ဒီနေ့မနက် ဝိုင်းမျက်နှာသစ်ပြီး ဘုရားဝတ်ပြုနေ၏၊ ဒွေးလေးကတော့ ခုံပေါ်မှာထိုင်၍ ပုတီးစိတ်နေလျှက်
"ဝိုင်းရေ!! ဝိုင်း"
အိမ်ရှေ့မှ ဇီဇဝါခေါ်သံကြားသဖြင့် ဦးသုံးကြိမ်အမြန်ချကာ အိမ်အောက်ထပ်သို့ ဆင်းလာ၏
"ဇီဇဝါ အစောကြီးရောက်လာပါလား လက်ထဲက ဘာတွေလဲ"
"နင်တို့စားဖို့ ဆီထမင်းပူပူလေး လာပို့တာ"
"အတော်ပဲ ကျုပ်ဗိုက်ဆာနေတာနဲ့"ဟုပြော၍ ဆီထမင်းတစ်ဆုတ်ဆုတ်ကာ ယူစားလိုက်၏
"ဟက် ဝိုင်း လူကြီးတွေတောင်မစားရသေးပဲ နင်ကဦးဦးဖျားဖျား နှိုက်စားနေပြန်ပြီ"
နှစ်ယောက်သားပြောရင်းဆိုရင်း စားပွဲခုံမှာဝင်ထိုင်၍ ရေနွေးကြမ်းငှဲ့သောက်နေ၏
"ဒေါ်လေးရော ဘယ်သွားလဲ"
ဝိုင်း မီးဖိုးချောင်ကိုလှည့်ကြည့်ပြီး
"ဒီနေ့ဘာစိတ်ကူးပေါက်လို့လဲမသိဘူး ကိုယ်တိုင်ချက်ပြုတ်နေတယ်"ဟု တိုးတိုးပြော၏
"ကျုပ်အကိုရော မနိုးသေးဘူးလား"
"နင့်အကိုက အိပ်နေတာကိုသိုးလို့ ငါခေါင်းကို နှစ်ချက်လောက် ထုခဲ့တာတောင် သိတာ မဟုတ်ဘူး"
"ဘယ်သူ့ ခေါင်းကို နှစ်ချက်လောက် ထုခဲ့တာလဲ ဝိုင်း"
အိမ်ပေါ်ထပ်မှဆင်းလာသော ဝန်းရံ၏ မေးခွန်းကြောင့် ဝိုင်း သူခိုးလူမိသလိုဖြစ်နေသည်။
"အကိုအိပ်နေတုန်း အကို့ခေါင်းကို နှစ်ချက်ထုခဲ့တာတဲ့ ဟုတ်တယ်မလားဝိုင်း"
ဝိုင်း ဇီဇဝါအား လက်သီးရွယ်ပြ၍ အံ့ကြိတ်ပြ၏
"ဟက် ဇီဇဝါ ဘာတွေလျှောက်ပြောနေတာလဲ ကျုပ်ပြောတာ အိမ်မှာငါးဟင်းချက်မလို့ ငါးကရှင်နေသေးလို့ နှစ်ချက်လောက် ထုရဦးမယ်ပြောတာ"
ဝန်းရံ ဝိုင်းအနား ဝင်ထိုင်၍
"ဇီဇဝါပြောသလို အကို့ခေါင်းကိုထုတာ လက်ပူးလက်ကြပ်မိလို့ကတော့ မလွယ်ဘူးမှတ်"
ဝိုင်းမကြားချင်ယောင်ဆောင်၍ ရေနွေးကြမ်းကိုအာရုံစိုက်သောက်နေ၏
"ဒါနဲ့ဝိုင်း ညောင်ရေသွန်းပွဲနေ့တောင် နီးလာပြီနော် ဒီနှစ်တော့တို့ရွာ ညောင်ရေသွန်းပွဲတော့ လူစီပြီ"
"နှစ်တိုင်းလဲစီတာပဲ ထူးဆန်းလုပ်လို့"
"အကို မျက်နှာသွားသစ် အာပုတ်နံ့တွေ ကျုပ်ဆီလာတယ်"
"အဲ့အာပုတ်နံ့တွေ နံနေတဲ့ပါးစပ်ကို မနက်က ဘယ်သူနမ်းသွားတာလဲ" ဝိုင်း၏ပခုံးကိုဖက်လိုက်ပြီးပြောခြင်းဖြစ်သည်
"ဟာ!! အကို ဇီဇဝါရှေ့မှာဘာတွေလျှောက်ပြောနေတာလဲ ဒေါ်လေးကြားသွားမှဖြင့်"
"ကြားပါစေ ကြားအောင်ထပ်ပြောလိုက်မယ်"
"ဟာ!! ပြောလေဆိုးလေ သွားမျက်နှာသွားသစ် ပြီးရင် အဆာပြေစားမယ်"
"ကဲ !! ဝိုင်း နင်တို့လင်မယား ရန်ဖြစ်ပြီးကျန်ခဲ့တော့ ငါပြန်ပြီ"ဟုပြောကာ ဇီဇဝါထပြန်၏
"ဒီ !! ဇီဇဝါမ နောက်မှတွေ့ဦးမယ် တွေ့လား အဲ့ဒါအကို့ကြောင့် ကျုပ်တို့ကို လင်မယားလို့ပြောသွားပြီ"
"တကယ်လဲ လင်မယားပဲလေ ဘာနာစရာရှိလို့လဲ"
"တော်တော့ ဖယ် ကျုပ်ကိုဖက်မနေနဲ့ ဒေါ်လေးမြင်သွားမယ်"
ဝိုင်းတို့အဆာပြေစားသောက်ပြီး ဒီကနေ့အိမ်တွင်ထွေထွေထူးထူး အလုပ်လုပ်စရာမရှိသောကြောင့် လယ်ကွင်းတွေဆီ ဝန်းရံနှင့် ထွက်လာ၏ ၊ လယ်ကွင်းတွေဆီအရောက် အရိပ်ကောင်းသော အပင်ကြီးအောက်တွင် ထိုင်၍ ဝန်းရံ ရင်ခွင်ထဲဝင် မှေးစက်နေ၏
"အကို!! အကိုကသီတင်းကျွတ် ဘုရားပွဲပြီး ပြန်မှာဆိုတော့ ကျုပ်ကိုထားခဲ့ပြီး အပြီးပြန်မှာလားဟင်"
"ဝိုင်းကို အကိုကဘာလို့ထားခဲ့ပြီး ပြန်ရမှာလဲ အကိုပြန်ရင် အကိုနဲ့တစ်ခါထဲလိုက်ခဲ့"
"အို!!အကိုကလဲ ဘယ်လိုက်လို့ဖြစ်မှာလဲ အိမ်မှာဒွေးလေးရှိသေးတယ်၊ ဒေါ်လေးကလဲ လွှတ်မယ်မထင်ဘူး၊ အကိုနဲ့ကြိုက်နေတာသာ သိသွားရင် တစ်ရွှာလုံး ရွှာနာတယ်ဆိုပြီး ကျုပ်ကို သတ်လိမ့်မယ်"
"ဒါတွေစဉ်းစားမနေနဲ့ အတူနေရတုန်း
ပျော်ပျော်နေရအောင်နော်"
ဝန်းရံမှဝိုင်းနဖူးကိုနမ်းလိုက်၏။ အချိန်အတော်ကြာအောင် ဝန်းရံရင်ခွင်ထဲ မှေးစက်ရင်း လယ်ကွင်းပြင်များကို ငေးမောနေ၏။
"အကို ထ ကျုပ်တို့ ဟိုဘက်နားသွားရအောင်"
"ဘယ်ကိုလဲ ဝိုင်းရဲ့"
"ကျုပ်နောက်ကိုသာ လိုက်ခဲ့ပါ ရောက်တော့သိမှာပေါ့"
ဝိုင်းတို့နှစ်ယောက် လယ်ကွင်းတွေကို ကျော်၍ အတန်ငယ်ကြာအောင် သွားပြီးနောက် ရေကန်လေးဆီသို့ရောက်၏ ရေကန်ဟူသော်လည်း အကြီးကြီးမဟုတ် လယ်တစ်ကွက်စာတောင်မရှိသော ကန်လေးပင်ဖြစ်သည်။ ရေကန်ထဲတွင် ရေများမရှိ ရွံ့နွံများသာရှိ၏ ၊ရွံ့နွံများကြားတွင် ပုဒ္ဓာမာကြာပန်းများနှင့်ကြာခွက်များ ထိုးထိုးထောင်ထောင်နှင့် ပေါက်ရောက်နေ၏
"အကိုကျုပ်ဆင်းခူးဦးမယ် အကိုဒီကစောင့်နေ အကိုမဆင်းနဲ့တော့ အကိုဆင်းရင် ရွံ့ပေလိမ့်မယ်"
"အကိုပါ ဆင်းမယ်လေ ရွံ့ပေရုံမကလို့ မျော့တွယ်တွယ် ဝိုင်းနဲ့သာဆို အရာအားလုံးကို ရင်ဆိုင်ရဲတယ်"
"အပြောကောင်းမနေနဲ့ လာ မြန်မြန်ခူးပြီး မြန်မြန်ပြန်မယ်"
ဝိုင်းနှင့်ဝန်းရံ ကြာပန်း၊ကြာခွက်များကို ချိုးယူ၍ တစ်ယောက်နှင့်တစ်ယောက် စနောက်ကာ ပျော်ရွှင်နေ၏
ဒီကနေ့ ကဆုန်လဆန်း ၁၄ရက်နေ့ည၊မနက်ဖန်ဆို ကဆုန်လပြည့်၊ လဆန်း၁၄ရက် ဆိုသော်လည်း၊ လပြည့်နေ့နှင့်မခြား ကောင်းကင်ယံမှ လမင်းကြီးက
ထိန်ထိန်သာနေ၏ ပြတင်းတံခါးဆီမှ တိုးဝင်တိုက်ခက်လာသော လေပြေလေညှင်းများ၏ အထိအတွေ့ကို ဝိုင်းတစ်ယောက် မျက်စိမှိတ်ကာခံယူနေ၏
"ဝိုင်း မြေးလေး မအိပ်သေးဘူးလား"
ဒွေးလေး၏ခေါ်သံကြောင့် မှိတ်ထားသော မျက်စိကို ပြန်ဖွင့်ကာ ဒွေးလေးကိုကြည့်လိုက်သည်။
"စောသေးလို့ မအိပ်ချင်သေးဘူး ဒွေးလေးရဲ့
အကိုဝန်းရံတောင် လေးမြဆွေတို့ဆီ သွားတာ ပြန်မရောက်သေးဘူး"
ဒွေးလေး ခေါင်းတစ်ဆက်ဆက်ညိမ့်ပြ၏
"ဒွေးလေးလာတာနဲ့ အတော်ပဲ ကျုပ်ဒွေးလေးကိုပြောစရာရှိတယ်"
"ဘာများလဲ မြေးရဲ့"
"ကျုပ် ဟိုတစ်လောက ဘွားဘွားကိုအိပ်မက် မက်သေးတယ် ရေတွင်းကြီးနား ကျုပ်ကိုခေါ်သွားပြီး နင်သူ့ကိုမချစ်ရဘူး နင်သူ့ကိုချစ်ရင်
နင်သေဘူးတဲ့ရေတွင်းထဲ ငါတွန်းချပစ်မယ်တဲ့"
"မြေးက ဘယ်သူ့ကိုချစ်နေလို့လဲ"
ဝိုင်းအတန်ငယ်ရပ်တန့်သွား၏၊ဘာဆက်ပြောရမှန်းမသိ၊ဒွေးလေးကို မလိမ်ချင်ပေမယ့် လိမ်လိုက်ရ၏
"ကျုပ်က ဘယ်သူ့ကိုချစ်ရမှာပဲ ဒွေးလေးရဲ့ ကျုပ်မှာချစ်ရမယ့်သူဆိုလို့ ဒွေးလေးပဲရှိတာ အခြားချစ်ရမယ့်သူလဲမရှိပါဘူး"
ဒွေးလေးပြုံးနေလျှက်၊ ဝိုင်း စကားပြန်ဆက်၏၊
"ကျုပ်လဲ ဒွေးလေးရယ် ရေတွင်းထဲ ပြန်ငုံ့ကြည့်တော့ ရေတွင်းထဲမှာ ရေတွေလျှံနေတာပဲ ရေရိပ်ထဲမှာမြင်နေရတာ ကျုပ်ပုံမဟုတ်ဘူး အငြိမ့်မင်းသမီး ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံ ကျုပ်လဲဘွားဘွားကိုပြန်ကြည့်လိုက်တော့ သူကထွက်သွားဆိုပြီး ရေနဲ့ပတ်ချလိုက်တာ ကျုပ်ဖြင့်လန့်နိုးသွားပါလေရော"
"အကြောင်းကြောင့် အကျိုးဖြစ်လာတာပါမြေးရယ် စိတ်ထဲသိပ်မထည့်ထားနဲ့ "
"ဒွေးလေးလဲ ကျုပ်ကို အမေ့အကြောင်း ပြောပြပါဦး"
ဒွေးလေးမစန်း ခေါင်းလေးတညိမ့်ညိမ့်ဖြင့်
'မြေးက အခြားကလေးတွေလို ၉လလွယ် ၁၀လဖွားတာ မဟုတ်ဘူး ၁၀လလွယ်ပြီး ၁၁ဖွား !! အဲ့ဒီနေ့က'
ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေပြီမို့ ဒွေးလေးနှင့်အတူ ခါဥအိပ်၏၊ ကိုထွန်းမောင်ကတော့ အိမ်မှာမရှိ အလုပ်ကိစ္စအရေးကြီးသဖြင့် ခါဥ ယောက္ခမတွေဆီ ညအိပ်သွားသည်။
မျက်လုံးများလေးလံလာသဖြင့် မီးတိုင်မှုတ်ကာ အိပ်ရန်ပြင်၏ ၊သီချင်းညည်းသံ သဲ့သဲ့ကြားရသဖြင့် မျက်စိဖွင့်ကြည့်မိတော့ ကောက်ရင်ပန်းများ ဆင်မြန်းထားသော ဒန်းပေါ်သို့ ခါဥရောက်နေ၏၊ပန်းရနံ့များလဲ ထုံပျံ့မွှေးကြိုင်လျှက်၊ ဒန်းကြီးမှာရှေ့တိုးနောက်ဆုတ် ဖြစ်နေသဖြင့် ဘေးဘီကိုကြည့်မိရာ ဟိုတစ်ခါအိပ်မက်ထဲက အမျိုးသမီး ဝတ်စုံကလဲ နဂိုတစ်ခေါက်အိပ်မက်ထဲကအတိုင်းပင်၊
"အို!! ကျုပ်မှာကိုယ်ဝန်ကြီးနဲ့ ဒန်းကိုလွှဲနေတာရပ်ပေးပါ "
"ခါဥ !!ငါ့ကိုလေ ကောက်ရင်ပန်းတွေပွင့်မှ မွေးပေးစမ်းပါ ငါ့မောင်ကြီးပေးတဲ့ ကောက်ရင်ပန်းတွေကြား ငါမွေးဖွားလာချင်လို့ပါဟယ်"
"ကျုပ်မွေးပေးပါ့မယ်ရှင် ဒန်းကိုသာ အရှိန်လျှော့ပါ ကျုပ်ပြုတ်ကျမှဖြင့် ကလေးမမွေးနိုင်ဖြစ်နေပါ့မယ်"
ကလေးမမွေးနိုင်ဖြစ်နေပါ့မယ် ဟူသောစကားကြောင့် ဒန်းလွှဲပေးသော အမျိုးသမီးမှာ မျက်လုံးစူးစူးဝါးဝါးဖြင့် ခါဥအား ကြည့်ကာ"တောက်" ဟူ၍ ကျယ်လောင်စွာ ခေါက်လိုက်သည်။ ထိုအသံကြောင့် ခါဥပင်လန့်နိုး၏
"ဒွေးလေး !!ဒွေးလေး "
"ဟက် ခါဥ မောကြီးပန်းကြီးနဲ့ ဘာလို့ခေါ်အော်နေတာလဲ မီးတိုင်ထွန်းလိုက်၊မမအေးကြိုင်!! မမအေးကြိုင် ထပါဦး ဒီမှာ မမသမီး ဘာဖြစ်လို့လဲမသိဘူး"
"ဟေ!! ခါဥ ဘာဖြစ်လို့လဲ ဗိုက်နာလို့လား"
"ဗိုက်နာလို့ မဟုတ်ဘူး အမေရဲ့အိပ်မက်မက်လို့"
"အမယ်လေးအေ အိပ်မက်တာပဲ ညည်းတစ်ယောက်ထဲမက်တာမှမဟုတ်တာ၊ ငါလဲမက်တာပဲ" ဒေါ်အေးကြိုင်မှပြောခြင်းဖြစ်၏
"ကဲပါ မမအေးကြိုင်ရယ် ခါဥပြောတာနားထောင်ပါဦး" ခါဥမှ အိပ်မက်မက်သည့် အကြောင်းစုံကိုပြောပြ၏
"ကိုယ်ဝန်ကဖြင့် နက်ဖန်လား၊သန်ဘက်ခါလား မွေးတော့မယ် ကောက်ရင်ပန်းပွင့်ချိန်မွေးချင်ရင် နောက်လမှနဲ့သာ မွေးတော့ခါဥရယ် နင်လဲဒီအိပ်မက်ထဲကကို မထွက်တော့ဘူး"
"မြေး အမေပြောတဲ့အတိုင်း ကိုယ်ဝန်က နေ့စေ့လစေ့ဖြစ်နေပေမယ့် မမွေးသေးပဲ တန်ဆောင်မုန်းလ ကောက်ရင်ပန်းတွေ ပွင့်တဲ့အချိန်မှ မြေးကိုမွေးတယ်"
ပြောပြီးဆိုပြီး ဒွေးလေးက အိပ်ချင်သည်ဟုဆိုကာ အခန်းထဲမှ ပြန်၏၊ အကိုဝန်းရံတော့ ပြန်မလာသေး ၊ဝိုင်း မအိပ်ချင်သေးသဖြင့် ပြတင်းတံခါးဆီသို့ သွားကာ လေညှင်းခံနေ၏
အေးမြလတ်ဆက်သော လေပြေညှင်းများကို ခံယူရင်း ကောင်းကင်ကြီးကို မော့ကြည့်မိ၏ လမင်းကြီးပင်ထိန်ထိန်သာ ကြယ်ကလေးများ တဖျက်ဖျက် ပိုးစုန်းကြူးလေးများပင် မှိတ်တုတ်တုတ်ဖြင့် လရောင်အရှိန်ကြောင့် ကုက္ကိုပင်တန်းကိုပင် အတိုင်းသားမြင်နေရ၏
"ဝိုင်း " ခေါ်သံနှင့်အတူ နွေးထွေးသော ပွေ့ဖက်မှုကြောင့် ညကောင်းကင်၏အလှကို ခံစားနေသော ဝိုင်း အခုမှသတိဝင်၏
"အကို ဘယ်တုန်းကပြန်ရောက်နေတာလဲ
ကျုပ်ဖြင့် သိတောင်မသိလိုက်ဘူး"
"ဝိုင်းက ဘာတွေတွေးနေလို့ အကိုပြန်ရောက် လာတာတောင် မသိရတာလဲ''
"ဘာမှမတွေးပါဘူး လသာနေတာ လှလို့ကြည့်နေတာ"
"လမင်းကြီးက လှလိုက်တာနော် ဝိုင်း အတိုင်းပဲ"
"ကျုပ်က လမင်းကြီးမဟုတ်ပါဘူး ကျုပ်က ပိုးစုန်းကြူးလေးပါ"
"ပိုးစုန်းကြူးလေးတွေက စားဗူးတောင်းငှက်လေးရဲ့ အဖြည့်ခံလေ ၊ စာဗူးတောင်းငှက်လေးတွေက သူ့တို့အသိုက်အလင်းရောင် ရရှိဖို့အတွက် ပိုးစုန်းကြူးလေးတွေကို ဖမ်းပြီး အသိုက်ထဲ ရွံ့နဲ့ကပ်ထားကြတယ်တဲ့ "
အတန်ကြာနှစ်ယောက်သာ တိတ်ဆိတ်စွာ ငေးမောနေကြ၏
"ကျုပ်က ပိုးစုန်းကြူးဆိုတော့ အကိုကစာဗူးတောင်းငှက်လေးပေါ့ ဟုတ်တယ်မလား အကိုဘဝခနတာအလင်းရောင်ရဖို့ ကျုပ်ကိုအကို့အချစ်နဲ့ ကိုက်ချီပြီး ရွံ့နဲ့တူတဲ့ နှလုံးသားနေရာမှာ ခနတာ ကပ်ချည်ထားတာမလား"
"ဝိုင်း !! စကားတွေတအားတက်နေပါလား ဝိုင်းကို အကို့နှလုံးသားနေရာမှာ ခနတာကပ်ချည်ထားတာမဟုတ်ဘူး တစ်ဘဝစာ ကပ်ချည်ထားတာပါ"
"အကို့ကို ကျုပ်ယုံပါတယ် မယုံတာ ကံကြမ္မာကို"
"အကို့ကို ချစ်လား မုန်းလား ပြော"
"အကို့ကို ကျုပ်မမုန်းပါဘူး ပိုးစုန်းကြူးငယ်လေးက လမင်းထက်သာအောင် လင်းနိုင်မှအကို့ကို ကျုပ်မုန်းမယ်"
ဝိုင်းမှဝန်းရံအားဖက်၍ ပြောနေခြင်းဖြစ်၏
(Sep-26/2023)