အခန်း(၃၇) အလုပ်သမားခေါ်တာ တော်တော်လေး အဆင်ပြေနေသလိုပဲ
ဖေးချမ့်က လက်ချောင်းများကို အသုံးပြုပြီး ဟွမ်းစစ်ပေါ်အတွက် အားလုံးကို တွက်ချက်ပြလိုက်သဖြင့် ဟွမ်းစစ်ပေါ် ကြက်သေ သေသွားရလေသည်။
ထိုပြောင်းပြန်စျေးဆစ်မှုကြောင့် ဟွမ်းစစ်ပေါ် လုံးဝ မှင်တက်သွားခဲ့ရသည်။
ယွမ် ၄,၀၀၀ ဟုတ်လား။
အဲဒါ သူ့မျှော်မှန်းလစာထက် ၂ ဆတောင် မဟုတ်ဘူးလား။
ဘော့စ်ဖေး တစ်ခုခု မှားနေတာများလား။
ဒါမှမဟုတ် သူဌေးတွေရဲ့ ပုံစံက ဒီလိုပဲလား။
ဟွမ်းစစ်ပေါ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာမှ ပြန်ဖြေလိုက်လေသည်။ "အဲ့-အဲ့လိုဆိုလည်း အဆင်ပြေပါတယ်"
ဖေးချမ့်က ပြုံးလိုက်၏။ "စိတ်မပူပါနဲ့။ ဝန်ထမ်းသစ်တွေကတော့ လစာနိမ့်နိမ့်နဲ့ စကြရတာပဲ။ ခင်ဗျားကြိုးစားမယ်ဆိုရင် နောက်ပိုင်းမှာ လစဥ်လုပ်ဆောင်ချက်တွေကို ကြည့်ပြီး လစာတိုးပေးဖို့ အခွင့်အရေးလည်း ရှိလာမှာပါ"
လစာတိုးမယ် ဟုတ်လား။
ဟွမ်းစစ်ပေါ်တစ်ယောက် အိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့မိသည်။
"ဟုတ်ပြီ အဲဒါကို နောက်မှဆုံးဖြတ်ကြတာပေါ့" ဖေးချမ့်က မတ်တတ်ရပ်လိုက်သည်။ "သဘက်ခါကျရင် အလုပ်ဆင်းဖို့ မမေ့နဲ့နော်။ ထန်းတာ့နက်ခ်ဝေါ့ ကုမ္ပဏီလိမိတက်ကနေ ခင်ဗျားကို ကြိုဆိုပါတယ်"
...
ဧည့်ကြိုက ဟွမ်းစစ်ပေါ်ကို လိုက်ပို့ပေးလိုက်သည်။
ဖေးချမ့်တစ်ယောက် စိတ်ကျေနပ်သွားသည်။ နောက်ထပ် သင့်တော်တဲ့ ဝန်ထမ်းတစ်ယောက်ကို ခန့်လိုက်နိုင်ပြန်ပြီ။
ဟွမ်းစစ်ပေါ် လာထိုင်လိုက်ကတည်းက သူ အလိုရှိတဲ့ လူတစ်ယောက်ပုံစံဖြစ်မှန်း ဖေးချမ့်တစ်ယောက် သေချာပေါက် သိနေသည်။
အလုပ်ကြိုးစားသော်လည်း သိပ်မထက်မြက်သည့်လူမျိုးကို သူလိုချင်နေတာ ဖြစ်သည်။
ဒါမှ ပြီးပြည့်စုံတဲ့ ဝန်ထမ်းဖြစ်မှာ။
လစာ ယွမ် ၄,၀၀၀ က သင့်တင့်မျှတပြီး စနစ်ကလည်း ဘာအပြစ်မှမဆိုသာပါ။
ဥပမာအားဖြင့် ခုနက လာရောက်လျှောက်ထားသည့် စီမံခန့်ခွဲရေးခေါင်းဆောင်လျို့က ဖေးချမ့်၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လူမျိုးမဟုတ်ပေ။
စဥ်းစားရင်း ဖေးချမ့်က အင်တာဗျူးတွင် သူ၏သဘောထားကို သူတို့ရဲ့ လျှောက်လွှာပေါ်မှာ မှတ်စုများ စတင်ရေးသားခဲ့သည်။
စီမံခန့်ခွဲရေးခေါင်းဆောင်လျို့၏ လျှောက်လွှာတွင် သူက ဒီလို ရေးသားထားခဲ့၏။
"အတွေ့အကြုံများပေမဲ့ ဒိတ်အောက်နေတဲ့ တွေးခေါ်ပုံရှိတယ်။ သူ့ရဲ့ ရှေးရိုးစွဲစိတ်က ဖန်တီးနိုင်စွမ်း နည်းပါးပြီး ဂိမ်းဖန်တီးတာကို တခြားသာမန်အလုပ်တွေလိုမျိုး ထင်နေတယ်။ ဂိမ်းအတွက် စိတ်အား ထက်သန်မှုနည်းပါးပြီး ဂိမ်းအသစ် ဖန်တီးမဲ့ တာဝန်ကို ယူနိုင်မှာမဟုတ်ဘူး။ သူ့ကို အလုပ်ခန့်အပ်ဖို့ မသင့်တော်ဘူး"
ဟွမ်းစစ်ပေါ်၏ လျှောက်လွှာတွင်တော့ ဒီလို ရေးသားခဲ့သည်။ "ဆန်းသစ်တဲ့တွေးခေါ်ပုံနဲ့ လူသစ်တစ်ယောက်ဖြစ်တယ်။ ဂိမ်းအတွက် စိတ်အားထက်သန်မှုရှိပြီး အလုပ်ကြိုးစားတယ်။ သူ့ရဲ့ နေထိုင်စရိတ်တွေကို ကာမိဖို့အတွက် လစာကို ယွမ် ၄,၀၀၀ နဲ့ ခန့်အပ်လိုက်ပါတယ်"
သူ့ဝေဖန်ချက်များကို ရေးသားပြီးနောက် ဖေးချမ့်တစ်ယောက် အလွန်အမင်း ကျေနပ်သွားခဲ့သည်။
ကြည့်ရတာ စနစ်ကလည်း ဘာမှ မပြောသည့်ပုံပင်။
အခုလို ပုံစံမျိုးနဲ့သာဆို အောင်မြင်မှုက လက်တစ်ကမ်းအလိုတွင် ရောက်နေပြီဖြစ်သည်။
...
အချိန် ၁ ပတ်မှာ တစ်ခဏတာအတောအတွင်း ကုန်ဆုံးသွားခဲ့သည်။
သိပ်မကြာလိုက်ဘဲ သောကြာနေ့သို့ ရောက်လာခဲ့ပြန်သည်။
ဖေးချမ့်က နားနေခန်း၏ ဆိုဖာကြီးပေါ်တွင် လှဲလျောင်းလိုက်သည်။ လက်ဖက်ရည် အများကြီး သောက်မိသဖြင့် အနည်းငယ် ဗိုက်တင်းနေသည်။ သို့သော်လည်း လက်ဖက်ခြောက်များ၏ မျက်စိကျယ်စေသော အာနိသင်က ကောင်းကောင်း အလုပ်ဖြစ်နေပုံရပြီး သူ နေ့လယ်ခင်း တစ်ရေးတစ်မော အနားယူလို့ပင် မရပါ။
အဲကွန်းကို သက်သောင့်သက်သာရှိသော အပူချိန်သို့ ချိန်ညှိကာ တန်ဖိုးအားဖြင့် ဂဏန်းငါးလုံးရှိသော ဝတ်စုံကြီးကို ဝတ်ရင်း ဟိုလှိမ့်ဒီလှိမ့် လုပ်နေသည်။
ဖေးချမ့်တစ်ယောက် အဆိုပါဝတ်စုံကို စဝတ်ဆင်တုန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ယွမ်ပေါင်းများစွာကို ဝတ်ဆင်ထားသည်ဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးနေမိသည်။
သို့သော်လည်း အခုတော့ သာမန်ဝတ်စုံ တစ်စုံကလွဲပြီး ဘာမှမမြင်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူက ထိုဝတ်စုံများကို အချိန်တစ်ခုအထိ ဝတ်ဆင်ပြီးသောအခါ ရှင်းဟိုက်လူက သူ့တိုက်ခန်းဆီလာပြီး သူ ဝတ်ပြီးသား ဝတ်စုံများကို သန့်ရှင်းဖို့အတွက် ထုတ်ပိုးသွားသည်။ သူ ဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ သန့်ရှင်းရေး လုပ်ပြီးသောအခါ အကုန်လုံး အတူတူပဲဖြစ်သည်။
ဒီလိုသာဆို သူစိတ်တိုင်းကျ စိတ်ရှိတိုင်း ဝတ်ဆင်နိုင်သည်။
စုတ်ပြဲသွားရင် အသစ်ပြန်ဝယ်လိုက်မည်။
ဖေးချမ့်တစ်ယောက် သူက တကယ်ပဲ အသုံးအဖြုန်းကြီးနေသည်ဟု ခံစားမိသည်။
ထိုအချိန်တောအတွင်း အဆောင်သို့ မပြန်ဘဲ တိုက်ခန်းနဲ့ နေရတာ အသားကျသွားခဲ့ပါပြီ။ ထို လူ ၆ ယောက် စုပေါင်းနေထိုင်ရသည့် လှောင်အိမ်ခန်းကြီးလို အဆောင်ကို ပြန်ဖို့ကိုပင် မစဥ်းစားရဲတော့ပေ။
သူ့၏ တခြားအတန်းဖော်တွေကလည်း သူကိုယ်ပိုင်လုပ်ငန်း ကြိုးစားပမ်းစား လုပ်ကိုင်နေသည်ဟု မသဲမကွဲ သိထားသော်လည်း သိပ်ပြီး စိတ်မဝင်စားကြပေ။
သူတို့က ပထမနှစ် ကျောင်းသားများဖြစ်သဖြင့် ကျောင်းအလုပ်များဖြင့် အလုပ်များနေကြသောကြောင့်လည်း ဖြစ်ပေသည်။ ကျောင်းသားဘဝအတွက် မျှော်လင့်ချက်များ ပြည့်ဝနေကြပြီး လျှောက်သွားနေကြသည့် ကျောင်းသူလှလှလေးများအုပ်စုကိုလည်း ငမ်းရပါသေးသည်။ ထို့ကြောင့် ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး သူတို့ အလွန်အမင်း စိတ်ဝင်စားမှု မရှိကြသေးပါ။
တစ်ဖက်တွင်လည်း ဖေးချမ့်က သူတို့ကို ကြွားလုံးမထုတ်ခဲ့သဖြင့် သူတို့ကလည်း ဖေးချမ့်ကို ဒီလိုအောင်မြင်မှုနှင့် လူမျိုးဖြစ်သည်ဟု မထင်ကြချေ။
ဘာပဲဖြစ်ဖြစ် နှစ်တိုင်းတွင် ရုတ်တရက် ကျောင်းထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြိုးစားကြသည့် ကျောင်းသားတချို့ရှိသည်။ သို့သော်လည်း အဆုံးသတ်တွင်တော့ ကျောင်းသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရောက်လာကြသည်။
စီးပွားရေးလုပ်ငန်း တစ်ခု စတင်ခြင်းက စွန့်စားမှုများသလို အမြတ်လည်းများနိုင်သည်။ သို့သော်လည်း လူအများစုက စွန့်စားခြင်းကို ကြုံတွေ့ရပြီး အဆုံးသတ်သွားကြတာ များသည်။
နှစ်ပေါင်းများစွာ ကြိုးစားပြီး လုပ်ငန်းတွင် အဆက်အသွယ်ရှိသူများတောင် စီးပွားရေး လုပ်ငန်းတစ်ခုကို အောက်ခြေက စတင်ရာတွင် ကျရှုံးနိုင်ခြေရှိသည်။ ဘာအရင်းအနှီးမှ မရှိသည့် ဆင်းရဲသည့် ကျောင်းသားများဆို ပိုဝေးသည်။
ထို့ကြောင့် ဖေးချမ့်က သူ့အတန်းဖော်များကို သူ တော်ကြောင်း တတ်ကြောင်း ထုတ်မပြခဲ့ပေ။
သူက ဘဝကို ပျော်ပျော်နေဆဲကာလမှာပဲ ရှိပါသေးသည်။
(ဟုတ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့ လူအများစုက ကျရှုံးကြတယ်။ ဒါပေမဲ့ အစကတည်းက ငါက ကျရှုံးဖို့ ရည်ရွယ်ထားတာ ဆိုရင်ကော)
(ငါစီးပွားရေးလုပ်ငန်းတစ်ခု စတင်ရတဲ့ အကြောင်းအရင်းက ကျရှုံးဖို့အတွက်ဆိုရင်ကော)
(အဲဒါက ဖြစ်မြောက်ဖို့ ပိုမလွယ်ကူနိုင်ဘူးလား)
(တွေ့လား။ တွေးခေါ်ပုံကို ပြောင်းလိုက်တာနဲ့ ရက်စက်တဲ့ လက်တွေ့ဘဝကို ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်သွားစေတယ်)
...
ထိုအပတ်ထဲ ပြိုင်ဘက်ကင်းသည့် ဝန်ထမ်း တချို့ကို ဆက်တိုက် ထပ်မံခန့်အပ်ခဲ့ပါသေးသည်။
သူတို့ကြားထဲတွင် အထင်ပေါ်ဆုံးက ပေါင်ရှုနှင့် ဟွမ်းစစ်ပေါ်တို့ဖြစ်ကြသည်။
အကြမ်းဖျင်းတွက်ချက်ကြည့်သောအခါ ဝန်ထမ်း နေရာ ၃၀ က ဖေးချမ့် ထင်ထားတာထက် အပြည့်မြန်နေခဲ့သည်။
အစကတော့ တစ်လခန့် အချိန်ယူပြီး ဝန်ထမ်းနေရာ ၃၀ ကို ဖြည်းဖြည်းချင်း ခန့်အပ်ဖို့ စီစဥ်ထားသော်လည်း အစီအစဥ်က အလွန်အမင်း ချောမွေ့ခဲ့သည့်ပုံပင်။
အကြောင်းအရင်းကတော့ ကျင်းကျိုးလို နေရာမျိုးမှာ ဂိမ်းကုမ္ပဏီများက အလွန် ကပ်စေးနှဲလွန်း၍ ဖြစ်နိုင်သည်။
သို့သော်သည်း သာမန်သာဖြစ်သည်။ ဂိမ်ကုမ္ပဏီကို တည်ထောင်ထားသည့် နေရာက ပိုသေးလေလေ ပိုပြီး တွန့်တိုကြလေလေ ဖြစ်သည်။
ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့လို နေရာများတွင် ဂိမ်းကုမ္ပဏီများက ပေါများလွန်းသည်။ ဝန်ထမ်းတွေက အလုပ်ကို မကျေနပ်ပါက အလုပ်ထွက်လိုက်ပြီး တခြားနေရာတွင် လုပ်နိုင်သည်။
ထို့အချက်ကြောင့် ဘော့စ်များကလည်း ဝန်ထမ်းများကို အလွန်အမင်း ခေါင်းပုံမဖြတ်ရဲကြပေ။
သို့သော် ကျင်းကျိုးလို နေရာငယ်မျိုးမှာတော့ ခြားနားသည်။
ဂိမ်းကုမ္ပဏီများ နည်းပါးလွန်းပြီး ဘော့စ်များက တစ်ယောက်နှင့်တစ်ယောက် သိကြကာ မကြာခဏ တွေ့ဆုံစုစည်းကြပြီး သောက်ကြစားကြသည်။
ဝန်ထမ်းတစ်ယောက်က လက်ရှိအလုပ်ကို သဘောမကျဘဲ ထွက်ချင်ရင်တောင် နောက်အလုပ်တစ်ခုအတွက် စဥ်းစားကြရပါမည်။
ပေကျင်းနှင့် ရှန်ဟိုင်းမြို့တွေမှာဆို သူတို့ သေချာပေါက် တစ်နေရာရာမှာတော့ အလုပ်ရနိုင်သည်။ အချိန်တစ်ခုသာ လိုအပ်သည်။
သူတို့ မရခဲ့လျှင်တောင် သူတို့၏ စံနှုန်းများကို လျှော့ချပြီး လစာကို နှိမ့်တောင်းလျှင် သေချာပေါက် အလုပ်ကောင်းကောင်းတစ်ခုရပြီး ခဏလောက်တော့ လုပ်နိုင်သည်။
သို့သော်လည်း ကျင်းကျိုးမှာတော့ သည်လိုလုပ်၍ မရပေ။
ကုမ္ပဏီ နည်းနည်းလေးတွေကြားထဲ ဘယ်နှခါလောက် ခုန်ကူးနိုင်မှာလဲ။
ထို့အပြင် ဘော့စ်များက တစ်ယောက်နှင့် တစ်ယောက် သိကြသည်။ သူတို့ထဲက တစ်ယောက်ကိုသာ မကျေနပ်အောင် လုပ်လိုက်မိပါက တခြားကုမ္ပဏီများကလည်း ထိုဝန်ထမ်းကို မခန့်အပ်ချင်လောက်ပေ။
ထိုကဲသို့ အခြေအနေမျိုးအောက်တွင် ဘော့စ်အများစုက ဝန်ထမ်းများကို ခေါင်းပုံဖြတ်လို့ ကောင်းကြသည်။ ဟွမ်းစစ်ပေါ်လို လူမျိုးက ဥပမာကောင်းဖြစ်သည်။
ထို့ကြောင့် လူအများစုက ဒေါသများကို ချုပ်တည်းထားခဲ့ကြရခြင်းဖြစ်သည်။
ဝန်ထမ်းခေါ်ယူနေသည့် ကုမ္ပဏီသစ်တစ်ခုကို တွေ့လိုက်ရချိန်တွင် ထိုကုမ္ပဏီက စိတ်ချရသည်ဖြစ်စေ စိတ်မချရသည်ဖြစ်စေ သူတို့ ကြိုးစားကြည့်ချင်သွားကြသည်။
သို့သော်လည်း နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဖေးချမ့်၏ အလုပ်ခေါ်စာတွင် လိုအပ်ချက်များက နိမ့်လွန်းနေသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင်တော့ တစ်ပတ်အတွင်း ဝန်ထမ်းနေရာ ၃၀ တွင် ၆ နေရာသာ ကျန်ပါတော့သည်။
ဒါတင်မကသေးဘဲ လက်ရှိ ဝန်ထမ်း တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် သူ အခုချက်ချင်းတောင် အလုပ်စနိုင်ပြီဖြစ်သည်။
သူတို့ အလုပ်ဘယ်တော့ စလုပ်ရမလဲဆိုတာကိုတော့ ဖေးချမ့် အေးအေးဆေးဆေး အချိန်ယူနေသည်။
ဝန်ထမ်း လုံလုံလောက်လောက် မခန့်အပ်ရသေးသဖြင့် အလုပ်စလို့ မရခြင်းကို စနစ်က ဘာမှ သတိပေးမည်မဟုတ်ပေ။
သို့သော် ဝန်ထမ်းခေါ်ယူမှု ပြီးစီးလုနီးပါးဖြစ်နေသော်လည်း အလုပ်စမလုပ်ရသေးပါက စည်းကမ်းဖောက်သလို ဖြစ်သွားပါလိမ့်မည်။
အလုပ်ဘယ်တော့ စရမလဲ စဥ်းစားနေစဥ် သူရှိနေသည့် နားနေခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။
"ဝင်ခဲ့ပါ"
လောလောဆယ် မဝင်ခင် တံခါးခေါက်တတ်သူက သေချာပေါက် လက်ထောက် ရှင်း သို့မဟုတ် မာယန်သာ ဖြစ်နိုင်သည်။
သေချာသည်။ မာယန်က တံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်လာသည်။
"လာလာ လက်ဖက်ရည်လာသောက်ပါဦး" ဖေးချမ့်က ဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း မာယန်ကို လက်ဖက်ရည်သောက်ဖို့ လက်ဟန်ပြကာ ခေါ်လိုက်သည်။
ငွေလက်ဖက်ရည်ပန်းကန်ကို ကိုင်ရင်း မာယန် ဂရုတစိုက်သောက်လိုက်သည်။ လက်ဖက်ရည်၏ လတ်ဆတ်သော မွှေးရနံ့နှင့် ပါးစပ်ထဲတွင် စွဲတွင်ကျန်ခဲ့သည့် အချိုအရသာလေးကို သူခံစားမိသည်။ သူက လက်ဖက်ရည်အကြောင်း သိပ်မသိသော်လည်း တစ်ငုံလောက် သောက်လိုက်ရုံနဲ့ စျေးကြီးမှန်း ပြောနိုင်သည်။
ပိုက်ဆံရဲ့ အရသာပဲ။
"ယောက်ဖချမ့် မင်းက တော်တော့်ကို တော်တာပဲကွာ။ ရက်ပိုင်းလောက်နဲ့ အကုန်လုံးကို အပြတ်ရှင်းနိုင်ခဲ့တာပဲ"
"ဒီတော့ ဝန်ထမ်းခေါ်တဲ့ကိစ္စ အဆင်ပြေလား" မာယန်က စိတ်ပူစွာ မေးလိုက်သည်။
အခန်း(၃၈) ပါရမီရှင်တွေ တကယ်စုနေတာပဲ
"သိပ်မဆိုးပါဘူး။ သူတို့ လျှောက်လွှာတွေကို ကြည့်မလား" ကော်ဖီစားပွဲပေါ်ကာ လျှောက်လွှာစာရွက်ပုံကို မာယန်ထံသို့ တွန်းပေးလိုက်သည်။
"ငါလား...။ ငါကြည့်လို့ရတယ်လား" မာယန် ပျော်ရွှင်သွားသည်။
"ဒါပေါ့၊ လွတ်လွတ်လပ်လပ် ကြည့်စမ်းပါကွာ" ဖေးချန်် ပြန်ပြောလိုက်သည်။
ဖေးချမ့် မာယန်ကို လျှောက်လွှာများ ကြည့်ခွင့်ပေးလိုက်ရသည့် အကြောင်းအရင်းက နောက်ကို သူ့အလုပ်တစ်စိတ်တစ်ပိုင်းကို ပုံအပ်ပေးဖို့ ပျိုးထောင်ထားရန်ဖြစ်သည်။
တစ်ဖက်တွင် မာယန်က ဖေးချမ့်၏ အယုံကြည်ရဆုံး လူယုံတော် ဖြစ်သည်။
နောက်တစ်ဖက်တွင်လည်း မာယန်သာ ဖေးချမ့်၏ အလုပ်တချို့ကို လွှဲယူလိုက်ပါက ကုမ္ပဏီက သေချာပေါက် ပိုပြီး မြန်မြန် အရှုံးပေါ်နိုင်ပါလိမ့်မည်။
မာယန်က ထူးဆန်းသည့် လျှောက်လွှာ အခု ၂၀ စလုံးကို ဖတ်ကြည့်လိုက်သည်။
မာယန်က ဇဝေဇဝါဖြစ်နေသည့် မျက်နှာဖြင့် နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။
သူ ဇဝေဇဝါဖြစ်လည်း ဖြစ်ချင်စရာပင်။
တကယ်တော့ ဇဝေဇဝါ မဖြစ်ရင်မှ ထူးဆန်းနေပါလိမ့်မည်။
ဖေးချမ့် ခန့်အပ်ထားသည့် လူတိုင်းက ဉာဏ်ထိုင်းသောသူများ ဖြစ်ကြသည်။ သူတို့ လျှောက်လွှာများကိုပင် ကောင်းကောင်း အလှမဆင်နိုင်ကြပါ။
ဟွမ်းစစ်ပေါ်ကိုပဲ ဥပမာ ယူကြည့်လိုက်ပါ။
သူက ဒီလုပ်ငန်းထဲ ဝင်ရောက်လာတာ ၆ လရှိပြီဖြစ်ပြီး အရင်ကုမ္ပဏီမှာတန်းက စီမံခန့်ခွဲရေးအပိုင်းတွင် လုပ်ကိုင်သည်။ ရှင်းရှင်းပြောရလျှင် လုပ်ငန်းစဥ်တစ်ခုလုံးကို စောင့်ကြည့်ပြီး ဒေတာများ စီရီခြင်း သို့မဟုတ် စာရွက်စာတမ်းများ မေးလ်ပို့ခြင်း စသည်တို့ကိုသာ ဆောင်ရွက်ရသည့် လူမျိုးဖြစ်သည်။ တကယ်တော့ သူ့ကိုယ်ပိုင် အစီအစဥ်မူကြမ်းတစ်ခုတောင် ရေးဆွဲခွင့်မရခဲ့ပါ။
ထို့အစား အတွေ့အကြုံရှိသည့် ဒီဇိုင်နာက အယ်ဒီတာတွင် ရေးဆွဲပြီးကာမှ အစီအစဥ် မူကြမ်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။ ပြဿနာ တစ်ခုခု တွေ့ရပါက သူ့ဖာသာသူ မပြင်နိုင်ဘဲ မူကြမ်းကို ဖန်တီးခဲ့သည့် မူရင်းဒီဇိုင်နာကို ပြန်တင်ပြရသည်။
မာယန်က အချက်အလက်များအားလုံးကို လှန်ကြည့်လိုက်ပြီး ဘယ်ဝန်ထမ်းတစ်ယောက်တစ်လေမှ အရင်တုန်းက ဒီဇိုင်နာချုပ်ရာထူး မထမ်းဆောင်ခဲ့ဖူးကြောင်း မြင်လိုက်ရသည်။ အားလုံးက အသေးအဖွဲတာဝန်များကိုသာ ဆောင်ရွက်ခဲ့ကြရသူများဖြစ်သည်။
အဲဒါကြောင့် ဘယ်လိုလုပ် ဇဝေဇဝါ မဖြစ်ဘဲနေမည်နည်း။
"ယောက်ဖချမ့် ဒီဇိုင်နာချုပ်တစ်ယောက်ကို ငှားဖို့ ခက်ခဲလို့လား။ ဒါမှမဟုတ် ငါတို့လစာကို မြှင့်ပေးလိုက်ရမလား။ ဝန်ထမ်းရှာဖွေရေး အဖွဲ့အစည်းတစ်ခုကနေ တစ်ယောက်ယောက်ကို ရှာလိုက်ရမလား" မာယန်တစ်ယောက် လမ်းပျောက်နေပါပြီ။
အခု ခန့်အပ်ထားသည့် ဝန်ထမ်းအားလုံးမှာ အများဆုံး လက်ထောက်အဖြစ်သာ ဆောင်ရွက်နိုင်ကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့ထဲက ဘယ်သူမှ ဂိမ်းဒီဇိုင်းပိုင်းတွင် ဦးဆောင်နိုင်ဖို့ လမ်းမမြင်ပေ။
ထို့ကြောင့် ဒီဇိုင်နာချုပ်တစ်ယောက် ခန့်အပ်ဖို့ ပြဿနာရှိသည်ဟု ယူဆကာ သူတို့ကမ်းလှမ်းသည့် လစာက နည်းပါးလွန်းနေသလားဟု မေးခွန်ထုတ်လိုက်ခြင်းဖြစ်သည်။
ဖေးချမ့်က ခေါင်းကို အပြင်းအထန် ခါလိုက်သည်။
"မလုပ်နဲ့။ ငါတို့ဆီ လာလျှောက်တဲ့ ဒီဇိုင်နာချုပ်တွေရှိတယ်။ ဒါပေမဲ့ ငါပယ်ချလိုက်တာ"
မာယန်ကြောင်သွား၏။ "ဘာလို့လဲ"
"သူတို့က ငါတို့ရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီလို့ပေါ့ကွ"
ခပ်မိုက်မိုက် ပုံစံပေါက်အောင် ဖေးချမ့် မတ်တတ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။
"ပထမဆုံး အဲ့ဒီ ဒီဇိုင်နာချုပ်တွေအားလုံးမှာ ကြီးကြီးမားမား ပြဿနာတစ်ခုရှိတယ်။ အဲဒါက... ဒိတ်အောက်နေတဲ့ အတွေးအခေါ်တွေပဲ"
"သူတို့ဦးနှောက်တွေကို ရှေးရိုးစွဲနည်းလမ်းတွေက ချုပ်နှောင်ထားတယ်။ ပြီးတော့ အသစ်အဆန်း ဘာမှ မစဥ်းစားနိုင်ကြဘူး"
"ဂိမ်းလောကဆိုတာ စိတ်အားထက်သန်မှုရှိတဲ့ လူတွေရှိမှ တိုးတက်နိုင်တဲ့ လောကပဲ။ ဒီဇိုင်နာချုပ်က ဖန်တီးနိုင်စွမ်းမရှိတဲ့ကောင်ဆိုရင် ငါတို့ဂိမ်းက ကောင်းပါဦးမလား"
"ပြီးတော့လည်း အဲ့ဒီ ဒီဇိုင်နာချုပ်တွေ အကုန်လုံးက လစာမြင့်မြင့် လာတောင်းနေကြတယ်။ သူတို့ ပေးနိုင်တာနဲ့ ယှဥ်လိုက်ရင် လုံးဝ မတန်ဘူး"
"လောလောဆယ် ဒီဇိုင်နာချုပ်တစ်ယောက်ရဲ့ လစာက ယွမ် ၈,၀၀၀ ဝန်းကျင် ရှိတယ်။ အဲဒါက သာမန် ဝန်ထမ်းတစ်ယောက်လစာရဲ့ ၃ ဆနီးပါးလောက် ရှိတယ်ကွ။ ပြီးတော့ ငါတို့ရဲ့ ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်"
"ဟုတ်တာပေါ့။ အဓိကကတော့ သူတို့ပေးနိုင်တာက အရမ်းနည်းလွန်းလို့ပဲ"
"နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်က... ဂိမ်းတွေအပေါ် သူတို့ရဲ့ စိတ်အားထက်သန်မှုက လုံးဝ ဖုန်တက်နေပြီ"
"လူငယ်တွေက စိတ်အားထက်သန်မှု အထွတ်အထိပ်မှာရှိနေနပြီး သူတို့အိပ်မက်အတွက် တိုက်ခိုက်နေကြရမှာ။ ဒါပေမဲ့ အဲ့ဒီ ဒီဇိုင်နာချုပ်တွေအကုန်လုံးက အသက် ၃၀ ဝန်းကျင်ရှိပြီး သူတို့ စိတ်ဝင်စားကြတာဆိုလို့ တည်မြဲမဲ့ အလုပ်တစ်ခုပဲ ရှိတော့တယ်။ သူတို့ထဲက အများစုက Fantasy World ထဲမှာ Max Level အကောင့်တစ်ကောင့်ရအောင်တောင် မကစားနိုင်ကြဘူး။"
"ငါ့ကိုပြောစမ်းပါ။ အဲဒါက ဂိမ်းအတွက် စိတ်အားထက်သန်မှုမရှိတာ မဟုတ်ရင် ဘာလဲ"
မာယန်က မှင်တက်နေသည်။
"ဟုတ်တာပေါ့။ အဲဒီလူတွေ တစ်ခုခု ကြီးကြီးမားမား မှားယွင်းနေတဲ့ပုံပါပဲ"
"ဒါပေမဲ့... သူတို့မရှိရင် ငါတို့ရဲ့ ဂိမ်းဒီဇိုင်းကို ဘယ်သူက ဦးဆောင်မှာလဲ..."
မာယန်တစ်ယောက်က တစ်ခုခုတော့ မမှန်ကန်သေးသလို ခံစားနေရဆဲဖြစ်သည်။
ဖေးချမ့်က သူ့ရင်ဘတ်ကိုသူ ပုတ်လိုက်သည်။
"ငါပေါ့ကွ"
"အမ်..." မာယန်တွန့်ဆုတ်သွားသည်။
"ယောက်ဖချမ့် မင်းရဲ့အစွမ်းအစကို ငါယုံတော့ ယုံပါတယ်။ ဒါပေမဲ့ မင်းက ဘော့စ်တစ်ယောက်လေ။ မင်းကို ကူညီပေးမဲ့ ကျွမ်းကျင် ဒီဇိုင်နာချုပ်တစ်ယောက်လိုတယ်လို့ ငါတော့ထင်တယ်။ မဟုတ်ရင် ဂိမ်းကို ထုတ်လုပ်တဲ့အခါကျ ပြဿနာနဲ့ ရင်မဆိုင်ရနိုင်ဘူးလား..."
ဖေးချမ့်က ခေါင်းခါလိုက်သည်။
'ငါ့ကို ကူညီပေးဖို့ ဒီဇိုင်နာချုပ်တစ်ယောက် ခန့်ရမယ်ဟုတ်လား'
'အဲဒါဆို ငါဂိမ်းဒီဇိုင်းထဲက အမှားအယွင်းတွေကို သူက ချက်ချင်း သိမသွားနိုင်ဘူးလား'
'အဲ့လို မဖြစ်ရဘူး'
ဖေးချမ့်က မျက်နှာက တည်တံ့နေသည်။ "ငါ့ကို ကူညီပေးမဲ့ လူတစ်ယောက်ရထားပြီးသားပါ။ အဲ့ဒီ ဟွမ်းစစ်ပေါ်က သိပ်မဆိုးဘူး"
"ဟွမ်းစစ်ပေါ် ဟုတ်လား"
ထိုနာမည်ကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု မာယန် မသဲမကွဲ မှတ်မိနေသည်။
သို့သော်လည်း ဘယ်နေရာမှာလဲ မသိပါ။
ဘာပဲဖြစ်ဖြစ် ငတုံး အယောက် ၂၀ လောက် ကို ဖတ်ခဲ့ရသဖြင့် ထိုတစ်ယောက်ကို မှတ်မိဖို့က မလွယ်ကူပေ။
လျှောက်လွှာများကို ပြန်လှန်ကြည့်လိုက်သောအခါ သိပ်မကြာခင် ဟွမ်းစစ်ပေါ်၏ အချက်အလက်ကို တွေ့သွားလေသည်။
"သူက လုပ်ငန်းထဲ လွန်ခဲ့တဲ့ လဝက်လောက်ကမှ ဝင်လာပြီး အစီအစဥ်မူကြမ်းတွေကို အကောင်အထည်ဖော်ဖို့လောက်ပဲ လုပ်ခဲ့ဖူးတာ... အဆင်ပြေပါ့မလား"
ဖေးချမ့်၏ မျက်နှာက မပြောင်းလဲပါ။ "သူက တကယ်ပဲ တိမ်ကော ပျောက်ကွယ်နေရတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ သူ့ရာထူးကို မကြည့်နဲ့၊ သူဘာလုပ်ခဲ့လဲဆိုတာကိုပဲကြည့်ကွ"
"သူ့အရင်ဒီဇိုင်နာချုပ်က သူ့ကို လုံးဝ ခေါင်းပုံဖြတ်ခဲ့တာ။ ဂိမ်းရဲ့ ဒေတာအများစုကို သူ့လက်ထဲကနေတဆင့် Cloud အယ်ဒီတာထဲထည့်ရတာ"
"ဂိမ်းထဲက ဒေတာဆက်တင် ၈၀ ရာခိုင်နှုန်းကိုလည်း သူပဲ လုပ်ရတာလေ"
"အဲဒါက ဘယ်လိုလုပ်ပြီး သာမန် အစီအစဥ် အကောင်အထည်ဖော်သူ ဖြစ်နိုင်မှာလဲ။ ဒီဇိုင်နာချုပ်ရဲ့ လက်ထောက်ဖြစ်နေတာ အသိသာကြီးပဲလေ"
"သူက ဒီဇိုင်နာချုပ်ရဲ့ မူကြမ်းကို Cloud အယ်ဒီတာထဲမှာ အလုပ်လုပ်ရပြီး မကြာခဏလည်း အချိန်ပိုလုပ်ရတယ်။ နေ့တိုင်း ၁၀ နာရီကျော်အောင် သူအလုပ်လုပ်ရတယ်"
"စဥ်းစားကြည့်လိုက်စမ်းပါ။ လူအများစုက ၈ နာရီပဲ အလုပ်လုပ်နိုင်ပေမဲ့ သူက ၁၆ နာရီလောက်အထိ အချိန်ပို လုပ်နိုင်တယ်"
"သူ့အလုပ်အတွေ့အကြုံ နှစ်ဝက်ဆိုတာ တခြားသာမန်လူရဲ့ တစ်နှစ်နဲ့ညီမျှတယ်ကွ"
"ဒါပေမဲ့ တန်ဖိုးအကြီးဆုံးအရာကတော့ ဂိမ်းတွေအတွက် သူ့ရဲ့စိတ်အားထက်သန်မှုပဲ"
"အဲ့ဒီစိတ်အားထက်သန်မှုက သူ့ကို တွန်းအားပေးမှာ သူ့ကို တိုးတက်စေပြီး ဖန်တီးနိုင်စွမ်းတွေကို တိုးမြှင့်ပေးမဲ့ လောင်စာတစ်ခုလိုပဲလေ"
"ငါ့အကြံတွေကို ယုံလိုက်စမ်းပါကွာ။ ငါ့အကြံတွေကို လက်တွေ့အဖြစ် ပြန်အကောင်အထည်ဖော်ဖို့ သေချာပေါက် သူက အဆင်ပြေမှာပါ"
မာယန် သဘောပေါက်သွားသည်။ "သြော်... သူက တကယ့်ပါရမီရှင်ပါပဲလား ဒါဆို သူ့ကို ဒီဇိုင်နာချုပ်တစ်ယောက်ရဲ့ လစာစံနှုန်းအတိုင်း ပေးသင့်လား။ အဲ့လိုဆို သူ့ကို လစာ ယွမ် ၄,၀၀၀ ပေးတာက မနည်းလွန်းဘူးလား"
ဖေးချမ့်က သည်းခံနိုင်သည် ဆိုရုံလောက်သာ ရှိတော့သည်။
"အေး ငါလည်း အဲ့လိုထင်တာပဲ။ ဒါပေမဲ့ ဒါက လောစရာ မလိုပါဘူး။ သူ့လုပ်ပုံကိုင်ပုံနဲ့ ငါတို့ကိုသက်သေပြရင် ငါတို့သူ့လစာကို ပြောင်းပေးလို့ရတာပဲ"
သူက လစာမြင့်မြင့် မပေးချင်တာ မဟုတ်ပါဘူး။ စနစ်က ခွင့်ပြုမှာ မဟုတ်သောကြောင့်သာဖြစ်သည်။
မာယန် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ မှန်ပါတယ်။ မင်းကဘော့စ်ဆိုတော့ ငါတို့ရဲ့ စရိတ်တွေကို စောင့်ကြည့်ပြီး ကုမ္ပဏီအတွက်လည်း ငွေစုရဦးမှာပေါ့"
ထရယ်လုနီးပါးဖြစ်သွားပြီးနောက် ဖေးချမ့်က အမြန်ဆက်ပြောလိုက်သည်။
"ပြီးတော့ ဒီလူတွေ အကုန်လုံးမှာ ထူးခြားတဲ့ စကေးတွေ ရှိကြတယ်။ သူတို့အကုန်လုံးက သူတို့ရဲ့ သက်ဆိုင်ရာကုမ္ပဏီတွေ မမြင်နိုင်ကြတဲ့ ပါရမီရှင်တွေချည်းပဲ။"
"တကယ်တော့ ဂိမ်းလောကထဲ မဝင်ရသေးတဲ့ ပါရမီရှင်တွေလည်း အများကြီးရှိသေးတယ်။ ဥပမာ ပေါင်ရှုကိုပဲကြည့်လိုက်လေ"
"သူက တကယ့် အပြာရောင် ဂိမ်းနတ်ဘုရားကြီးပဲ"
"Fantasy World ကိုပဲကြည့်။ အားလုံးက Class အကုန်လုံးရဲ့ ဆရာကြီးတွေဖြစ်နေပြီဆိုပေမဲ့ သူကတော့ မျိုးနွယ်အာလုံးရဲ့ Class အားလုံးရဲ့ ဆရာ့ဆရာကြီးပဲ။ သူ့မှာ Level Max အကောင့် ၆ ကောင့်တောင် ရှိတယ်"
"ဂိမ်းထဲမှာ ဂိမ်းကစားပုံ စနစ်ပါတာနဲ့ သူကျွမ်းကျင်ပြီးသားပဲ။ အဖွဲ့တွေကိုခေါ်ပြီး First Kill ယူတာကလည်း သူ့အတွက် ကလေးကစားစရာလိုပဲလေကွာ"
"အဲဒါတင် မကသေးဘူး။ သူက ဘက်စုံတော်တာနော်။ Krazy Kart Racing လို ဂိမ်းမျိုးမှာတောင် ပညာရှင်ပဲ"
"အဲဒါကြောင့် ပေါင်ရှုကို ငါတို့ဂိမ်းကော တခြားဂိမ်းတွေကိုကော စမ်းသပ်လို့ရအောင် ဂိမ်းစမ်းသပ်သူ ရာထူးခန့်အပ်ဖို့ စီစဥ်နေတာ"
"အဲ့ကျရင် ငါတို့ဘယ်လိုဂိမ်းမျိုးပဲ ဖန်တီးချင်ပါစေ သူသေချာပေါက် ငါတို့ကိုအကြံပေးပြီး ငါတို့ကို ဦးတည်ချက်မှန်အောင် လမ်းပြပေးနိုင်မှာ။ပြီးတော့ ငါတို့ပြိုင်ဘက်တွေအပေါ် လေ့လာဆန်းစစ်နိုင်စွမ်းကလည်း အရမ်းကောင်းလိမ့်မယ်"
"အရေးအကြီးဆုံးက သူ့ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေကိုလည်း ငါတို့ မြေတောင်မြှောက်ပေးလို့ ရမယ်ထင်တယ်။ စဥ်းစားကြည့်လိုက်စမ်းပါ။ First Kill ရဖို့ လူ ၄၀ လောက်ကို ဦးဆောင်ရတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး"
"အယောက် ၄၀ ကိုတောင် စီမံနိုင်ရင် သေချာပေါက် ငါတို့ ဝန်ထမ်း ၃၀ ကိုလည်း ကိုင်တွယ်နိုင်မှာပဲ"
"သူ့ကို ငါတို့ပရောဂျက်ရဲ့ လုပ်ငန်းစဥ်ကို ဦးဆောင်ခိုင်းလိုက်တာက သေချာပေါက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ"