကာ အကူအညီတောင်းခံသည်။
အဖမ်းခံလိုက်ရတာက တော်ပါသေးတယ်။ အနည်းဆုံး သူ သေတော့မသေနိုင်ဘူးပေါ့။
နောက်ပြီး ဒီကောင်းကင်ပြာ တိရစ္ဆာန်ရုံက သူဌေးဖြစ်ဖြစ်၊ အဲ့ဒီ တော်တော်လေးကို အစစ်အမှန်လို့ ထင်ရတဲ့ စက်ရုပ်တိရိစ္ဆာန် နှစ်ကောင်ပဲဖြစ်ဖြစ် ဘယ်လိုပဲကြည့်ကြည့် ကြောင်တောင်တောင်နိုင်ပြီး ကြောက်စရာကောင်းလွန်းတယ်။
"ဒီကို ပြန်လား"
"ဟိုး"
ဆုပိုင်က အော်လိုက်သည်။ တပိုင်က ဒေါသတကြီး နောက်သို့ဆုတ်လိုက်သည်။ သူက မြေပြင်တွင် ထိုင်ချသည်။ သူ၏ဝါးကို ပြန်ဝါးနေသည်။ သို့သော် အရှေ့မှ လူသုံးယောက်ကိုမူ မဲမှောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသေးသည်။
မုန်းဖို့ကောင်းလိုက်တာ။
ဘာလို့ သူ့ရဲ့စားစရာကို လာလုမဲ့သူတွေ များသထက်များနေတာလဲ။
တပိုင်က တွေးလေလေ ဒေါသထွက်လာလေလေ ဖြစ်လာပြီး အံကြိတ်သံက ထွက်လာသည်။ ထိုသို့ဖြင့် သူ၏သွားကြိတ်သံ တကြွတ်ကြွတ်က ထွက်လာသည်။
"စက်ရုပ်တိရိစ္ဆာန်တွေကို ဖျက်ဆီးဖို့ ဟုတ်လား"
ဆုပိုင်က အော်သည်။ သူ၏မျက်နှာက မဲမှောင်သွားသည်။
သူက မည်သူ့ကိုမှ ရန်မစမိခဲ့ပါချေ။ သို့သော် ... ဒီလိုတွေးကြည့်မှ ... ဆုပိုင်ကလည်း အနည်းငယ် ထိတ်လန့်သွား၏။ ကံကောင်းစွာဖြင့် တပိုင်တို့အားလုံးက သတိအပြည့် ကပ်နေကြသည်။ ထိုသုံးယောက်က မအောင်မြင်သွားခဲ့ချေ။ အောင်မြင်သွားခဲ့လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။
ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က ထိုသုံးယောက်ကိုကြည့်ပြီး သူ၏မျက်နှာက သုန်မှုန်သွားသည်။
"တပိုင် သူ့ကို ကိုင်တွယ်ထားလိုက်"
ဆုပိုင်က တပိုင်၏နဖူးကို အသာပွတ်သပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ပန်ဒါဥယာဉ်ထဲမှ ထွက်သည်။
အချိန်ကနောက်ကျနေလေပြီ။ ထို့ကြောင့် ရဲမခေါ်သင့်ပေ။ ထို့ကြောင့် မနက်ဖြန်မနက်ထိ စောင့်ပြီးမှသာ ထိုသုံးယောက်ကို ပို့ရပေမည်။
"စနစ် တိရိစ္ဆာန်ရုံအတွက် လုံခြုံရေးစနစ် တပ်ဆင်ပေးလို့ရမလား"
"ဆယ်သန်း ကုန်ကျမယ်။ hostက တပ်ဆင်ချင်ပါသလား"
"တပ်လိုက်"
ဆုပိုင်က အံကြိတ်ကာ ပြောလိုက်သည်။
အနာဂတ်တွင် ပို၍များပြားသော တိရိစ္ဆာန်များက ရောက်လာပေလိမ့်မည်။ ယခုလိုအခြေအနေမျိုး အနည်းနှင့်အများ ထပ်ဖြစ်လာနိုင်၏။ ဆယ်သန်းကလည်း ဆယ်သန်းသာဖြစ်သည်။ စီးပွားရေး အခြေအနေက ချောမွေ့လာခဲ့သော် အနည်းနှင့်အများ ပိုက်ဆံပြန်ရှာနိုင်ပေလိမ့်မည်။
နောက်ပြီး တိရိစ္ဆာန်ရုံထဲမှာ အရေးကြီးဆုံး အဖိုးတန်ဆုံးအရာက ဘာလဲ။
ဒါပေါ့ ဒါက တိရိစ္ဆာန်လေ။ တိရိစ္ဆာန်တွေရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး ကျန်တာက အရေးမကြီးနိုင်တော့ဘူး။
သူက စိတ်ဆုံးဖြတ်ပြီးနောက် ပြန်လည်အိပ်လိုက်ပြန်သည်။ မနက်ဖြန် မနက်ဆိုလျှင် ပုံမှန်အတိုင်း လုပ်ငန်းကို ပြန်ဖွင့်မည်ဖြစ်သည်။ ထို့ကြောင့် ဖြတ်လက်တက်ကြွနေရန် လိုအပ်သည်။
...
နောက်တစ်နေ့ မနက်ခင်း အစောပိုင်းတွင်
တစ်ညလုံး နှိပ်စက်ခံရပြီးနောက် ထိုသုံးယောက်လုံး၏ စိတ်ဓာတ်အခြေအနေက ပြိုလဲကျသွားပြီ ဖြစ်သည်။ လုံခြုံရေး ဌာနခွဲက လာရောက်ခေါ်ဆောင်သွားပြီးနောက် ဆုပိုင်က တံခါးဝမှ ရွက်ကြွေများ အားလုံးကို လှဲကျင်းလိုက်သည်။ ထို့နောက် လက်မှတ်ကောင်တာတွင် တက်ထိုင်ကာ စီးပွားရေးလုပ်ငန်း စရန် အသင့်ပြင်လိုက်သည်။
"ဦးလေး"
ရုတ်တရက် မင်းသမီးဝတ်စုံနှင့် ကောင်မလေးက လက်မှတ်ဝယ်ရန် ပြတင်းပေါက်သို့ ရောက်လာပြီး ဆုပိုင်၏အရှေ့တွင် လက်ရမ်းပြသည်။
"ဘေဘီက ဒီနေ့ စောစောရောက်လာတယ်"
"ဟ ဟ"
ဆုပိုင်က ချစ်ရာကောင်းသည့် ကောင်မလေးကို ကြည့်ပြီး ရယ်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ လက်မှတ်နှစ်စောင်ပေးပါ"
"ဒီနေ့ တိရိစ္ဆာန်အသစ်တွေ ရှိနေတယ်"
ဆုပိုင်က အပြုံးနှင့်အတူ လက်မှတ်နှစ်စောင်ကို ပေးလိုက်သည်။ ထို့နောက် လမ်းကိုတစ်လျှောက် မော့ကြည့်လိုက်သည်။ မနက်အစောပိုင်းသာ ဖြစ်နေသဖြင့် လူအများအပြား မရောက်လာတာ ဖြစ်နိုင်သည်။
"လာ လာ လာ ငါမင်းတို့ကို အဖော်ပြုပြီး အဲ့ဒီကို လိုက်ပို့ပေးမယ်။ ဘေဘီ ဘေဘီကို တိရိစ္ဆာန်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးရမယ်"
သူက တက်ကြွနေသော ထိုကောင်မလေးကို ဦးဆောင်ကာ ပန်ဒါဥယာဉ်ရှိရာသို့ လျှောက်သွားလိုက်သည်။ အတွင်းတွင် ပန်ဒါတစ်ကောင်က ရှိသော်လည်း ထိုတစ်ကောင်ကတင် ထိုကောင်မလေးကို အချိန်အတော်ကြာ ကစားရန် လုံလောက်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တပိုင်က စက်ရုပ်တိရိစ္ဆာန်မဟုတ်ချေ။ သူက ဉာဏ်ရည်မြင့်သည်။ ထို့ကြောင့် ကလေးကို ချော့ရန် လွယ်ကူလေသည်။
"သူဌေးဆု တိရိစ္ဆာန်ရုံက တော်တော်လေး ပြောင်းလဲသွားတာပဲ"
ကောင်းရွဲက ဘေးဘီကို လှည့်ကြည့်နေသည်။ သူမ၏သမီးကို ချစ်မြတ်နိုးစွာ ပြန်ကြည့်ပြီး တုန့်ဆိုင်းကာ ပြောသည်။
"ဘေဘီကို ဒီနေရာမှာ နာရီအနည်းငယ်လောက် ထားခဲ့ပေးလို့ ရမလား။ ကျွန်မ _ _ _"
"ရပါတယ် ရပါတယ်"
ဆုပိုင်က လက်ရမ်းလိုက်သည်။
"မင်း လုပ်စရာရှိရင် သွားလုပ်ပါ။ မစိုးရိမ်နဲ့။ ငါ ဒီကောင်လေးကို ကြည့်ထားပေးမယ်"
"ကျေးဇူးအများကြီး တင်ပါတယ်"
တစ်ချက်ကြည့်ရုံဖြင့်တင် ထိုကလေးအမေ၏မျက်နှာက အတန်ငယ် ထူးဆန်းနေကြောင်း မြင်နိုင်သည်။ သို့သော် ဆုပိုင်ကမူ အများကြီး မမေးလိုက်ပါချေ။
အရှေ့မှ ကလေးလေးကလည်း သူ့ဆီလာနေကြ ပရိတ်သတ်တစ်ယောက် ဖြစ်သည်။ အပတ်တိုင်းလိုလို ရောက်လာတတ်၏။
"ဘေဘီ ဦးလေးဆီမှာ လိမ်လိမ်မာမာ နေခဲ့ရမယ်နော်။ မားက သိပ်မကြာခင် ပြန်လာမယ်။ ဟုတ်ပြီလား"
ဆုပိုင်ကလည်း ကောင်မလေးကို ကူညီပြီး အဝတ်များကို သပ်ရပ်သွားအောင် ဖြန့်ပေးလိုက်သည်။ ထို့နောက် လက်ကို ရမ်းလိုက်ရင်း အပြုံးနှင့်အတူ ဝင်လာခဲ့လိုက်သည်။
"အိုး အို့ အို့ ဒါက ဘာလဲ ဦးလေး"
ထိုဘေဘီက ပန်ဒါဥယာဉ်အပြင်ဘက်တွင် ရပ်လျက် အတွင်းမှ မြေပြင်တွင် လှဲနေသော တပိုင်ကို လှမ်းကြည့်သည်။ သူမက သီချင်စိတ် ပြင်းပြစွာဖြင့် မေးသည်။
"ဘာလို့ ဘေဘီထက်တောင် ချစ်ဖို့ကောင်းနေတာလဲ"
"ဟား ဟား ဟား"
ဆုပိုင်က တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ ဝင်သည်။ ကောင်မလေးကိုလည်း သူက ချီပွေ့လျက် ခေါ်သွားသည်။
တစ်ညလုံးနီးပါး ကြိုးစားအားထုတ်ထားသောကြောင့် တပိုင်က မနက်ထိ မအိပ်ခဲ့ရချေ။
ဥယာဉ်အတွင်း တစ်စုံတစ်ရာက ချဉ်းကပ်လာကြောင်း မြင်သောအခါ သူ၏နူတ်ခမ်းများက ကော့တက်သွားသည်။ သို့သော် မျက်လုံးကမူ မဖွင့်လာချေ။
သေချာပေါက် အဲ့ဒီသူဌေးဆိုတဲ့ကောင် ဖြစ်မယ်။ သူက အမြဲ လက်ဗလာနဲ့ လာလာတယ်။ ယဉ်ကျေးမှုတောင် မရှိဘူး။
"ဂါး နူးညံ့နေတာပဲ"
"ဦးလေး ဒါက ဘယ်လိုတိရိစ္ဆာန်လဲ။ ထိရတာ နူးညံ့လိုက်တာ"
"ဟင်"
သေးငယ်သော လက်တစ်စုံက သူ၏နဖူးကို ပွတ်လာကြောင်း ခံစားမိသဖြင့် တပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သည်။
"တပိုင်"
ဆုပိုင်ကလည်း သူနိုးလာကြောင်း သိလိုက်သည်။ ထိုအကောင်က ရူးသွပ်သွားပြီး ကောင်မလေး၏ မင်းသမီးဝတ်စုံကို ဆွဲဖြဲမည့်အရေးကို စိုးရိမ်သွားသည်။
"ဘား... "
"ဘား"
မမျှော်လင့်ထားသည်မှာ တပိုင်က ရှေ့ဘက်သို့ ထရပ်လာသည်။ ထို့နောက် မြေပြင်တွင် ပြန်လည် ဖင်ထိုင်ချလိုက်ပြီး ကောင်မလေးကို လက်မောင်းအတွင်းသို့ ဆွဲ့ပွေ့လိုက်ကာ ချီလိုက်သည်။ ထို့နောက် ဆုပိုင်ကို သတိအပြည့်ကပ်လျက် ကြည့်သည်။
ဒီကလေးမလေးက င့ါအပိုင်ပဲ။
ငါ့ဆီက လာမခိုးနဲ့။