ဆံမြိတ်ချ လှပါပေ့....🌻
အပိုင်း(၅)
ညဘက်ဘုရားဝတ်ပြုပြီးချိန် ဆရာတော်မှ အမှာစကားမိန့်ကြားမည်ဟူ၍ အားလုံးကျောင်းဆောင်ထဲဆက်နေနေကြရသည်။
ထူးသာမှာလည်းတစ်နေကုန် ကျောင်း ဘုန်းကြီးကျောင်းနှင့် အအေသင်းအိမ်တို့ကြား ပြေးလွှားနေရသည့်အပြင် စာကျက် ဝေယျာဝစ္စကူနှင့်မို့ ဘုရားရှိခိုးရင် မျက်လုံးများမှေးဆင်းကာ ခေါင်းကို ငိုက်ငိုက်ကျနေတာမို့ ဦးသောင်းမှ လိုက်လိုက်ထိန်းနေရသည်။
ခုလည်း လုံးဝမတ်မတ်မထိုင်နိုင်တော့၍ ဆရာတော်နှင့်ကွယ်အောင်နေရာယူကာ ဦးသောင်းပေါင်ပေါ်သာခေါင်းအုံး၍အိပ်လိုက်တော့သည်။
"ကုလီမှာ ဆေးလိပ်တိုစတွေက ဘယ်ကိုတော်သောက်ထားတာလဲ"ဪ
ဆရာတော်အသံမှာ ဒေါသသံကင်းဝေးနေကာ ပကတိကြည်လင်နေသည်။
ထိုအချိန် အသံတစ်ပါးမှထွက်မလာ၍
ဆရာတော်မှဆက်၍ လေသံအေးအေးဖြင့်သာ
"လောကမှာ သူများကိုလိမ်တာထက်ကိုယ့်ကိုယ်ကိုလိမ်တာ အဆိုးဆုံးပဲ ခုနေ ဦးဇင်းတို့ မဝန်ခံပေမယ့် ကိုယ့်ကိုယ်ကိုတော့သိကြတယ်မဟုတ်လား"
ထိုအခါ ဦးဇင်းကိုရင်အသီးသီးတို့လှုပ်လှုပ်ရွ၇ွဖြစ်ကုန်ကြသည်။
"တပည့်တော်သောက်တာပါ ဘုရား"
ဒုံလပတ် ဦးဇင်း မှ လက်အုပ်ချီလျက်လျှောက်ချိန် နောက်ထပ်ဦးဇင်နှစ်ပါးပါဝန်ခံလာသည်။
"အိမ်း....ဘယ်အရာမဆို စည်းရှိရမယ် ကိုယ်တော်တို့ ကိုယ်က ဒီကျောင်းမှာခနပဲနေနေ အကြာကြီးပဲနေနေ ကိုယ်သီတင်းသုံးခဲ့တဲ့ နေရာမှာ စည်းကမ်းရှိရှိနဲ့နေထိုင်သင့်တယ် ခုလို ကိုယ်တော်တို့က မသိလို့ပဲဖြစ်ဖြစ် သိလို့ပဲလုပ်တာဖြစ်ဖြစ် ကုလီထဲက ဆေးလိပ်ပြာအနံတွေက ကျန်မာရေးမကောင်းတဲ့ ကိုယ်တော်တွေအတွက်တော့အခက်အခဲဖြစ်စေတာပေါ့ နောက်ပြီး စေတနာနဲ့ ကုသိုလ်ပြုနေတဲ့လူတွေအမြင့်နဲ့လည်း ဒီကျောင်းက ဦးဇင်းတွေစည်းကမ်းမရှိပါလားဆိုပြီး အကြည်အညိုပြတ်သွားနိုင်သလို နောက်လိုက်ကိုရင်လေးတွေကလည်း ကိုယ်တော်တို့ကို အတုခိုးပြီးလိုက်လုပ်ကြရင်စည်းမဲ့ကမ်းမဲ့တွေဖြစ်ကုန်မှာပေါ့ မဟုတ်ဘူးလား"
"တင်ပါ့ ဘုရား"
"အင် ခုသိသွားပြီးဆိုရင်ဆင်ခြင်သင့်တာဆင်ခြင်ပါ
အမှားရှိရင်အမှန်ရှိတယ် ပျက်အစဉ်ပြင်ခနတဲ့
အဓိက ကိုယ့်စိတ်က မတွန့်ဆုတ်ဘဲ ပြင်ဆင်နိုင်ဖို့ကအရေးကြီးတယ်"
ဆရာတော်မိန့်ကြားပြီးချိန် ထူးသာမှာ တုတ်တုတ်မျှမလှုပ်ပဲအိပ်မောကျနေပြီးဖြစ်တာမို့ ဦးသောင်းကသာ ပွေ့ချီ၍ အိပ်ရာဆီချီလို့သွားရတော့သည်။
"ခရေလမ်းက အေးတင်လေ သိတယ်မို့လား သူ့အစ်မက ကွမ်းယာရောင်းတာလေဟယ်"
"အေ့လေ မိချို ညီမအေးတင်သိသားပဲ ဘာဖြစ်လိုလဲ"
ဘုန်းကြီးကျောင်းဝင်း၏ အုတ်တံတတိုင်း နှင့်မလှမ်းမကမ်း ကုက္ကိုလ်ပင်ကြီးအောက်၌ သစ်သားစားပွဲဝိုင်းချကာ စဉ့်နှီတုံးနှင့်ဓားကိုယ်စီဖြင့် ဝိုင်းဖွဲ့၍ မနက်ဖြန် ကထိန်အတွက် ရပ်ကွက်ထဲမှ အမျိုးသမီးများစုဝေ၍ ကြက်သွန်နွှာသူနွှာ အသီးအရွက်လှီးသူလှီးဖြင့်....
ဒေါ်သင်းသင်းတို့အနောက်လမ်းမှ မလှမြင့်စကားကြောင့် ကြက်သွန်နီအားပါးပါးလှီးရင်း မျက်စိစပ်ကာ မျက်ရည်ဝဲနေသော ဒေါ်တင်ရီနှင့် ဒေါ်သင်းသင်းအပြင် ကြက်သွန်အခွံခွာနေသည့် တင်မေလှကပါ မလှမြင့်ကိုကြည့်လာကြသည်။
ထိုအခါ မလှမြင့်က ကိုယ်ကိုကိုင်းကာ လေးယောက်သားခေါင်းချင်းဆိုင်၍ ဘေးဝိုင်းများတွင် လှီးသင်နေကြသော သူများကိုမျက်လုံးဝေ့ကြည့်ကာ ခပ်ကြိတ်ကြိတ်လေသံဖြင့်
"ဗိုက်ထွက်နေလို့တဲ့တော်ရေ"
"ဟမ် အဲ့ကလေးမက အပျိုလေးမလား အိမ်ထောင်ကျတာလည်းမကြားလိုက်ပါဘူး"
"ဟုတ်ပါ့ အပျိုလေ သူ့ရည်းစားက ကားနဲ့လာလာခေါ်သွားတာပဲ သူ့အစ်မဆိုင်ရှေ့မှာပဲတဲ့ အဲ့လူပုံစံကလည်းခပ်သန့်သန့်ပဲ ထောင်ထောင်မောင်းမောင်းနဲ့ ကြားတာတော့ မြေစာရင်းရုံးကအရာရှိလားပဲ"
မလှမြင့်က ပြောကာ နှာမွှန်လာ၍ ဓားကိုင်ထားသည့် လက်ကိုပြောင်းပြန်ယူကာလက်ဖမိုးဖြင့် သူမနှာခေါင်းအားဆွဲပွတ်သုတ်လိုက်သည်။
"အင့်ပေါ့ ခုခောတ်က လွတ်မြန်ဆန်နေတာပဲ ကောင်းပါတယ် လင်ကောင်းသားကောင်းရသွားတာပေါ့အေ"
ဒေါ်တင်ရီက ပြောရင်း ဒေါ်သင်းသင်းတို့အားမျက်ခုံးပင့်ပြကာ အားရဟန်ဆိုတာမို့ ဒေါ်သင်းသင်းနှင့်တင်မေလှမှာလည်း ခေါင်းကိုယ်စီညိတ်၍ ထောက်ခံကြသညါ။
"အိုး ဘယ်ကသာ လင်ကောင်းသားကောင်း အဲ့လူက မယားကြီးငုတ်တုတ်နဲ့ ကလေးကနှစ်ယောက် သူ့သမီးအကြီးက ဖိုးသာထူးတို့လောက်ပဲ "
"ဟယ် ဟုတ်လို့လားဟယ် ညည်းကဘယ်လိုသိတာတုန်း,"
"ကျွန်မ ယောင်းမရဲ့အစ်ကိုက မြေစာရင်းက စာရေးလေ အဲ့ကလေးမနဲ့ အဲ့လူအကြောင်းသူတို့တရုံးလုံးသိတယ် "
"သူ့မှာ မိန်းမရှိတာ အဲ့ကောင်မလေးမသိဘူးလား"
"မသိလု့ိပေါ့ လူပျိုကြီးဆိုပြီး မိချိုတို့ကလည်း နယ်ကပြောင်းလာတာဆိုတော့ သိပ်လည်လည်ဝယ်ဝယ်မရှိဘူး ဟိုကနှပ်ချသွားတာ"
ခုဗိုက်ထွက်တော့ မယားကြီးက ဘယ်လက်ခံမလဲ ဟိုလူကလည်း ငလည်တော် စရိတ်ပေးပြီးဖျက်ချခိုင်းတာ အပြတ်ဖြတ်သွားတာေလ ဝသူ့ဂုဏ်သိက္ခာအတွက် နောက်ဘယ်တော့မှမဆက်သွယ်ပါနဲ့တဲ့"
"အမလေးအေ သူများသမီးပျိုက ဖျက်စီးပြီး ဂုဏ်သိက္ခာအကြောင်းလာပြောနေတယ် တ်ောတော်ရွံစရာကောင်းတဲ့လူ"
"ဟုတ်ပါ့ သားတွေမွေးထားတော့လည်း ဟော ဆေးသမားဖြစ်မှာကြောက်ရ ပျက်စီးမှာဆိုးရနဲ့ သမီးမွေးထားတော့လည်း တစ်မျိုးပူရတာပါပဲ"
"အဲ့ဒါကြောင့် သား ကြီးလာရင်ကျား သမီး ကြီးလာရင် မီးမဖြစ်စေနဲ့ပြောတာပေါ့"
"ဟုတ်တာပေါ့ မရီရယ် တင်မောင်သားသိတယ်မလား ဆိုးပေလေ ဆေးမှုနဲ့ထောင်ကျနေတာ ခုပဲတစ်နှစ်လောက်ရှိတော့မယ်"
"ဒို့ရပ်ကွက်မှာလည်း ယောက်ျားလေးဆို အရက်သမားနဲ့ ဆေးသမားချည်းပဲ အဲ့သေရည် မကောင်းတဲ့ ဆေးတွေ ဘာလို့များ သောက်နေကြမှန်းမသိဘူး မကောင်းမှန်းသိသိရက်နဲ့"
"ရောင်းတဲ့လူရှိလို့ပေါ့ရှင် မြန်မာဘီယာတို့အာမီတို့ ဘယ်ကထုတ်လဲအသိ သူတို့ကိုယ်တိုင်ကိုက မကောင်းတဲ့ဟာတွေဖြန့်ပြီး စီးပွားလုပ်နေကြတာ"
"ဟဲ့ တိုးတိုးပြောစမ်းပါ ညည်းအသံကလည်း ကျယ်မှကျယ်"
"အိုး ဟုတ်တာပြောတာပဲ နောက်ပြီး ဆိုးပေ လက်မှ မိတဲ့ wyဆယ်လုံးကိုကျ ထောင်သုံးနှစ်ချတယ် ကားအပြည့်ကြီးမိတာကျ ပိုင်ရှင်မဲ့တဲ့လေ"
"ဒီမိန်းမတော့ ထောင်ထမင်းစားရတော့မှာပဲ ငါ့နှယ့်"
ဒေါ်တင်ရီ ပိတ်မရပြုမရဖြစ်နေသော မလှမြင့်ကို ခပ်ကြိတ်ကြိတ်ဆိုလေသည်။
"ကဲ စီစီတီဗီ အဒေါ်ကြီးတို့ အတင်းလည်းပြောရင်း လက်ဖက်သုတ်လေးလည်းသုံးဆောင်ကြအုံး"
ရပ်ကွက်ထဲမှ ကာလသားခေါင်း အရပ်မြင့်မြင့်ခပ်ဝဝနှင့် ဆံပင်ကိုဘရိတ်ကီးကေပုံစံထွင်ထားသော ဖိုးထောင်မှ လက်ဖက်ပန်းကန်အား ဝိုင်းအလယ်တွင်ချကာ ခနဲ့သည်။
"ဟဲ့ ငါတို့က အတင်းပြောတာမဟုတ်ဘူး မှန်တာပြောတာ"
"ဟုတ်ပါတယ် ဒေါ်မှန်မှန်ရယ် စားပါဗျာ"
မလှမြင့်မှ လက်ဖက်ပန်းကန်အားဇွန်းနှင့် နယ်ဖက်၍ နုတ်ခမ်းမဲ့ကာ
"ဖိုးထောင်စုတ် ဟိုအပျိုဝိုင်းကျ ပုစွန်ခြောက်ပါပြီး
ဒီမှာကျ မပါဘူး သေနာလေး"
"ဟဲဟဲ ဒေါ်လှမြင့်ကလည်း သီတာလေးက ပုစွန်ခြောက်ကြိုက်တယ်ဆိုလို့ပါဗျ တို့အဒေါ်ကလည်း စိတ်ကြီးပဲ နောက်တစ်ပန်းကန်ကျရင် ပုစွန်ခြောက်ရှယ်ထည့်ပေးမယ်"
"ပြီးတာပဲ "
မလှမြင့် မျက်စောင်းထိုးကာ နုတ်ခမ်းမဲ့လိုက်ချိန် ဖိုးထောင်ကတော့ စပ်ဖြဲဖြဲနှင့် မျက်နှာပြောင်ရင်းထွက်သွားသည်။
ဒီလိုပါပဲ တစ်ရပ်ကွက်တည်းသားတွေမို့ ပြောမနာဆိုမနာရယ်ပါ။
မလှမြင့်က အသားပြည့်ပြည့်နှင့်ဒေါင်ကောင်းကာ သွက်လက်ဖျက်လက်၍ ရပ်ကွက်ထဲ အလှူအတန်းဆို သူ့ကိုအားကိုးရသည်။
ပါးစပ်က ပေါက်ပေါက်ဖောက်တက်ပေမယ့် အလုပ်ကတော့မခိုမကပ်လုပ်ရှာပါသည်။
နေ့လယ်စောင်းမို့ လူကြီးတွေအလုပ်အကိုင်ကူနေကြစဉ် ရပ်ကွက်ထဲမှကလေးများက အမေတွေနှင့်ပါလာကြကာ ကျောင်းဝန်းထဲ ဆော့နေကြလေသည်။
ထိုထဲတွင် ကျောင်းပိတ်ရပ်ဖြစ်၍ ထူးသာ ၊ လှနု၊ ကျော်ရာဇာ ၊မေသင်းကြိုင်တို့လည်းပါသည်။
ထူးသာက အရပ်မြင့်ကာ ကလေးအုပ်တွင်အကောင်အကြီးဆုံးဖြစ်သည်။
"ဝိုင်းကြီး ဝိုင်းကြီး ဘယ်လောက်ကြီး
ဟော ဒီလောက်ကြီး
ဝိုင်းငယ် ဝိုင်းငယ်ဘယ်လောက်ငယ်
ဟော ဒီလောက်ငယ်
သံပုရာသီး သုံးလုံးဆယ်လုံး
သံပုရာသီးသုံးလုံးဆယ်လုံး
ဟက်ချေး ဟက်ချေး"
ကလေးများ လက်ချင်းတွဲကာ ဝိုင်းကြီးပတ်ပတ်ကစား၍ သံပြိုင်ဆိုကာ ဟက်ချေးနေရ တွင် တူညီစွာထိုင်၍ မတ်တပ်ရပ်လိုက်ဖြင့် ထိုင်ထလုပ်ကြလေသည်။
ထိုချိန် ကျောင်းဝန်းထဲ အိမ်စီးကားအဖြူလေးတစ်စီးမောင်းဝင်လာတာမို့ အားလုံးထိုကားလေးဆီအကြည့်ရောက်သွားကြသည်။
ကားရှေ့ခန်းတံခါးတစ်ဖက်ပွင့်လာပြီး အသက်သုံးဆယ်ကျော်အရွယ် ခန္ဓာကိုယ်သွာ်လျလျနှင့် နို့စိမ်းရောင် စံမြန်းသား မြန်မာဝတ်စုံလက်ရှည်ဖြင့် ခါးထိရှည်သော ဆံပင်တွေကိုဖြန်းချထားသည့် အရပ်မြင့်မြင့် အသားဖြူဖြူအမျိုးသမီးတစ်ဦးက ပိုက်ဆံအိတ် ကိုလက်၌ပွေ့ကာ ဆင်းလာသည်။
မျက်နှာကြည်တောက်တောက်လေးနှင့် မျက်ခုံးမျက်လုံးလှလှနှင့်ထိုအမျိုးသမီးမှာ မြင်ရသူအပေါင်း၏အာရုံဝယ် ကျော့ရှင်းလို့နေလေ၏။
သူမက ကားပေါ်မှဆင်းဆင်းချင်း ကျောင်းဝင်းထဲဝေ့ကြည့်ကာ ကားနောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
ထိုချိန် မောင်းသူနေရာမှ ခပ်ဖြောင့်ဖြောင့်လူကြီးတစ်ယောက်လည်း ဆင်းလာကာ သူမဖွင့်ပေးလိုက်သည့်နောက်ခန်းမှလည်း အမွှေပွရုပ်လေးပိုက်လျက် အဖြူရောင်ဂါဝန်ကာကာလေးဖြင့် ကလေးမလေးတစ်ဦးဆင်းလာပြီး နောက်တစ်ဖက်တွင်တော့ ဆံပင်ကိုကေထောင်ကာ ရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ကာ မျက်မှန်တပ်ထားလျက်ဆင်းလာသည့် ကောင်လေးတစ်ယောက်။
သူမတို့ကိုကြည့်တာနှင့်ချမ်းသာသည့်မိသား၏ုမှန်းသိနိုင်သည်။
ထိုအမျိုးသမီးက ထိုကလေးမလက်ကိုဆွဲကာ ပြုံး၍ သူမခင်ပွန်းဖြစ်ဟန်တူသည့်လူကိုစကားပြောရင်း မိသားစုလေးယောက်သားပြုံးပြုံးပျော်ပျော်နှင့် ဓမ္မာရုံထဲဝင်လို့သွား၏။
သူမတို့နှင့်ပါလာသည့်ကောင်မလေးကတော့ ပြေးလွှားဆော့နေကြသည့် ကလေးတွေဘက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့်သူ့အမေခေါ်ရာနောက်ပါသွားလေသည်။
"ဟဲ့ ဦးဇင်းတကာတွေဖြစ်မယ်နော် သူဌေးတွေဖြစ်မယ်"
"အော် ဒီလောက်ကားအကောင်းစားကြီးနှင့် စိန်တွေတဖြက်ဖြက်လက်နေမှတော့သူဌေးပေါ့ဟဲ့"
တအောင့်အကြာ ကျောင်းထိုင်ဆရာတော်ထွက်လာပြီး ဆရာတော်နောက်မှ စောနက မိသားစုပါလာသည်။
ထို့နောက် ဝိုင်းကူနေကြသည့်လုပ်အားပေးတွေအနားရောက်လာကာ
"ကဲ တကာတို့ ဒါက ကထိန်မတည်အလှူရှင်မိသားစုပဲကွဲ့"
ဆရာတော်ညွှန်းပြသည်မို့ အားလုံးကပြုံး၍နုတ်ဆက်ကြသည်။
သူဌေးမမျက်နှာလေးမှာလည်း ခပ်ပြုံးပြုံးလေးဖြင့် ကြည်လင်အေးမြသည့် ဟန်ရှိသလို ခန့်ခန့်ညားညားနှင့် သူဌေးရုပ်သွင်မှာလည်း အရှိန်အဝါကြီးမားနေသည်။
သူဌေးအမျိုးသမီးမှာ အသက်ငယ်ဟန်ရှိကာ သုံးဆယ်ကျော်လောက်ထင်ရသလို ခပ်တောင့်တောင့်သူဌေးမျက်နှာမှာတော့လေးဆယ်ကျော်ဟုထင်ရသည်။
သူမတို့ကလေးတွေမှာလည်း အဖေတူလေးတွေဖြစ်ကာ နှာတံလုံးလုံးလေးတွေဖြစ်ပြီး သူဌေးအမျိုးသမီးတစ်ယောက်သာ နှာတံပေါ်သည်။
အရုပ်ကိုင်ထားသည့်ကလေးမလေးက ဆော့နေသည့်ဘက်သာခနခနလှည့်ကြည့်နေပြီး ဂျယ်သထားသည့် ကိုယ်တော်ချောလေးကတော့ ဆိုဒ်ဂိုက်အပြည့်ဖြင့် လက်ရိုဘောင်းဘီအိတ်ထဲထည့်လို့ထားသည်။
အလှူရှင်မိသားစုအား ဆရာတော်မှကျောင်းဝင်းထဲလိုက်ပြနေ၏။
ထိုသူဌေးအမျိုးသမီးမှာ ကလေးတွေနားရောက်လာချိန် တစ်ခုခုသတိရကာသူ့ယောက်ျားကိုနားကပ်ပြောသည်။
ထိုအခါ ထိုအမျိုးသားမှ ခေါင်းညိတ်ပြပြီး သားဖြစ်သူနှင့်အတူ ဆရာတော်နှင့်လိုက်ပါသွားသလို သူမကတော့ သမီးဖြစ်သူနှင့်အတူ ကားရှိရာသို့ပြန်လျှောက်လာကြသည်။
ထိုအမျိုးသမီးသည် ကားနောက်ဖုံးကိုဖွင့်ကာ လေဖောင်းမုန့်ထုပ်များထုတ်ယူ၍ သူမသမီးဖြင့်အတူ ကလေးတွေနားလျှောက်လာခဲ့သည်။
"သားတို့သမီးတို့ အန်တီမုန့်တွေ ကလေးတို့အတွက်ယူလာပေးတယ် လာယူကြနော်"
ထိုအခါကလေးများက ပျော်ကာ ဝေးခနဲ လက်ခုပ်တီး၍ထခုန်ကြရာ သူမပါပျော်ပြီးလိုက်ပြုံးမိသည်။
လေဖောင်းမုန့်လေးတွေတစ်ယောက်တစ်ထုပ်စီဝေပေးလိုက်သည်။
အားလုံးထဲတွင် အရပ်မြင့်ပြီး အသားဖြူဖြူနှင့် ယေလူကောင်ခပ်ထွားထွားကလေးမှာ ကလေးအားလုံးထဲ ခွဲထွက်နေသည်ကိုသူမသတိထားမိလိုက်သည်။
ထိုကောင်လေးကိုမုန့်ကမ်းပေးချိန်
"ကျေးဇူးပါခင်ဗျ"
ဟု ပြုံး၍ သူမကိုမော့ကြည့်ကာ ဆိုလာချိန် ထိုကောင်လေးမျက်နှာကိုမြင်လိုက်ရချိန် ဝေဒနာဟောင်းက မဖိတ်ခေါ်ဘဲ ရင်ထဲ တုန်လှုပ်လို့သွားသည်။
"သား ခန"
ထိုကလေး၏ လက်ကိုကိုင်ကာ ထိုမျက်နှာလေးကို လိုက်ကြည့်မိချိန် မျက်လုံးတောက်တောက်လေးများဖြင့် နားမလည်စွာမော့ကြည့်လာသည်။
အိုး....တူလိုက်တာ
ဒီမျက်လုံးတွေ
သူမ သိပ်မြတ်နိုးခဲ့ရတဲ့ စိမ်းဖန့်ဖန့်မျက်လုံးလေးတွေ...
ထိုအမျိုးသမီးသည် ထူးသာရှေ့တွင်ဒူးတုတ်ထိုင်ချ၍ ထူးသာလက်မောင်းနှစ်ဖက်အားဖျစ်ညှစ်ဆုပ်ကိုင်ကာ ထူးသာမျက်နှာအား တစ်နေရာမကျန်အလွတ်ကျက်နေသည့်အလား ဆွေးဆွေးမြေ့မြေ့ဖြင့် လိုက်ကြည့်နေသည်။
သူ့ကိုကြည့်ပြီး မျက်လုံးအရည်လဲ့နေသော ထိုအန်တီကိုကြည့်ကာ ထူးသာ မေသင်းကြိုင်တို့ဘက်ပြန်လှည့်ကြည့်နေမိသည်။
သူမ သမီးမှာလည်း အရုပ်လေးပိုက်ကာ သူမအမေအားကြောင်ကြည့်နေလေသည်။
"မိုး မုန့်ဝေပြီးပြီမလား ကို တို့သွားရအောင်လေ"
မိုးသက်ဝေ သူမပုခုံးကို ဆုပ်ကိုင်ခံရချိန်၌ မျက်တောင်ကိုအမြန်ပုတ်ခတ်လိုက်ကာ မျက်နှာကိုပြင်၍
"ဟုတ်ကဲ့ အစ်ကိုကြီး"
ထိုအခါ ခင်ပွန်းဖြစ်သူမှာ သူ့သားနှင့်သမီးကားထဲဝင်ခိုင်းနေသည်။
"သား အန်တီပြန်တော့မယ်နော်"
ပြုံးကာဆိုလာသည့် ထိုအန်တီကြောင့် သူခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ထိုအန်တီက ထူးသာအားအမျှင်မပြတ်စွာလှည့်ကြည့်လှည့်ကြည့်ဖြင့် ကားတံခါးဖွင့်၍ ဝင်လို့သွားသည်။
ကားလေး ထွက်သွားချိန် ထူးသာထိုကားလေးကိုလိုက်ကြည့်နေရင်း ငိုချင်လာသလိုပင်။
ထိုကားလေးနောက်ပြေးလိုက်သွားချင်စိတ်တို့ဖြစ်နေမိသည်။
သူခြေလှမ်းပြင်ကာ အိမ်မက်မက်နေသူတစ်ယောက်လို လှမ်းနေမိချိန် သူ့ပုခုံးအား ကျော်ရာဇာမှ လာဆွဲထားသည်။
"ငထူး ဘယ်သွားမလို့လဲ ဆော့ကြမယ်လေကွာ"
"အေ"
ထိုအခါ မှသူလည်း ကျော်ရာဇာဆွဲခေါ်ရာပါလာခဲ့တော့သည်။
သို့သော် သူ့ရင်ထဲမှာတော့ အကြောင်းအရာမရှိငိုချင်နေသည်ကို ဘာလို့မှန်းလဲ သူမသိပါ။
.....
🔊🔊🔊
......လာပါပြီးကွယ် ဦးရွှေရိုးရဲ့ ဒေါ်မိုးနဲ့ အတော်ဆိုးတယ်
လာပါပြီးကွယ် ဦးရွှေရိုးရဲ့ ဒေါ်မိုးနဲ့ အတော်ဆိုးတယ်
ကြိုက်စမ်း ချစ်စမ်း ကြိုက်စမ်းပါ့ကွယ်
ချစ်စမ်း ကြိုက်စမ်း ကြိုက်စမ်းပါ့ကွယ်
.
.
ဒေါ်မိုးကိုချစ်ပါတယ် ဒေါ်မိုးနဲ့ ပေါင်းပါမယ်
အိုးလေ့လေ့ ....အောင်တောင်
ဒိုးေပေတာင် ဒိုပေတောင်
ဦးရွှေရိုးကြီးရယ်.....🔊🔊
အသံချဲ့ ဆောင်းဘောက်သံမှ ဆိုင်းသံဗုံသံတို့မြိုင်ဆိုင်နေကာ
မုတ်ဆိတ်မွှေလှုပ်လိ့လှုပ်လဲ့ဖြင့် ခေါင်းပေါင်းနှင့် တိုက်ပုံအနက်ကို တောင်ရှည်ပုဆိုးဖြင့်တွဲဝတ်ကာ ပုသိမ်ထီးကို တစ်ဖက်က ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် တောင်ရှည်စကိုကိုင်လျက် ကွေးနေအောင်ကနေသော ဦးရွှေရိုးနှင့် မြန်မာ ဝတ်စုံအား ဆံထုံးနှင့် နှင်ဆီပန်းအနီရောင်ပန်ထားသည့် ဒေါ်မိုးတို့က မြူးကြွလျက်အတွဲညီညီကနေကြသည်။
သူတို့နောက်တွင်တော့ ကွမ်းတောင်းကိုင် ပန်းတောင်းကိုင် အပျိုအအို အစုံအမျိုးသမီးတို့က ပစ္စည့်ကိုယ်စီပိုက်ကာအရောင်အသွေးစုံထဘီနှင့်ရင်ဖုံးဝတ်စုံလေးဖြင့်စီတန်းကာလိုက်ပါလာသည်။
အမျိုးသမီးများနောက်တွင်တော့ ငွေစက္ကူများ ပုဝါများ စာအုပ်များ စသည်ဖြင့် ချိတ်ဆွဲထားသည့် ပဒေသာပင်များကို ဆိုက်ကားကိုယ်စီဖြင့်တင်ကာ တွန်းလျက်တန်းစီပါလာကြသည်။
🔊🔊🔊ကိုကိုရွှေရိုးရယ် ကိုကိုရွှေရိုးရယ်
ချစ်သူကိုမျှော်ကာ တစ်ရက်မှ ပေါ်မလာ....
စောင့်စားလို့နေတာ
စောင့်စားလို့နေတာ....
ရိုး...ပေတာ
အ...ပေတာ
ဖူးစာရှင် ဖြစ်ချင်ပါလှတာ
အိုးလေလေ့ အောင်တောင်
ဒိုးပေတောင် ဒိုးပေတောင်
ဦးရွှေရိုးကြီးရာ...🔊🔊🔊
တီးလုံးဆုံးချိန် ဦးရွှေရိုးမှ ပုခုံးနှစ်ဖက်ကိုလှုပ်ကာ ဒစ်စကိုကတွန့်လိမ်ကပြချိန် ဒေါ်မိုးကလည်းအားကျမခံ ပုဝါစနှစ်ဖက်ကို ကိုင်၍ လက်ကလေးကော့ကာ တဟ်လေးကော့ကာဖြင့် ပြန်လည်းချေပ ကလေသည်။
ဂျိတ်....ခနဲ တီးလုံးသံ ကြားရချိန် ဦးရွှေရိုးမှ ဒေါ်မိုးအား တင်ဖြင့် ဘေးတိုင် ဝင်တိုက်ချိန် မြေကြီးပေါ်လက်ထောက်သွားသည့်ဒေါ်မိုးမှာ နုတ်ခမ်းကိုက်၍ ဦးရွှေရိုးအား ဘုကြည့်ကြည့်ချိန် ဦးရွှေရိုးမှ ဆရာကြီးအထာဖြင့် လက်ကိုကိုယ်တခြမ်းနှိပ်၍ပိုက်ကာ သူ့နုတ်ခမ်းမွှေကို ခပ်တည်တည်သပ်နေတာမို့ လမ်းထဲမှလူတွေက ဝိုင်းရယ်နေကြသည်။
ထိုချိန် ဒေါ်မိုးမှ ထလာကာ ခါးထောက်လျက်ကနေ ဦးရွှေရိုး၏ မြေကြီးပေါ် တရွတ်တိုက်ကျနေသော တောင်ရှည်စကို ခြေဖနောင့်ဖြင့်ဖိနင်းလိုက်ချိန် ဦးရွှေရိုးပုဆိုးကွင်းလုံးကျွတ်ကျတော့သည်။
ဝါးဟားဟား....
လမ်းဘေးမှထွက်ကြည့်နေကြသော ပိရိသတ်အပေါင်းမှ ရယ်သံတွေသောသောညံလို့သွားတော့သည်။
နောင်....
ဆောက်ဘောက်သံကြားမှ ခပ်သဲ့သဲ့ကြားလိုက်ရသော ကြေးစည်သံ....
ကထိန်လှည့်ရာလမ်း၏ တစ်လမ်းကျော်တွင်တော့ အသုဘပို့ရန် လာကြသည့် လူတန်းအားတွေ့လိုက်ရသည်။
ထိုကိုတွေ့လိုက်သည်နှင့် ဒေါ်သင်းနောက်မှ သကြားလုံးထည့်ထားသည့် ငွေဇလားကိုင်ထားသည့် မလှမြင့်မှ ပုခုံးအားလက်တို့ကာ သူမနားနား ကိုယ့်ကိုရှေ့တိုးကပ်၍
"အဲ့ဒါ မိချိုညီမ အေးတင် လက်သည်နဲ့ ကိုယ်ဝန်ဖတက်ချရင်း လူပါအသက်ပါသွားတာလေ"
"ဟယ်တော် ကလေးမလေးသနားပါတယ် ငယ်ငယ်လေးရှိသေးတာ "
"ဟုတ်ပါ့ မိသင်းရယ်"
သူမတို့ ကျောင်းဝင်းထဲပြန်ရောက်လာချိန် ဒေါ်တင်ရီနှင့် တင်မေလှကိုပါ ထိုကလေးမအဖြစ်အားပြောပြလိုက်ရာ သူတို့ပါ စိတ်မကောင်းဖြစ်ကုန်ကြသည်။
"ကျွတ်ကျွတ်....ဖြစ်မှဖြစ်ရလေ"
ဒေါ်တင်ရီမှာ စုတ်တသက်သက်ဖြင့်
"ကြည့်ကြစမ်းပါအုံးအေ ဝတ်ကောင်းစားလှတွေနဲ့ မြင်လို့မကောင်းဘူး"
"ဟဲ့ ဘယ်သူတုံး"
"ဟိုမှာလေ အာကုသိုလ်ကောင် မြေစာရင်း အရာရှိလေ အေးတင် ကို မတရားလုပ်သွားတဲ့အကောင်"
မလှမြင့် အံတကြိတ်ကြိတ်ဖြင့် ကြည့်နေသော နေရာတွင်တော့ ဝတ်ကောင်းစားလှများဖြင့် မိသားစုလေးယောက်ပြုံးပျော်နေကြသည်။
ထိုလူကြီးနှင့် ၎င်းအမျိုးသမီးမှာ သင်္ကန်းဘူးကိုယ်စီပိုက်၍ သားနှင့်သမီးကိုလက်စွဲကာ တရားနာသည့်အဆောင်ထဲ ပြုံးရွှင်လျက်ဝင်သွားကြသည်။
"သူတစ်ပါးကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ထားပြီး အပေါ်ယံလှူတန်းပြနေတော့ရော ကုသိုလ်ရမတဲ့လား ကိုယ်တိုင်က ကိုယ့်ကျင့်သီလမကောင်းရင် လှူနေလည်း အလကားပဲဆိုတာ မသိကြလေသလား"
"ဟုတ်ပါ့ ဟိုမှာက ဒင်းကြောင့်အသက်ရောအရှက်ရောပေးလိုက်ရပြီး သူတို့ကတော့ ဘာမှမလုပ်ထားသလို ပြုံးပျော်နေကြတယ် ဒင်းတို့အစား လိပ်ပြာမလုံလိုက်တာ"
မလှမြင့်နှင့် တင်မေလှတို့ မခံချိ့မခံသာဖြင့် ဒေါသဖြစ်နေကြရသည်။
ဒေါ်သင်းသင်းကတော့
တခါလေး ယုံမှားပုံအပ်မိတာနဲ့ ပြန်ပေးဆပ်လိုက်ရတာ တန်ရဲ့လားဟုသာ ထိုကလေးမကိုမေးလို့ရရင် မေးလိုက်ချင်စမ်းပါဘိ။
လျှာရိုးမရှိတိုင်လှည့်ဖျား လိမ်ညာပြီး နုပျိုခြင်းတွေအမြတ်ထုတ် တဏှာရာဂ မုဆိုးတို့ရဲ့ကျော့ကွင်းထဲ နောက်ထပ်ဘယ်မိန်းကလေးကိုမှ မသက်ဆင်းစေချင်တော့ပါ။
🌻🌻🌻
ဝင်ရောက်ဖတ်ရှု့ပေးသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါသည်။
စာရေးသူ🪄ကြွယ်