လမင်းထိန်ထိန်သာနေလေေသာ ညတစ်ညတွင် ...
ရပ်ကွက်ငယ်တစ်ခုရှိ စာသင်တိုက် ဘုန်းကြီးကျောင်းရှေ့သို့ ညမီးတိုင် ဝါကျင့်ကျင့်အောက် ပြောင်လက်နေလေသော အဖြူရောင် လန်ခရူဇာ ကားလေးမှာထိုးရပ်သွားလေသည်။
ထို့နောက် ကားနောက်ခန်းတံခါးတစ်ဖက်ပွင့်လာကာ အမျိုးသမီးတစ်ဦး အဝတ်ထုပ်ဖြူဖြူကို ပိုက်၍ဆင်းလာလေသည်။
ထိုအမျိုးသမီးမှာ ဘေးဘီဝဲယာနှစ်ဖက်လုံးအား ဝေ့ဝဲကြည့်ရင်း ဘုန်းကြီးကျောင်း၏ မုခ်ဦးတံခါး ညာဘက်ထောင့်လေးတွင် ထိုအထုပ်ဖြူဖြူလေးကိုဂရုတစိုက်ချကာ ကားထဲသို့ခပ်သုတ်သုတ်ပြန်ဝင်သွားလေ၏။
ထိုကားလေးသည်လည်း ထိုအမျိုးသမီး ဝင်သွသည်နှင့် တပြိုင်နက် မောင်းထွက်သွားတော့၏။
ထိုကားလေး ထိုနေရာ၌မရှိတော့ချိန် ထိုအထုပ်ဖြူဖြူလေးဆီမှာ ကလေးငိုသံလေးထွက်ပေါ်လာကာ အနှီးပတ်ဝန်းကျင်တစ်ခွင်၌ပျံ့လွင့်သွားလေသည်။
ထိုညတွင် ကောင်းကင်တစ်ခွင် ရွှေလမှာ ထိန်ထိန်သာနေသလို ကြယ်တို့သည်လည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလဲ့နေကြကာ အာကာတစ်ခွင်ကြည်လင် ငြိမ်ချမ်းနေသည်။
သို့သော ထိုတိတ်ဆိတ်ငြိမ်သက်ခြင်းတို့နှင့်ဆန့်ကျင်စွာ အထုပ်ဖြူဖြူလေးထဲမှ မွေးကင်းစ နီတာရဲကလေးငယ်လေးမှာတော့ ဝမ်းနည်းလှိုက်မောလျက် သည်းထန်စွာငိုကြွေးနေတော့၏။
လသာသာ
ညအခါမှာ
စွန့်ပစ်ခံကလေးလေးကတော့
ပျော်ရွှင်ခြင်းတို့ပျောက်ဆုံးနေလိမ့်မည်။
....
ကျွီ....ကျွီ....
ရှပ်....ရှပ်....
"န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။"
မနက်ဝေလီဝေလင်းအချိန် ဆရာတော် ဦးပညာစာရ၏ တံမြက်စည်းလှည်းရင်း ခပ်အေးအေးရွတ်ဖတ်နေသော မေတ္တာသုတ် ရွတ်ဖတ်သံက ငှက်သံတို့နှင့်အပြိုင်ထွက်ပေါ်လာသည်မှာ ကြည်နူးစရာကောင်းလှသည်။
"အူ ဝဲ....အူဝဲ...."
ဟင်....
ဆရာတော်မှာ တံမြက်စည်းလှည်းနေရင်း ကြားလိုက်ရသည့် ကလေးငိုသံကြောင့် လှုပ်ရှားမှုတို့ရပ်တန့်ကာ အသံကို နားစွင့်မိလိုက်သည်။
"အူဝဲ အူဝဲ...."
ထပ်မံကြားလိုက်ရသောအသံကြောင့် ဇဝေဇဝါဖြစ်နေရင်းမှ ဆရာတော်ဟာ တံမြက်စည်းအား သရက်ပင် ပင်စည်တွင်ထောင်ကာ အသံလာရာ ကျောင်းမုခ်ဝဆီသို့လျှောက်လို့လာလေသည်။
"အူဝဲ အူဝဲ...."
ထိုအခါ ကျောင်းမုခ် သံတိုင် ဆွဲတံခါးအပြင်ဘက်ရှိ အနှီးထုပ်ထဲ ငိုနေသည့် ကလေးအားတွေ့လိုက်ရကာ အံ့ဩသင့်သွားရှာ၏။
ထို့နောက် ဆရာတော်ကိုယ်တိုင်တရားဖွင့်ကာ ကလေးငယ်အား မြေကြီးပေါ်မှ ပွေ့ယူလိုက်သည်။
ဆရာတော်လက်ထဲရောက်ချိန်မှာတော့ နီတာရဲလေးမှာ ဘယ်မျှလောက် ငိုထားသည်မသိ မောပန်းနွမ်းနယ်လျက် ရှိုက်လို့နေလေသည်။
"အော် သနားစရာ လူသားလေးပါတကာ....အင်း...
အနိစ္စ ဒုက္ခ အနတ္တ
အနိစ္စ ဒုက္ခ အနတ္တ"
ဆရာတော်မှာ ကလေးငယ်အားကြည့်ကာ သနားဂရုဏာသက်လျက် သက်ပြင်းကိုသာချလျက်ရှိသည်။
....
သူ့နာမည် မောင်ထူးသာတဲ့....
ဘုန်းဘုန်းက သောကြာသားမို့ပေးထားလေရဲ့....
ဒါပေမယ့်လည်း ရပ်ကွက်ထဲကတော့ ဖိုးသာထူးလို့ပဲခေါ်ကြတယ်။
တပေါင်းလပြည့်နေ့ ငွေလထိန်ထိန်သာတဲ့ ညမှာ သူ့ကိုမွေးခဲ့တာပေါ့။
မွေးပြီး ဘုန်းကြီးကျောင်းရှေ့မှာ စွန့်ပစ်ထားခဲ့တာလို့ အကြီးရီးမြင့်ကပြောတာပဲ...
မွေးကင်းစ သူ့ကို ဆရာတော်ရဲ့ ဒကာ ဒကာမတွေက လာကြည့်ရင်း မျက်ဖန် စိမ်းစိမ်းလေးနဲ့ အသားဖြူစွတ်နေလို့ နိုင်ငံခြားသားကလေးများလား လူဝင်စားများလားဆိုပြီး ထင်ကြပြောကြသေးတယ်တဲ့....
သူ့မှာ မွေးကင်းစ နီတာရဲလေးမို့ နို့တိုက်ဖို့အခက်အခဲကြုံပြန်တော့ ဘုန်းကြီးကျောင်းရဲ့ နောက်နှစ်လမ်းက ဒေါ်သင်းသင်းဆိုသည့် အမျိူးသမီးကြီးဆီမှာ သွားသွားတိုက်ရတယ်တဲ့။
ဒေါ်သင်းသင်းဟာလည်း သူမွေးတဲ့ညမှာပဲ သူ့ကိုယ်ဝန်၇လနဲ့နေ့မစေ့လမစေ့ဘဲ ကလေးမွေးသတဲ့....
အဲ့တော့ သူ့ကိုနို့တိုက်ဖို့ အံကိုက်ဖြစ်သွားတော့တာပဲ....
အဲ့ သူ့နို့တိုက်မိခင် အမေသင်းရဲ့ကလေး သူနဲ့တစ်ညတည်း တူတူမွေးလာတဲ့ သူက မေသင်းကြိုင်တဲ့... ။
မိကြိုင်က သူနဲ့တူတူ မိခင်နို့ကိုမျှသောက်ခဲ့ရလို့လားမသိဘူး
အသက်၅နှစ်ထိက ပိန်ပိန်သေးသေးလေးပင်။
သူကတော့ အသားဖြူကာ ဘုန်းကြီးကျောင်းက ဟင်းပေါင်းကောင်းမှုနဲ့ အသားပြည့်ကာ ခပ်ဝဝလေးဖြစ်လို့နေသည်။
သူ့ပုံက ဖြူဖြူဝဝတစ်တစ်လေးမို့ ဘုန်းကြီးကျောင်းသားလိုပင်မထင်ရပဲ တကယ့် သူဌေးကလေးတစ်ယောက်နယ်...ရုပ်ရည်ကလည်း အမြဲလိုလိုသန့်ပြန့်သည့်အထဲပါကာ သူကိုယ်တိုင်ကလည်း ညစ်ညစ်ပတ်ပတ်ဆနရတာမကြိုက်ပါ။
ဘုန်းကြီးကျောင်းသားဆိုပေမယ့် ခြေထောက်ကိုရွံပေတာတောင် ရေပြေးဆေးတက်သည့် သူက အသန့်ကြိုက်လေးဖြစ်လို့နေပေမယ့်
မိကြိုင်မကတော့ အသက်နှစ်နှစ်တည်းက အော်တစ်ဇင်ဆိုလား အာရုံကြောနှေးကွေးတဲ့ ရောဂါဆိုလားနဲ့ သူပုံစံက ထုံထုံထိုင်းထိုင်းနှင့် ထမင်းစားလည်း ညစ်ပတ်သည်။
ထမင်းပန်းကန်ကိုဇွန်းတပ်ပေးထားတာတောင် မိကြိုင်ထမင်းစားရင် ပတ်ပတ်လည်ထမင်းလုံတွေ ပလဲပလားနေေအာင်စားတက်သည်။
ထိုအခါမျိုးဆို သူနှာခေါင်းလေးရှုံမိကာ မိကြိုင်ခေါင်းကိုခေါက်ထည့်တက်စမြဲပင်။
သူကသွက်သွက်လက်လက်နှင့်မို့ နုံနုံထုံထုံမိကြိုင်ရှေ့ကအမြဲဦးဆောင်လမ်းဖြစ်လို့နေသည်။
အအေသင်းက သူ့သမီးကို ဆူငေါက်တာမကြိုက်ပေမယ့် သူကတော့ လစ်ရင်လစ်သလို ဆူငေါက် ထိပ်ခေါက်လုပ်တက်သည်။
လုပ်အောင်လည်း မိကြိုင်က တစ်ခုမဟုတ်တစ်ခု မျက်စိနောက်အောင်လုပ်သည်ကို
မိကြိုင်ကတော့ သူဘာလုပ်လုပ် အူကြောင်ကြောင်နှင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ်ကြည့်ကာ လက်ချောင်းတွေကို တွန်းလိမ်ကောက်ကွေးလျက် လိမ်ချိုးနေတက်၏။
မိကြိုင်က အူကြောင်ကြောင်မို့ အမေသင်းက အမြဲစိတ်ပူနေရတက်သည်။
သူနဲ့မိကြိုင်က ငယ်ငယ်လေးတည်းက ကစားစဖော်ကစားဖက်တွေဖြစ်ကာ မနက်ပိုင်း ဆွမ်းခံကြွရင် လိုက် နေ့လယ်ပိုင်းအားတဲ့နဲ့ အမေသင်းအိမ်၌ မိကြိုင်နှင့်ပြေးပြေးဆော့ရတာအမော....
သူငယ်တန်းစတက်တုန်းက သူရောမိကြိုင်ပါ တူတူတက်ရသည်။
ပထမနေ့၌ပင် မိကြိုင်၏နုံတုံတုံအတတနှင့် ကျပ်မပြည့်သည့်ပုံစံကြောင့် ကျောင်းသားတေွရဲ့လှောင်ပြောင်စနောက်ခြင်းကို ခံရသည်။
"မေသင်းကြိုင်က စပလိန်လား တွန့်လိမ်ကောက်ကွေးနေဝာာပဲ သူ့မျက်လုံးကလည်း ဇီးကွက်ကျနေတာပဲ ပြူးပြီး လိုက်ကြည့်နေတယ်"
"ဒါဆို စပလိန်ဇီးကွက်ပေါ့ ဟားဟား"
"မေသင်းကြိုင် စပလိန်ဇီးကွက် မေသင်းကြိုင် စပလိန်ဇီးကွက်"
ထိုအခါ မိကြိုင်က သူ့ကိုလက်ညှိုးထိုး၍ ရယ်မော လှောင်ပြောင်နေကြသော လူများကို ပြူးကြောင်ကြောင်နှင့်လိုက်ကြည့်ကာ မျက်နှာမဲ့လျက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်ရည်တွေကျနေလေသည်။
"နင်တို့ သူ့ကိုအဲ့လိုမပြောနဲ့ ငါဆရာမနဲ့တိုင်လိုက်ရမလား"
ထိုအခါ သူက ခြိမ်းခြောက်လိုက်ရင်အတန်းထဲမှ ကျောင်းသွားများငြိမ်ကျသွားကြသည်။
သူလည်း မျက်နှာမဲ့လျက် လက်ကိုချိုးလိမ်ကာ ငိုနေသော မိကြိုင် နဖူးကို လက်ညှိုးနှင့်နာနာထိုး၍
"မိကြိုင် နင်အနေလား ဟင် ....နင့်ကိုဝိုင်းလှောင်နေကြတာကို ဘာလို့ငြိမ်ခံနေတာလဲ နင့်မှာ ပြန်ပြောဖို့ ပါးစပ်မပါဘူးလား"
သူကနဂိုတည်းက မေသင်းကြိုင်အပေါ် ဆူငေါက်နေကြမို့ မိကြိုင်က သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကြည့်ကာ
လေးလံသော စကားလုံးများဖြင့် တစ်လုံးချင်း ကြာမြင့်စွာပြောလာလေသည်။
"အ..ကြိုင်...မှ မ ပြော...ရဲ...တာ အီး...."
စကားတခါပြောရင် သူအိပ်ငိုက်ချင်လောက်အောင်ကြာတာမို့ ငိုနေသောမိကြိုင်နှင့်စကားဆက်မပြောဘဲ ကိုယ့်အတန်းကိုပြန်လာလိုက်သည်။
အတန်းထဲမှာ ထူးသာက ဝဝဖိုင်ဖိုင် အကောင်းခပ်ကြီးကြီးမို့ ကျန်သည့် အတန်းသားတွေက ရှိန်ကြသည်။
ဒီလိုပါပဲ တခြားကျောင်းသားတွေထက် ထူးခြားကွဲပြားနေသည့် မိကြိုင်ကို အားလုံးကအထူးအဆန်းလို့ ဖြစ်နေကြကာ စပလိန်ဇီးကွက်ဆိုသည့် နာမည်ကလည်း စနောက်ကြတိုင်း ခေါ်ကြတာမို့ ထိုနာမည်က တွင်လို့သွား၏။။
ာအားနေ ခေါင်းငုပ်ခံတက်ပြီး မျက်လုံးလေးပြူး၍ လိုက်ကြည့်ကာ မျက်ရည်ကျတက်သော မိကြိုင်ကို သူအားမရပေ။
အမေသင်းကလည်း သူ့သမီးအကြောင်းသိလို့ သူ့သမီးကို သူများအနိုင်ကျင့်ရင်ဆရာမတိုင်ဖို့ သူ့ကိုမှာထားသည်။
သူကတော့ ဆရာမဆီတိုင်မနေနဲ့ ရေှ့ကကာကွယ်ပေးတက်သလို အချိုးမပြေသည့် မိကြိုင်ကိုလည်း ထိပ်ခေါက်ပေးတက်၏။
.....
အော်အီးအီးအွတ်....
မနက်ခင်း ရောင်နီပျိုးချိန် လင်းကြက်တွန်းသံနှင့်အပြိုင် ကြေးစည်ထုသံကလည်း မြိုင်မြိုင်ပင်။
"ဆွမ်းတော်ဗျို့"
ဒေါင်....
သူနှင့် သူ့ထက် အသက် လေးနှစ်ကြီးသည့် ကိုကြီးခွတိုတို့နှစ်ယောက် ကြေးသည်ကြီးကို ဝါလုံးဖြင့် တွဲ၍ ရှေ့နောက် ထမ်းပိုးကာ
သူက ရှေ့ကနေ ဆွမ်းတော်ဗျို့ ဆိုတာနဲ့ ကိုကြီးခွတိုက ကြေးစည်ကိုအားနှင့် တစ်ချက်တီးသည်။
ရပ်ကွက်ထဲ သူတို့နှစ်ယောက် ရှေ့က နှိုးဆော်၍ နောက်ပါးမှ နီအိုရောင် သင်္ကန်းကိုယ်စီဖြင့် သံဃာတော်များက စီတန်း၍ ကျီးရောင်သပိတ်ကိုယ်စီပိုက်၍ လျှောက်လှမ်းလာကြပုံက ကြည်ညိုစဖွယ်....
ဝါးတိုင်တို့နှင့်ခြံစည်းရိုးခတ်ထားသောအိမ်ရှေ့၌ အမေသင်းက ယောဂီရောင်ပုဝါကို ပုခုံးမှာတင်ထားပြီး လက်ထဲ၌ အငွေ့တထောင်းထောင်းထနေသော ထမင်းဖြူ ဇလုံကိုပိတ်ထားလေသည်။
သူမဘေးတွင်တောင် သူတို့အလာကို မျက်တောင်များအား ခပ်ဖြည်းဖြည်းပိတ်လိုက်ဖွင့်လိုက်ဖြင့် လက်နှစ်ဖက်ကိုယှက်၍ ဆုပ်နယ်နေကာ စိုက်ကြည့်နေသည့် မိကြိုင်ကိုလှမ်းတွေ့ရ၏။
မိကြိုင်၏ လက်နှစ်ဖက်ကြားထဲ၌လည်း စမူဆာတစ်တုံးကိုင်လို့ထားကာ သူမနှုတ်ခမ်းတစ်ဝိုက်၌လည်းအဆီတွေ ကွက်လို့သည်။
သနပ်ခြားအဖွေးသာလိမ်းထားသည့်မျက်နှာက နှုတ်ခမ်းတစ်ဝိုက်အဆီဖြင့် သနပ်ခါးတွေပျက်နေလျက် အသားက ညိုလှသဖြင့် သူ့မျက်လုံးထဲ သရဲရုပ်ပေါက်လို့နေသည်။
ထို့ဆကြာင့် မိကြိုင်ကိုကြည့်ကာသူနှာခေါင်းရှုံ့လိုက်မိသည်။
"ဆွမ်းတော်ဗျို့"
ဒေါင်....
အမေသင်း ခြံရှေ့အရောက်တွင် ခြေစုံရပ်လိုက်ပြီး မိကြိုင်လက်ထဲက မုန့်ကိုလုစားလိုက်သည်က မြန်ဆန်စွာ မိကြိုင်ကတော့ သူ့ပုံစံအတိုင်း မျက်လုံးလှန်ကြည့်၍ မျက်နှာမဲ့ကျသွားလေသည်။
အမေသင်းကေတာ့ သံဃာတော်တွေကိုတစ်ပါးခြင်း ဆွမ်းလောင်းနေသည်မို့ သူ မိကြိုင်ဆီကလုစားတာ မသိလိုက်ပါ။
"ဖိုးသာထူး ဒီနေ့ ငါ ဟိုဘက်လမ်းထဲမှာအဝတ်သွားလျှော်ရမယ် မင်း မိကြိုင်နဲ့ အိမ်မှာလာဆော့ပေးနော်"
"ဟုတ် အမေသင်း"
"အေအေ လာ မိကြိုင် အထဲသွားမယ်"
သူတို့အမေသင်းအိမ်ရှေ့က ထွက်လာချိန် အမေသင်းကလည်း မိကြိုင်ခေါင်းလေးကိုကိုင်၍ ခြံထဲဝင်သွားလေသည်။
အမေသင်းက သူ့ကိုချစ်ပေမယ့်
သူ့သမီးကိုအမြဲနိုင်စားလို့ ကြည့်တော့မရပေ။
သူကလည်း သူပဲ...
အမေသင်းရှေ့တောင် မိကြိုင်ကိုနိုင်စားနေတက်တာကို...
သို့ပေတည့် အမေသင်းက သူခုလိုမုန့်လုစားတာတွေ့ရင်တောင် မျက်စောင်းရွယ်ရုံသာ ဘာမှတော့မပြောပေ။
သို့နှင့် သူဆွမ်းခံကြွလိုက်ပြီး ကျောင်းရောက်ချိန် ဘုန်းကြီးတွေဆွမ်းဘုန်းဖို့ ဝိုင်းကူပေး ဝေယျာဝစ္စဝိုင်းလုပ်ပေးကာ နေ့လယ်ပိုင်းတွင် ဆွမ်းအကျန် ဟင်းတွေကို အိုးကြီးထဲရောပေါင်း၍ မီးဖိုပေါ်ပြန်နွှေးထားသော ဟင်းပေါင်းကို ကြွပ်ကြွပ်တစ်လုံးဖြင့် ကပ္ပိယကြီး ဦးသောင်းအားထည့်ခိုင်းကာ အိတ်ဆွဲ၍ မိကြိုင်အိမ်သို့ အမောတကောပြေးလာမိသည်။
"အမေသင်းရေ မိကြိုင်ရေ"
သူခြံပေါက်ဝကနေ လှမ်းအော်ကာ သစ်သားလှေကားသုံးထစ်ပေါ်ပြေးတက်သွားလိုက်သည်။
ထိုအခါအမေသင်းက မိကြိုင်ကို ကျောက်ပြင်ရှေ့၌သနပ်ခါးလိမ်းပေးနေလေသည်။
သစ်သားခြေတံတိုအိမ်လေး၌ မိကြိုင်နှင့်အမေသင်းနေသည်။
အမေသင်းကနေ့လယ်ဆို သူရောက်တာနဲ့မိကြိုင်ကိုရေမိုးချိုးပေးပြီး ရပ်ကွက်ထဲကအိမ်တွေမှာအဝတ်လိုက်လျှော်သည်။
"လာပြီးသား ဖိုးသာထူး ဟင်းပေါင်းယူလာတာလား"
အမေသင်းက မိကြိုက်ပါးပေါ်မှ စိုနေသည့် သနပ်ပါးကွက်ကို သွားပွတ်တံဖြင့်ခြစ်ချ၍ သူ့ကိုလှမ်းမေးသည်။
"အမ် ဦးသောင်းထည့်ပေးလိုက်တာအများကြီးပဲ"
"ဟုတ်လား အေအေ မင်းနဲ့မင်းညီမ တူတူထမင်းစားကြပေါ့ နောက်ဖေးမှာ ကန်စွန်းရွက်ကြော်နဲ့ ငါးပိရည်ကျိုရှိတယ်"
"ဟုတ်"
သူဟင်းထုပ်ကိုကိုင်ကာ ခါးလေးကိုင်းထိုင်လျက် အမေသင်းမိကြိုင်အား ဆံပင်ဖြီးပေးနေတာကို ကြည့်နေမိသည်။
"လာ နောက်တစ်ယောက် "
အမေသင်းက သူ့ကိုပါခေါ်တာမို့ သူ ဖင်ရွေ့ကာအနားတိုးသွားချိန် အမေသင်းက သူ့လက်ထဲမှ ဟင်းထုပ်ကိုယူ၍ ဘေးနံရံသံချိတ်ပေါ်ချိတ်လိုက်ကာ သူ့မျက်နှာကိုဆွဲမော့စေ၍
"မျက်စိမှိတ်ထား ဖိုးသာထူး"
သူခေါင်းညိတ်ကာ အမေသင်းသနပ်ခါးလိမ်းပေးသည်ကို ငြိမ်ခံနေလိုက်သည်။
အမေသင်းက လောနေ၍လား နဂိုတည်းကအလုပ်လုပ်ရင်း မြန်သူဖြစ်လို့လညးမသိ သူ့မျက်နှာပေါ် သနပ်ခါးကို ဆွဲပွတ်လိမ်းပေးသည်မို့ သူ့ခေါင်းကိုငြိမ်အောင်ပြန်ထိန်းထားရသည်။
သနပ်ခါးနံ့သင်းသင်းလေးကြောင့် သူ့စိတ်ထဲ ပျော်မိနေတာလား ဒါမှမဟုတ် အမေသင်းက သနပ်ခါးလိမ်းပေးလို့ပဲလားမသိ သူပျော်တာတော့ပျော်နေသည်။
"ရပြီး ခေါင်းဖြီးရမယ်"
အေမသင်းကသူ့ကိုခေါင်းဖြီးပြီးသည်နှင့် ထရပ်ကာ ခမောက်ဆောင်၍
"အပြင်တွေလျှောက်မဆော့နဲ့နော် ခြံထဲမှာပဲဆော့ကြ အပြင်မှာတွေ့လို့ကတော့ ရိုက်ခံထိမယ် နှစ်ယောက်လုံး"
သူတို့နှစ်ယောက်လုံး အမေသင်းကိုမော့ကြည်ဘ၍ ခေါင်းညိတ်ပြလိုက်ကြပြီး အေမသင်းလည်းအိမ်ပေါ်ကခပ်သုတ်သုတ်ဆင်းလို့သွားသည်။
ထို့နောက် သူတို့နှစ်ယောက် နောက်ဖေး ထရံကာထားသည့် ဘက်သို့သွားကာ သစ်သားစာပွဲဝိုင်း၍ထိုင်၍ အုပ်ဆောင်းကိုဖွင့်ပြီး ထမင်းခူးခပ်ထည့် ဟင်းပေါင်းကိုထမင်းပေါ်တစ်ယောက်တစ်ဝက်ဆမ်း၍ စားကြသည်။
....
"အစ်မရေ ကျွန်မရောက်ပြီး"
ဒေါ်သင်းသင်း သံဇကာကာထားသည့် တစ်ထပ်တိုက်ပုလေးရှေ့တွင် အသံလှမ်းပြုလိုက်ရာ အိမ်ထဲမှ ကိုးရီးယားကားကြည့်နေသည့် ဒေါ်လှမျိုးမှ ထထွက်လာ၏။
"အော် သင်းသင်း ရောက်ပြီးလား အနောက်ရေကန်မှာ အဝတ်ခြင်းတွေချထားတယ် နင့်ဘာနင် အထည်ရေပြီး ဘယ်လောက်ကျလဲ ငါ့ပြန်ပြောပေးအေ"
"ဟုတ်ပြီး မလှမျိုး"
သူမ တိုက်ဘေးဘက်ကနေပတ်သွားကာ သရက်ပင်အောက်ရှိ အုတ်ရေကန်ဆီလျှောက်လာခဲ့လိုက်သည်။
အဝတ်ခြင်းသုံးခြင်းက သူမကိုဆီးကြိုနေတာမို့ သူမလည်း ဆောင်ကြောင့်ထိုင်ချကာ အထည်တွေ ခြင်းထဲမှထုတ်၍ ရေတွက်လိုက်သည်။
သူမယူတဲ့နှုန်းထားက အင်္ကျီတစ်ထည်ငါးဆယ် လုံချည်တို့ထဘီတို့တိုတစ်ရာ စောင်ဆိုနှစ်ရာအတွင်းဝတ်ကျ တစ်ထည်သုံးဆယ်ယူသည်။
အထည်တွေရေတွက်ချိန် မလှမျိုးက ဆနွင်းမကင်းမုန့်ပန်းကန်ကြီးမ၍ သူမအနားရောက်လာသည်။
"ဘယ်လောက်ကျတုန်းသင်းသင်းရဲ့"
"အားလုံး သုံးထောင်ငါးရာပါမလှမျိုး"
"အေအေ ပြန်ရင် အိမ်ထဲလာဝင်ယူချေ ရော့ မုန့်လေးစားလိုက်ဦး"
"ခုထမင်းသားလာလို့ ပြန်မှပဲပြန်ယူသွားတော့မယ်မလှမျိုး အိမ်က ကလေးတွေလည်း စားလို့ရအောင်"
ဒေါ်လှမျိုး သူမရှေ့၌ သနပ်ခါးအဖွေးသားဖြင့် ပိန်ပိန်ပါးပါး သင်းသင်းကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။
မျက်နှာသွယ်သွယ် ကိုယ်ဟန်ခပ်တောင့်တောင့်နှင့် မျက်လုံးမျက်ခုံး လှကာ ခါးလောက်ရှည်သည့်ဆံပင်တွေကို ဖြစ်သလိုလျိုပတ်ထုံး၍
ထဘီခပ်တိုတိုဝတ်ထားသော သင်းသင်းက လှသည့်အမျိုးသမီးပင်။
"မိသင်း နင့်မလဲ ကလေးတစ်ယောက်နဲ့ မုဆိုးမဖြစ်ရရှာတယ်နော် ညည်းအသက်က သုံးဆယ့်ငါးဆိုတာ ငယ်သေးတာပဲ မြလွင်လိုအမူးသမားနဲ့ယူလိုက်တာ နင့်ကိုငါတို့နှမြောလို့မဆုံးပဲ ချောချောလှလှလေးကိုရထားတာတောင်ဒင်းက မူးလာရင် အနိုင့်ကျင့်ချင်သေးတာ ဟောခုလည်းကြည့် အရက်နဲ့ သူကတော့ အေးဆေး တမလွန်ရောက်သွားပြီး ညည်းကိုကျ ကလေးတစ်ယောက်နဲ့ ချန်ထားခဲ့တယ် ကောင်းသလား"
မလှမျိုးစကားကို သူမက ပြုံး၍သာ နားထောင်နေမိသည်။
"ဒီလိုပါပဲအစ်မရယ် ဘဝဆိုတာ ရိုက်ချလိုက် ပြန်ရုန်းထလိုက်နဲ့ပါပဲ ကျွန်မကတော့ သူမရှိလို့ အားမငယ်ပါဘူး ဝဋ်ကျွတ်သွားတယ်လို့ပဲ တွေးတယ် သမီးလေးကိုကျွန်မ တစ်ယောက်တည်းရှာကျွေးနိုင်ပါတယ်"
"အင် ညည်းသမီးလေးလည်းသနားပါတယ် မွေးပြီးတစ်နှစ်နဲ့အဖေကဆုံး ဖတဆိုးလေးက နှစ်နှစ်လောက်နဲ့ အာရုံကြောရောဂါသည်လေးဖြစ်နေရရှာတယ် အော် ညည်းတို့သားအမိမလဲ ဒုက္ခ ဒုက္ခ မိသင်း ညည်းက လှတုန်းပတုန်းကို နောက်အိမ်ထောင်ပြုလို့ရနေတာပဲ ကလေးတစ်ယောက်နဲ့ အားကိုးရှာသင့်ရင်ရှာရမှာပေါ့အေ"
"တော်ပါပြီး မလှမျိုးရယ် ကိုမြလွင်တစ်ယောက်နဲ့တင် လင်စိတ်သားစိတ်ကုန်နေပြီး ကျွန်မခြေလက်တွေအကောင်းကြီးရှိပါသေးတယ် ကျွန်မနဲ့ကျွန်မသမီးအတွက် ကျွန်မရှာနိုင်ဖွေနိုင်ပါသေးတယ်"
မိန်းမတို့သဘာဝအတိုင်း တီဗီကြည့်နေရာကနေ အနောက်ဘက် ရေကန်ထိလာကာ သူမတို့မိသားစုအကြောင်းလာပြောနေသည့် ဒေါ်လှမျိုးကို သူမစိတ်မဆိုးပါ။
တစ်ရပ်ကွက်ထဲသားတွေမို့ သူမကိုသနားညှာတာကြတာ သိပါသည်။
သို့သော် နောက်ထပ်အိမ်ထောင်ပြုဖို့ကိစ္စတော့ သူမခေါင်းထဲမရှိပါ။
သူမအတွေးထဲမှာ သမီးအတွက် ပိုက်ဆံကိုရိုးရိုးသားသားရှာဖွေကျွေးမွေးဖို့ပဲရှိပါသည်။
.....
🌻🌻🌻
🪄Kyawal
ကြွယ်