သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)
အခန်း(၂၈) ဝန်ထမ်းငှားတာ အစီအစဥ်ကောင်းပဲ
"အသုံးမဝင်တဲ့ ကိစ္စတွေကို စဥ်းစားပြီး အချိန်ဖြုန်းမယ့်အစား အရေးကြီးတဲ့ကိစ္စက ဒီပိုက်ဆံကို ငါဘယ်လိုဖြန်းရမလဲဆိုတာပဲ..."
အဆောင်၏ ခေါင်မိုးထပ်တွင် မတ်တပ်ရပ်နေရင်း ဖေးချမ့်က ဆောင်းလေပြည်၏ တိုက်ခတ်မှုကို အပြည့်အဝ ခံစားရင်း သူ့ဗျူဟာကို စတင် စဥ်းစားလေသည်။
"ဂိမ်းတစ်ဂိမ်းအတွက် လိုအပ်တဲ့ ရင်းမြစ်တွေ အကုန်လုံးကို ဝယ်ရုံပဲဆိုရင် နှေးလွန်းတယ်။”
"ကုမ္ပဏီတစ်ခုရဲ့ အဓိက ကုန်ကျစရိတ်က ဘာတွေလဲ။ အဆောက်အဦးငှားခတွေ၊ မီတာခတွေ၊ ရုံးကိရိယာပစ္စည်းတွေနဲ့ ဝန်ထမ်း လစာ အဲ့တာတွေလည်း လိုအပ်တာပဲ။”
"အဲ့တာတွေ အကုန်လုံးကိုသာ ပေါင်းလိုက်ရင် ငါ့လစဥ် ကုန်ကျစရိတ်က မိုးထိုးမသွားနိုင်ဘူးလား။”
"ဟုတ်တယ်... ဒါနည်းလမ်းမှန်ပဲ။ ကြည့်လိုက်ရအောင်။"
ဖေးချမ့်က သူ့ဖုန်းထဲက ဂဏန်းပေါင်းစက်ကို ထုတ်ရင်း ခပ်မြန်မြန် တွက်ချက်လိုက်ပါသည်။
"ပထမ အပတ်ထဲမှာ ၅၀၀,၀၀၀ ရတယ်... အဲ့ဒီ ပမာဏက နောက်လကျရင် တိုးသွားဦးမှာပဲ။ ခန့်မှန်းခြေ ဝင်ငွေ ၅,၀၀၀,၀၀၀ ကို ကြည့်ခြင်းအားဖြင့် အသားတင်အမြတ်က ၂,၅၀၀,၀၀၀ ဝန်းကျင် ရှိရမယ်။”
"အဲ့ဒီဂဏန်းတွေက သေချာပေါက် နောက် ၂ လအတွင်း ကျသွားမှာ ဆိုပေမယ့် ဒီတိုင်း ချက်ချင်း ထိုးကျသွားမှာတော့ မဟုတ်ဘူး။”
"နောက်ထပ် စာရင်းရှင်းဖို့က ၃ လကြာမှ ဖြစ်လိမ့်မယ်။”
"ပိုပိုလိုလို ခန့်မှန်းရရင် အသားတင် အမြတ်ငွေက သေချာပေါက် ၆,၀၀၀,၀၀၀ ဒါမှမဟုတ် အဲ့ဝန်းကျင်ရှိနိုင်တယ်။”
"လခွမ်း ငါဘာတွေ လုပ်လိုက်မိတာပဲ။”
"ငါ ဘာမှ မလုပ်ရင် အလဲအထပ်လုပ်လိုက်တဲ့ အမြတ်က ၆၀,၀၀၀ လောက်ရှိမှာ။ ဒါပေမယ့် အကုန်လုံးကို ဆုံးရှုံးလိုက်ရရင် ငါ့ကိုယ်ပိုင်စည်းစိမ်က ယွမ် ၅၀၀,၀၀၀ တောင်ရှိမှာ..."
"ကျွတ် တော်တောာ် ကွာလွန်းတယ်မလား။”
"ဒါဆိုရင် ဆိုလိုရင်းက ၃ လအတွင်း ငါ ၆,၀၀၀,၀၀၀ အရှုံးပေါ်အောင် လုပ်ရမှာပဲ။”
"စဥ်းစား စဥ်းစားစမ်း ဒီလောက် များတဲ့ ပိုက်ဆံကို ငါဘယ်မှာသုံးလို့ရနိုင်မလဲ။”
"၁ စတုရန်းမီတာကို တစ်ရက် ၅ ယွမ်နဲ့ စျေးအကြီးဆုံး ရုံးခန်းနေရာကို ငှားမယ်ဆိုရင်တောာင် မီတာ ၃,၀၀၀ နေရာက တစ်လကို ၄၅၀,၀၀၀ ပေးရလိမ့်မယ်။”
"ဝန်ထမ်း ၃၀ ကို တစ်လ ၅,၀၀၀ ပေး... မဟုတ်သေးဘူး။ တစ်လ ၇,၀၀၀ ပေးရင် ၂၁၀,၀၀၀ ဖြစ်သွားမယ်။”
"မီးကို ရေခွက်တစ်ခွက်လောက်နဲ့ ငြှိမ်းဖို့ ငါကြိုးစားနေတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်။”
"လူတွေက ကုမ္ပဏီတစ်ခုဖွင့်တဲ့အခါ ဒီလောက် ကုန်ကျစရိတ်ကို အရမ်းမြင့်တယ်လို့ ထင်နေပေမယ့် ငါကတော့ စျေးပေါလွန်းတယ်လို့ ထင်နေတယ်ဟ။”
"အကယ်၍များ ကုမ္ပဏီအတွက် စျေးအကြီးဆုံး ပစ္စည်းတွေကိုပဲ သုံးမယ်ဆိုရင်ကော။ အဲ့တာဆို အနည်းဆုံး ၁,၀၀၀,၀၀၀ လောက်ဖြုန်းဖို့ ကူညီပေးနိုင်မှာပဲမဟုတ်လား"။
"ဟုတ်တယ်... အဲ့တာ ပိုက်ဆံဖြုန်းတီးဖို့ အမြန်ဆုံးနည်းလမ်းပဲ"။
"ဒါပေမယ့်... ရုံးနေရာတစ်ခုရှာဖို့၊ ဝန်ထမ်း ငှားဖို့နဲ့ ကိရိယာတွေ ဝယ်ဖို့က တော်တော် ဒုက္ခများလိမ့်မယ်။ အဲ့တာတွေ တစ်ခုမှ ငါအရင်က မလုပ်ဖူးဘူး။”
"ထားလိုက်ပါ၊ ဖြည်းဖြည်းချင်း စဥ်းစား ကြည့်ကြတာပေါ့။”
ဝန်ထမ်းငှားပြီး ရုံးနေရာတစ်ခု ရှာဖို့အတွေးက ဖေးချမ့်ကို အတော်လေး ခေါင်းကိုက်သွားစေခဲ့ပါသည်။
အရင်ဘဝတုန်းက ဒီလိုအရာများကို မကျွမ်းသောကြောင့် သို့မဟုတ် သဘောလည်း မကျသောကြောင့် တစ်ခုမှမလုပ်ခဲ့ဖူးပါ။
အကုန်လုံးက ခက်ခဲလွန်းပါသည်။
သို့သော်လည်း ပိုက်ဆံဖြုန်းဖို့အတွက် ဒါက အလျင်မြန်ဆုံးနည်းလမ်းပဲဆိုတာ ရှင်းနေပါပြီ။
ထို့နောက် ဒီကိစ္စကို အရင်ဆုံး ဘေးဖယ်ထားပြီး နောက်တစ်နေ့ ကိစ္စအတွက် အရင်ဆုံး စဥ်းစားကြည့်လေသည်။
...
အဆောင်သို့ ပြန်ရောက်သောအခါ။
"ယောက်ဖချမ့် ဂိမ်းက နာမည်ကြီးနေပြီကွ ငါတို့ အပြင်ထွက်ပြီး အောင်ပွဲခံ စားသောက်ပွဲ ကျင်းပကြမလား။"
မာယန်၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
"အောင်မယ်လေး...."
မာယန််အား တစ်ယောက်ကို ယွမ် ၅၀ ကျော်ကျသော ဘူဖေးကျွေးမည်ဟု ကတိပေးထားခဲ့သည်ကို ဖေးချမ့် ပြန်မှတ်မိသွားပါသည်။
"ဟုတ်ပြီ သွာကြစို့။”
သူ့လက်ထဲတွင် ၃၀၀,၀၀၀ မရှိသော်လည်း အနည်းဆုံး ယွမ် ၂,၀၀၀ တော့ရှိနေပါသည်။
လစာ ယွမ် ၂,၀၀၀ လောက်နှင့် စားသောက်ဖို့ကို ယွမ် ၁၀၀ လောက် သုံးဖို့က မလွန်လောက်ပါ...
သို့သော်လည်း ဖေးချမ့် သူ့စိတ်အခြေအနေကို လုံးဝ မြှင့်တင်လို့ မရခဲ့ပါဘူး။
ကျောင်း၏ တောင်ဘက်တွင် တစ်ယောက်ကို ၅၈ ယွမ် ကျသင့်သော ဘူဖေး စားသောက်ဆိုင်ကောင်း တစ်ဆိုင် ဖွင့်ထားသည်။ ၂၀၀၉ ခုနှစ်က ကျောင်းသားများအတွက် ထိုနေရာမှာ စားသုံးဖို့ အလွန် အဆင့်မြင့်သော နေရာဟု သတ်မှတ်ထားသည်။
ဖေးချမ့်က ထိုင်ခုံတွင် ထိုင်ကာ မာယန်တစ်ယောက် ကိတ်မုန့်ပန်းကန်များကို အထပ်လိုက် စားရင်း အားရပါးရ သောက်စားနေသည်ကို စိတ်မပါလက်မပါနှင့် ကြည့်နေပါသည်။
ဘူဖေးအတွက် အသားကင်အား စားသုံးသူ အရေအတွက်ပေါ် မူတည်ပြီး ကန့်သတ်ထားသည်။ သို့သောာ်လည်း ကိတ်မုန့်များ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကတော့ အကန့်အသတ် မရှိပေ။
မာယန်က အတော်လေး စားချင်သောက်ချင်စိတ်ဖြင့် ဝင်လာပုံရပါသည်။ သူပြန်ထွက်သွားသောအခါ ဗိုက်ပြည့်ဖို့ မျှော်လင့်နေပုံရ၏။
"ယောက်ဖချမ့် ဘာလို့ မင်းစိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ငါခံစားနေမိပါလိမ့်။”
"ဟုတ်သားပဲ။ မင်းရဲ့ ဒုတိယမျိုးဆက် သူဌေးသား သရုပ်မှန် ပေါ်သွားပြီပဲ။”
"ဒီဂိမ်းကြောင့် မင်းအနည်းဆုံး သိန်းချီပြီး ရလိုက်တယ်မလား။ ဘာလို့ စိတ်မသက်သာဖြစ်နေတဲ့ပုံပေါက်နေတာလဲ။ မဟုတ်မှလွဲရော မင်း ဒီ့ထက်ပိုမြင့်မားဖို့ မျှော်လင့်ထားလို့လား။”
"ပြီးတော့လည်း ဒီလောက်အရသာရှိတဲ့ အစားအသောက်တွေကို စိတ်တောင်မဝင်စားဘူး။”
မာယန်က စကားပင်သေသေချာချာ မပြောနိုင်ဘဲ ဝူးဝူးဝါးဝါး မေးလိုက်ပါသည်။
အစားအစာများကို ကြည့်လိုက်ရင်း ဖေးချမ့်က အသားတချို့ကို ယူကာ စားလိုက်သည်။ နောက်ဆုံးတော့လည််း ဘာအရသာမှ မရှိပါဘူး။
သူက အရင်ဘဝတုန်းက သာမန် လစာဝန်ထမ်း တစ်ယောက်သာဖြစ်သော်လည်း ပေကျင်းမြို့တွင် အဆင့်မြင့် ဘူဖေးများ စားသောက်ခဲ့ရါပသည်။ ထို့ကြောင့် ဒီတန်ဖိုးနည်း ဘူဖေးများက သူ့အတွက် ဘာမှ မခံစားရပါ။
ပိုအရေးကြီးတာက သူ့စိတ်အခြေအနေ မကောင်းသဖြင့် ဘယ်အရာကမှ ထူးထူးခြားခြား အရသာ ရှိမနေပေ။
သူပိုက်ဆံဖြုန်းချင်တယ် အဲ့လို ဖြုန်းတီးဖို့ အကောင်းဆုံး နည်းလမ်းက ဘာလဲ။
ထိုအချိန်တွင် ဖေးချမ့်က မာယန်ကို မနာလို ဖြစ်မိပါသည်။
ဒီဘာမှ နားမလည်တဲ့ ငတုံးက ကိန်းဂဏန်းတွေအကြောင်း ဘာမှ နားမလည်ပါ။
ဖေးချမ့်၏ အမြတ်ရသည့်ပုံစံကို နားမလည်သဖြင့် ဖေးယန် ယွမ်သိန်းချီပြီး ရလိမ့်မည်ဟု ထင်ထာားခဲ့သည်။
တကယ်တော့ တစ်ပတ်လုံးတွင် ဖေးချမ့် ယွမ် ၅၀၀,၀၀၀ ရခဲ့ပါသည်။
သို့သော် ထိုငွေထဲက တစ်ပြားတစ်ချပ်ကိုမှ မသုံးနိုင်ခဲ့တာတော့ နှမြောဖို့ ကောင်းပါသည်။
"သြော် ဘာမှမဟုတ်ပါဘူးကွာ။ အရင်ရက်တွေမှာ ဂိမ်းအတွက် အလုပ်လုပ်ရတော့ ပင်ပန်းပြီး အနားယူဖို့ လိုနေလို့ပါ။”
"ဘာပဲဖြစ်ဖြစ် ကုမ္ပဏီတစ်ခုထောင်တယ်ဆိုတာ အရမ်းပင်ပန်းရတဲ့ ကိစ္စပဲမဟုတ်လား။”
ဖေးချမ့်က သာမန်အတိုင်း ပြန်ဖြေလိုက်ပါသည်။
"ယောက်ဖချမ့်။ အဲ့တာတော့ ငါမင်းကို ဆုံးမရမယ့် ကိစ္စဖြစ်သွားပြီ။”
မာယန်က နောက်ထပ် ကိတ်မုန့်တစ်ခုကို ပါးစပ်ထဲ ထိုးထည့်လိုက်ပါသည်။ "မင်းက အနည်းဆုံး ကုမ္ပဏီတစ်ခုရဲ့ ဘော့စ်လေကွာ။ ဘာလို့ မင်းခန္ဓာကိုယ်ကို ဂရုမစိုက်ရတာလဲ။ မင်းတစ်ယောက်တည်း အကုန်လုံးကို လိုက်လုပ်နေလို့ မဖြစ်တော့ပါဘူးကွာ။ လက်ထောက်လေး တစ်ယောက်ငှားပြီး အလုပ်အားလုံးကို သူ့ဆီ အပ်ထားလိုက်။ အဲ့တာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”
"လက်ထောက် ငှားရမယ်ဟုတ်လား" ဖေးချမ့် ခေတ္တ ကြက်သေသေသွားပါသည်။
မာယန်က ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်။ လက်ထောက်ငှားလိုက်။ တီဗီတွေထဲမှာ အမြဲ အဲ့လိုပဲ မဟုတ်ဘူးလား။ အရမ်းအာဏာကြီးတဲ့ ဘော့စ်တစ်ယောက်က ဇိမ်ခံကားကြီးစီးပြီး ကောင်မလေးတွေပဲ ပတ်တင်နေတာ။ သူ့အလုပ်ကျတော့ ဘာမှမလုပ်ဘဲ သူ့လက်ထောက်ဆီပဲ ပုံအပ်ထားတာ မဟုတ်ဘူးလား။ ဆိုရိုးစကား မကြားဖူးဘူးလား... အလုပ်အကုန်လုံးကို လက်ထောက်ပဲ လုပ်ရတယ်ဆိုတာလေ... အဲ့တာပုံမှန်ပဲ..."
"ဟာ မာကြီး မင်းကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲကွာ။ ဟုတ်တယ်၊ ငါလက်ထောက် လိုနေတာပဲ။ ပြီးတော့ အရမ်း အစွမ်းအစရှိတဲ့ ပရော်ဖက်ရှင်နယ် လက်ထောက် ဖြစ်ရမယ်။”
ဖေးချမ့် စိတ်အားတက်ကြွသွားခဲ့သည်။
အမှန်ပင်။ ဖေးချမ့် တွေးလိုက်တာက မာယန် ပြောလိုက်တာနဲ့ လုံးဝ ခြားနားပါသည်။
မာယန်က တီဗီစီးရီးများထဲမှ ဘော့စ်များက သူတို့နဲ့အတူ လက်ထောက် အမြဲတမ်း ရှိနေတတ်သည်ဟု ထင်သဖြင့် သူအကြံပေးလိုက်ခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့်ရဲ့ အတွေးကတော့ ပိုက်ဆံအရှုံးပေါ်အောင်လုပ်မည့် သူ့တာဝန်များကို ထိုလက်ထောက်ထံသို့ ပုံပေးဖို့ဖြစ်သည်။ ဥပမာ ရုံးခန်းတည်နေရာ ငှားရမ်းခြင်း၊ ဝန်ထမ်း ပိုမို ခန့်အပ်ခြင်းနှင့် အဆင့်မြင့် ရုံးတွင်းကိရိယာများ ဝယ်ယူခြင်းတို့ ဖြစ်ပါသည်။
...
...
နောက်တစ်နေ့ နေ့လည်ခင်းတွင်။
ဖေးချမ့်က Exxon အလုပ်သမား စုဆောင်းရေး၏ ကျင်းကျိုးမြို့ ဌာနခွဲမှ ကတ်စတမ်မာ ဝန်ဆောင်မှု စင်တာတွင် ထိုင်ကာ လက်ဘက်ရည်သောက်ရင်း အတိုင်ပင်ခံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။
စင်တာထဲတွင် အလုပ်သမားစုဆောင်းရေး တိုင်ပင်ခံများစွာ ရှိပါသည်။ သို့သော် ဖေးချမ့်က အနည်းဆုံး ပြည်နယ်မန်နေဂျာအဆင့်နှင့် အထက်ရှိသော အတွေ့အကြုံ အရှိဆုံး အတိုင်ပင်ခံကို လိုချင်သည်ဟု ပြောခဲ့ပါသည်။
ထို့ကြောင့်လည်း သူ တော်တော်ကြာအောင် စောင့်လိုက်ရပါသည်။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က အလျင်မလိုပါ။
သူ လက်ထောက်တစ်ယောက် ငှားချင်သည်ဟု မကြာသေးခင်က ဆုံးဖြတ်ချက်ချခဲ့သည်။
တကယ်တော့ လက်ထောက်တစ်ယောက် ငှားဖို့အတွက် ရွေးချယ်ခွင့်များစွာ ရှိခဲ့ပါသည်။
ဥပမာအားဖြင့် အွန်လိုင်းပေါ်တွင် အလုပ်နေရာအတွက် ကြေညာရင်း အင်တာဗျူးတစ်ခု စီစဥ်နိုင်သည်။ သို့မဟုတ် ကျောင်းက လူတချို့ကို ရှာနိုင်သည်။
သို့သော်လည်း ထိုအချက်များက တစ်ခုမှ ဖေးချမ့်၏ လိုအပ်ချက်နှင့် မကိုက်ညီပါ။
တစ်ခုက နှေးကွေးနိုင်ပြီး တစ်ခုက အလွန် အဆင့်နိမ့်လွန်းပါသည်။
ဖေးချမ့်ကိုယ်တိုင် သူတို့ကို အင်တာဗျူးရလျှင် အလွန်ဒုက္ခများနိုင်ပြီး အွန်လိုင်းပေါ်တွင် ပြိုင်ဘက်ကင်း လက်ထောက်များကို ငှားရမ်းနိုင်ဖို့ကလည်း အလွန်ခက်ခဲလွန်းပါသည်။
ဖေးချမ့် ငှားချင်သည့် လူက စီးပွားရေးလောကထဲတွင် လက်ရွေးစင်တစ်ယောက် ဖြစ်ပြီး ကိုယ်တိုင် ကိုင်တွယ်နိုင်မည့် လူမျိုး ဖြစ်သည်။ အကောင်းဆုံးကတော့ ထိုလူက သူလိုချင်သမျှ အရာအားလုံးကို နားလည်ကာ သူ့ထံမှ အမိန့်တစ်ခုတည်းနဲ့ အလွန်လျှင်မြန်စွာ ပြီးဆုံးအောင် လုပ်နိုင်မည့်လူမျိုးဖြစ်သည်။
သေချာ စဥ်းစားပြီးကာမှ ဖေးချမ့်က အလုပ်သမားစုဆောင်းရေး အဖွဲ့အစည်းတစ်ခုထံသွားတာက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
အမှန်ပင်။ အားနည်းချက်ကတော့ သူပိုက်ဆံ သုံးရမည်ဖြစ်သည်။
သို့သော်လည်း သူက စနစ်ရန်ပုံငွေဖြင့် သုံးရမည်ဖြစ်သည်။ ဒါက ဖေးချမ့်၏ ဆန္ဒနှင့် ကိုက်ညီနေပါသည်။
စောင့်ဆိုင်းရင်း ပျင်းရိလာသဖြင့် ဖေးချမ့်က ဖုန်းကို ဖွင့်ကာ အင်တာနက်ထဲ ဝင်ကြည့်လိုက်သည်။
Portal ဝက်ဘ်ဆိုက်တစ်ခု၏ ဂိမ်းအပိုင်းတွင် Review တစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရပါသ်ည။
သဘောထားမြင့်မြတ်သည့် ဂိမ်းမှတစ်ဆင့် မိုဘိုင်းဂိမ်းများ၏ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုခြင်း၊ တစ္ဆေစစ်သူကြီး။